ခါကြက်ဥ (သို့မဟုတ်) မုန်လာဥနီ စိုက်ပျိုးခြင်း

.

ခါကြက်ဥလို့ခေါ်တဲ့ မုန်လာဥနီမှာ လူကို အကျိုးပြုတဲ့ ဗိုက်တာမင်အေ ဗိုက်တာမင်စီ ဗိုက်တာမင်အီး စတဲ့ ဗိုက်တာမင်တွေအပြင် အမျှင်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တို့လို အဟာရဓာတ် များစွာလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် ခါကြက်ဥဟာ ကျန်းမာရေးအတွက်သာ မကပါဘူး အလှအပရေးရာ အတွက်ပါ အထူးကောင်းမွန်တဲ့ စိုက်ပျိုးရေး ထုတ်ကုန်အဖြစ် လူသိများလှပါတယ်။

မုန်လာဥနီရဲ့ မူရင်းဒေသတွေဟာ ဧဝရက်တောင်တန်း၊ ဥရောပတိုက်၊ မြေထဲပင်လယ်ဒေသနဲ့ အာဖရိကတိုက် မြောက်ပိုင်းဒေသတို့ ဖြစ်တယ်လို့ မှတ်သားရပါတယ်။ ဥရောပမျိုးတွေကတော့ အရောင်အသွေး၊ ပုံသဏ္ဍာန်နဲ့ အထွက်နှုန်းတွေ ကောင်းလှပါတယ်။ အရှေ့တောင်အာရှဘက်မှာ စိုက်ပျိုးတဲ့မျိုးတွေကတော့ အထွက်နှုန်းနည်းပြီးတော့ ဥလည်း သေးတယ်လို့ သိရပါတယ်။ ခါကြက်ဥကို အပွင့်ပွင့်နှုန်းသေးတဲ့ ဆောင်းရာသီတွေမှာ စိုက်ပျိုးဖို့ သင့်တော်ပါတယ်။ ဒါ့အပြင် ခါကြက်ဥဟာ အအေးကြိုက်သီးနှံ့လည်း ဖြစ်နေပါတယ်။ ဒါကြောင့် အအေးပိုင်း ဒေသတွေဟာ ခါကြက်ဥ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပါ။ အပူချိန်များတဲ့ ဒေသတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ဥအရွယ် ပုတိုပြီး အရည်မရွှမ်းတော့ဘူးလို့ သိရပါတယ်။ အစိုဓာတ်လွန်ကဲရင်လည်း ဥတွေ ပုတ်တတ်ပါတယ်။

မုန်လာဥနီ စိုက်ပျိုးဖို့အတွက် အကောင်းဆုံး မြေအမျိုးအစားကတော့ မြေဆွေးဓာတ် ပါဝင်တဲ့ သဲနှုန်းမြေတွေပဲ ဖြစ်ပါတယ်။ ဒီမြေမျိုးမှာ စိုက်ပျိုးမယ်ဆိုရင် ဥအရည်အသွေးနဲ့ ဥထွက်နှုန်း ကောင်းပါတယ်။ မုန်လာဥနီဟာ မြေထဲမှာ ကြီးထွားရတဲ့ အပင်ဖြစ်တာကြောင့် မြေသား ထူထူပွပွ ဖြစ်ဖို့ကလည်း အရေးကြီးလို့ နေပါသေးတယ်။

မုန်လာဥနီ စိုက်ပျိုးချိန်တွေကိုတော့ အကြမ်းအားဖြင့် မြေပြန့်ဒေသတွေမှာ စက်တင်ဘာ လဆန်း ကနေ နိုဝင်ဘာ လလယ် လောက်ထိ တောင်ပေါ်ဒေသ တွေမှာတော့ ဖေဖော်ဝါရီ လဆန်း ကနေ မတ်လလယ်အထိ စိုက်ပျိုးကြပါတယ်။ ပြင်ဦးလွင်ဘက်မှာ စိုက်ပျိုးကြတဲ့ မုန်လာဥနီမျိုးတွေကတော့ ဒေသမျိုးတွေ ရှိကြသလို ယိုးဒယားဘက်ကနေ တင်သွင်းတဲ့ ဒေသအခေါ် ဗူးမျိုးတွေကိုလည်း စိုက်ပျိုးကြပါတယ်။ ခါကြက်ဥ ဒေသမျိုးတွေ စိုက်ပျိုးဖို့အတွက် အခင်းမှာပဲ မျိုးတွေကို ထားတတ်ကြပါတယ်။ အချိန်တန်ရင်တော့ ကိုယ့်မျိုးနဲ့ကိုယ် စိုက်ပျိုးကြတာပါ။

ဒေသမျိုးက ၁၂ ရာသီ စိုက်ပျိုးလို့ရပြီး အကြမ်းလည်းခံပါတယ်။ ဗူးမျိုးကတော့ ဥအနည်းငယ် ချောပြီးတော့ ပုတိုတို အနေအထား ရှိပါတယ်။ ဒေသမျိုးကတော့ ရှည်သွယ်ပြီးတော့ အမွှေးအမျှင်လည်း နည်းပါတယ်။

ခါကြက်ပင်ရဲ့ အမြစ်တွေ မြေပေါ်ကို ပေါ်လာရင်တော့ ခါကြက်ဥဟာ အစိမ်းရောင်ကို ပြောင်းသွားပြီးတော့ အနံ့လည်းမကောင်းတော့ပါဘူး။ ဒါကြောင့် ခါကြက်ဥတွေ မြေမျက်နှာပြင်အပေါ် ပေါ်မနေဖို့က အရေးကြီးတဲ့အချက် ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ခါကြက်ပင်ဟာ ရေငတ်တဲ့ဒဏ်ကို ခံနိုင်ရည်မရှိတဲ့အတွက် အညှောင့်ပေါက်တဲ့အချိန်မှာ မြေဆီလွှာ အစိုဓာတ် ပုံမှန်ရနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေပေးသွင်းဖို့ လိုအပ်နေပါတယ်။ အပင် ရင့်လာမယ်ဆိုရင်တော့ ရေဖြတ်ပေးဖို့ လိုပါတယ်။ ဥဥချိန်မှာ ရေမဝပ်စေဖို့က အရေးကြီးနေပါသေးတယ်။

ခါကျက်ပင်စိုက်ပြီး တစ်လခွဲလောက် ဥကြီးထွားတဲ့အချိန်မှာတော့ ပဲဖတ်၊ မြက်၊ သစ်ရွက် စတာ တွေကို ပြာချပြီးတော့ ကျွေးပေးရမှာပါ။ အပင်အမြင့် သုံးလက်မလောက် ရောက်လာမယ် ဆိုရင်တော့ ပင်ကြပ်တွေကို တစ်ကြိမ် နှုတ်ပေးရပါတယ်။ ငါးလက်မလောက် ရောက်လာပြီဆိုရင် ဒုတိယအကြိမ် ပင်ကြပ်တွေကို ထပ်ပြီးတော့ နှုတ်ပေးမယ်ဆိုရင်တော့ ခါကြက်ဥ အလုံးချောချောလေးတွေကို ရမှာဖြစ်ပါတယ်။

 ပြင်ဦးလွင် နယ်ဘက်မှာတော့ ခါကြက်ဥကို မိရိုးဖလာ နည်းအတိုင်း ဒေသမျိုးတွေကို စိုက်ပျိုးကြတာ ရှိသလို ယိုးဒယား ဘက်ကနေ တင်သွင်းလာတဲ့ ဗူးမျိုးတွေကိုလည်း စိုက်ပျိုးကြသူ တွေရှိပါတယ်။ သူ့အားသာချက်နဲ့သူ ကိုယ့်အကြိုက်နဲ့ကိုယ် စိုက်ပျိုးကြတာလည်း ဖြစ်ပါတယ်။

ဗူးမျိုးနဲ့စိုက်တဲ့ ခါကြက်ဥအကြောင်းကို သိရအောင် ပြင်ဦးလွင်ဘက်ကို သွားခဲ့ပါသေးတယ်။ ဒီမှာတော့ တောင်သူ ဦးစိုးဝင်းက ဗူးမျိုးနဲ့ ခါကြက်ကို စိုက်ပျိုးထားတာပါ။ ရေလည်းရေဖျန်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ ခါကြက်ခင်းတွေလည်း ဖြစ်ပါတယ်။ စိုက်ပျိုးထားတာဟာ သုံးလနီးပါး ရှိနေပြီးတော့ နောက်လလောက်ဆိုရင် ဥတွေကို တူးရတော့မှာပါ။ မျိုးကို မြေသြဇာဖိုး အလုပ်သမားစရိတ် စတာ တွေကို အားလုံးပေါင်းရင်တော့ မျိုးဗူးတစ်ဗူးစာအတွက် စိုက်ပျိုးကုန်ကျစရိတ်ဟာ တစ်သိန်းခွဲ လောက် ရှိနေပါတယ်။ ခါကြက်ဥပေါ်လို့ ပြန်ရောင်းရရင်တော့ ငွေကျပ် သုံးသိန်းခန့် ပြန်ရရှိနိုင်တယ်လို့ သိရပါတယ်ရှင်။ ဈေးကောင်းများ ရရှိရင်တော့ ငွေကျပ် လေးသိန်းကနေ ငါးသိန်းအထိ ရရှိတယ်လို့ သိရပါတယ်။

ခါကြက်ခင်း မိရိုးဖလာ စိုက်ခင်းတွေက သဘာဝအတိုင်း စိုက်ပျိုးတာဖြစ်လို့ စားသုံးသူတွေအတွက် ကောင်းမွန်ပေမယ့် ဈေးကွက်အကြိုက် ရရှိဖို့ အခွင့်အရေးကတော့ နည်းပါးပါတယ်။ ခါကြက်ခင်းတွေမှာ ပင်ကြပ်တွေကို နှုတ်ပေးတာက ခါကြပ်ဥ လှလှတွေ ရရှိဖို့အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။