အကောင်းမြင် မောင်မှန်

အကောင်းမြင် မောင်မှန်

မရောက်တာကြာပြီဖြစ်တဲ့ ကြီးတော်ကြီးတစ်ယောက်အိမ် မောင်မှန်အလည်ရောက်တော့ ကြီးတော်ကြီးက ဆီးပြောတယ်။ မင်းမလဲကွယ်၊ အဆိုးမြင်တွေ များနေလိုက်တာ၊ ကောင်းတာလေး တွေ ရှာကြံရေးပါဦးတဲ့။ ကြီးတော်ကြီးက မောင်မှန့် စာဖတ် ပရိသတ်ဆိုတော့ မောင်မှန်ကို ဝေဖန်ရေး ပေးတာ လက်ခံကြိုဆိုရမှာပါ။ ပြန်စဉ်းစားကြည့်မိတော့လည်း ဟုတ်ပါတယ်။

မကောင်းမြင်၊ မကောင်း တွေး၊ မကောင်းကြံ၊ မကောင်းပြော၊ မကောင်းရေးတွေ အတော်များနေတာပဲ။ အတော်ကို မကောင်း တဲ့ မောင်မှန်ပဲဆိုတာ ပြန်လည်ရှာဖွေတွေ့ရှိ သွားပါတယ်။

ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ မောင်မှန်ဟာ ဘယ်လိုအရာတွေကို မကောင်းမြင်၊ မကောင်း ရေးသလဲ ဆိုတာလေးကိုတော့ အာရုံထားပေးစေလိုပါတယ်။ ဒါ ကြီးတော်ကြီး ပြောတာကို ချေဖျက်နေတာလည်း မဟုတ် ပါဘူး။

လက်ခံပါတယ်။ ကောင်းတာတွေလည်း မရှိတာမဟုတ်။ အများကြီး ရှိပါတယ်။ အများကြီးရှိတာတွေ ထဲကမှမောင်မှန်မြင် သလောက်ကို အခုရေးကြည့် သွားပါတယ် ခင်ဗျာ။

ပထမဆုံး အကောင်းကို ပြောရရင် မကောင်းမြင်၊ မကောင်းရေးတွေကို ရေးသားပုံနှိပ်ဖော်ပြခွင့် ရနေတာ ပါပဲ။ အရင်ကဆို ဒီလို ဘယ်ဟုတ်မလဲ။ အများသိပြီးသားပါ။ ကလောင်လည်း ရိုက်ချိုး၊ လူကိုလည်း ကျောင်းတော် ကြီးကို ပို့ပြီး ဘွဲ့လွန်သင်တန်း တက်စေမှာ ဖြစ်ပါတယ်။ အခုတော့ ခွင့်ပြုထားပါသေးတယ်။

(နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဖြစ်မှာပေါ့) ခုံးကျော် တံတားတွေဆောက်တာနဲ့ ပတ်သက်လို့တော်တော် များများက မကောင်းမြင် ကြတယ်။ မောင်မှန်က ဒီလို မမြင်ဘူး။ မကောင်းမြင်သူတွေက ခုံးကျော်တွေ ဆောက်ပေမယ့် ယာဉ်ကြော ပိတ်ဆို့မှုက ပြေလည်မသွားဘူးလို့ ဆိုကြပါတယ်။ ဟုတ်တယ်လေ၊ အကုန်လုံးတော့ ဘယ်ပြေလည်သွားပါ့မလဲ။ သက်သာ သွားတာပဲ ရှိမှာပေါ့။ တစ်ခုပဲ စဉ်းစားကြည့်၊ အရင်က မီးပွိုင့်မှာ စောင့်နေရတဲ့ကားတွေဟာ အခုတံတားပေါ်က သွားနေပြီလေ။ မစောင့်ရတော့ဘူး။ နောက်တစ်နေရာ မှာ ပိတ်နေသေးတယ်ဆို နောက်ထပ် တံတားတစ်စင်း ဆောက်ဖို့ ကြိုးစားပေါ့။ သူများနိုင်ငံတွေမှာဆို မိုးပျံတံတားတွေဆိုတာ ပြည့်လို့။

မောင်မှန်ကြားဖူးတဲ့ ဟာသလား၊ တကယ်လား မသိတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ် ရှိတယ်။ အဲဒီထဲကလို ဖြစ်နေရင်တော့ မကောင်းဘူးပေါ့။ တင်ပြလိုက်ပါရစေ။ တစ်ခါက နိုင်ငံ နှစ်နိုင်ငံ ဝန်နှစ်ပါး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် လည်ပတ်ကြ ပါသတဲ့။ A နိုင်ငံနဲ့ B နိုင်ငံ ဆိုပါစို့။ A ဝန်က B ဝန်ဆီသွားလည်တယ်။ B ဝန်ရဲ့ အိမ်က မြစ်ကမ်းနံဘေးမှာ အိမ်ပြတင်းက ကြည့်လိုက်ရင် မြစ်ပြင်ကို စီးမြင်နေရတယ်။ အိမ်ကြီးကလည်း အတော်ကောင်း တယ်။ A ဝန်က အိမ်ကြီးကကောင်းလှချည် လားလို့ B ဝန်ကို မေးရော။ B ဝန်က အိမ်ပြတင်းကနေ မြစ်ပြင်ပေါ်က တံတားတစ်စင်း ကို လက်ညှိုးထိုးပြပြီး အဲဒါကြောင့်တဲ့။

နောက်တစ်နှစ်လောက် ကြာတော့ A ဝန်က B ဝန်ဆီ သွားပြန်ရော။ အိမ်ကြီးက ပိုကောင်းလာတယ်။ A ဝန်ကလည်း ထုံးစံ အတိုင်း မေးပြန်တာပေါ့၊  B ဝန်က မြစ်ပေါ်က နောက်ထပ်တံတားတစ်စင်းကို လက်ညှိုး ထိုးပြပြန်တယ်။ A ဝန် ကောင်းကောင်း သဘောပေါက်သွားတယ်။ သူ့နိုင်ငံ ပြန်သွားပြီး တစ်နှစ်လောက်ကြာတော့ B ဝန်ကို သူ့အိမ်ကို ပြန်ဖိတ်ပါတယ်။ A ဝန်ရဲ့ အိမ်က လည်း မြစ်ကမ်းနဖူးပေါ်မှာပါပဲ။ B ဝန် ရောက်လာတော့ အရမ်းကို အံ့သြဘနန်း ဖြစ်သွားတယ်။ ဘာလို့ဆို A ဝန်ရဲ့ အိမ်ဟာ B ဝန် အိမ်ထက် အဆမတန် ပိုမို ကောင်းမွန်ပြီး နန်းတော်ကြီးတမျှ ဖြစ်နေလို့ပါပဲ။ B ဝန်လည်း ဘယ်နေနိုင်မလဲ၊ မေးရတော့ တာပေါ့။ A ဝန်ကလည်း အိမ်ပြတင်းကနေ မြင်ရတဲ့ မြစ်ပြင်ကို လက်ညှိုးထိုးပြ ပါတယ်။ မြစ်ပေါ်မှာတော့ ဘာတံတားမှ ရှိမနေပါဘူးတဲ့။

မောင်မှန်တို့ ရန်ကုန်မှာလည်း ခုံးကျော်တံတားတစ်စင်းမှ မရှိတာ စာရင်တော့ နည်းနည်းပါးပါး ရှိတာ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ရေများရာ မိုးရွာ၊ ချမ်းသာပြီးရင်း ချမ်းသာ နေတဲ့ လူတန်းစားကတော့ တံတားက မရလည်း ကားက ရမှာပါပဲ။

နောက်ထပ်ကောင်းတာလေးလည်း လက်တို့ရဦးမယ်။ ဂျပန်နိုင်ငံ ကာကွယ်ရေး တက္ကသိုလ်မှာ မြန်မာ ဗိုလ်လောင်းတွေ တက်ရောက်သင်ကြားနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဂျပန်အစိုးရရဲ့အထူး သံတမန်တို့ ဆွေးနွေးကြ တဲ့သတင်းကို မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ကြည့်လိုက်ရတယ်။ မြန်မာ့တပ်မတော်ရဲ့ မူလဘူတဖြစ်တဲ့ နိပွန်တပ်မတော် ကြီးဆီကို နောက် တစ်ကြိမ် ပြန်လည်သွားရောက်ကြရတော့မယ်ပေါ့။ ကောင်းပါ တယ်။ လုပ်များလုပ်ဖြစ်ခဲ့ရင် ဒုတိယမ္ပိ နိပွန်- ဘိရုမာဘန်ဇိုင်းပေါ့။ ဂျပန်ကလည်း စစ်အင်အား တိုးချဲ့ရေးအတွက် ဖွဲ့စည်းပုံ ပြင်ထားတာ ဘာမှ မကြာသေးဘူးဆိုတော့ ဘန်ဇိုင်းသထက် ဘန်ဇိုင်းပေါ့။

ရှင်ဇိုအာဘေးဆိုတာကလည်း သိတဲ့အတိုင်း၊ တရုတ်တွေ ကိုရီးယားတွေ မကြိုက်ပါဘူးဆိုမှ ဟိုသချိုၤင်း သွားလား သွားရဲ့။ ဒုတိယ ကမ္ဘာအတွင်း ဖက်ဆစ်လုပ်ရပ်တွေကပဲ မှန်သလိုလို ဆိုလား ဆိုရဲ့၊ ကမ္ဘာကြီးက ခေတ်သစ်ကမ္ဘာကြီး ဆိုတော့ ဒီတစ်ချီမှာတော့ ရေနွေးပူတွေ၊ လက်သဲခွံ ခွာတာတွေ၊ ကိုယ့်ကျင်း ကိုယ်တူးပြီး ခေါင်းဖြတ် အသတ်ခံရတာတွေရောက် မလာလောက် တော့ဘူးလို့တော့ မောင်မှန် အောက်မေ့တာပဲ။ ကောင်းပါ တယ်၊ ကောင်းပါတယ်။ ဘယ်နိုင်ငံက ဘာအကူ အညီရရ ကောင်းတာပါပဲ ခင်ဗျာ။ ယူသူလေး ပေးသူပေါ့ မဖြစ်ဖို့သာ လိုတာပါ။

ဆရာတော် အရှင်ဉာဏိဿရ ဟောကြားချီးမြှင့်တော်မူတဲ့ တရား တစ်ပုဒ်ထဲမှာ အထက်က ဆိုခဲ့တဲ့ ယူသူလေး၊ ပေးသူပေါ့ ကိစ္စလေးလည်း ပြန်လည်ဖောက်သည်ချ ပါရစေဦး။ ဗမာအစိုးရက ရဟန်းသံဃာတွေကို ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်လှူဒါန်းပွဲ လုပ်တဲ့အခါမှာ ဂျပန်က ရဟန်းတစ်ပါးကိုလည်း ဘွဲ့တံဆိပ်တော် လက်ခံ တော်မူဖို့ ဗမာပြန်ကို ပင့်ဖိတ်ပါတယ်။

ဂျပန်ရဟန်း ဘွဲ့တံဆိပ်တော်များ အလှူခံပြီးတဲ့အခါ ဆရာတော် အရှင် ဉာဏိဿရကလည်း ထပ်ဆင့် ဂုဏ်ပြု ပူဇော်ပွဲ ကျင်းပပါ တယ်။ အဲဒီပွဲမှာ ဂျပန်ရဟန်းကို ဂုဏ်ပြုလှူဖွယ်ပစ္စည်းတွေ ဆရာတော် အရှင် ဉာဏိဿရက ထပ်မံဆက်ကပ်ပါတယ်။

လှူဖွယ်ပစ္စည်းတွေကို ဂျပန်ရဟန်းက စင်ပေါ်မှာ လက်ခံရ ယူတဲ့အခါ လှူဖွယ်တွေထဲ မှာကျောက်ဆင်းတုနှစ်ဆူ ၊ကြေးဆင်းတု တစ်ဆူလည်းပါတော့ အတော့်ကို လေးနေတော့တာပေါ့။ ကျေးဇူးတင်စကား ပြောကြားပေးဖို့ ဂျပန်ရဟန်းတော်ကို ပန်ကြား တဲ့အခါ ရဟန်းက တိုတိုတုတ်တုတ်ပဲ ပြောသွားပါသတဲ့။

ငါ့ရှင် ဉာဏိဿရ၊ ယူသူလေးပြီး ပေးသူပေါ့တယ်တဲ့။ ကောင်းလိုက်တဲ့ ကျေးဇူးတင်စကား၊ ဘယ်လောက်တောင် အနှစ်အသား ပါလိုက်သလဲ။ အခုလည်း မြန်မာ့တပ်မတော်နဲ့ ဂျပန် တပ်မတော် ဆက်ဆံရေးဟာ ယူသူလေး ပြီးပေးသူပေါ့ လည်းဖြစ်နေပါ ဦးမယ်။

ကောင်းတာတွေ ရေးနေတဲ့အထဲမှာ ဘယ်လိုမှ ချန်ထားလို့ မရတဲ့ကိစ္စ တစ်ခုက ရှိသေးတယ် ခင်ဗျ၊ သမ္မတကြီး မိန့်ခွန်းတွေပါ။ သမ္မတကြီးဖြစ်တဲ့ အချိန်ကစလို့ လစဉ်နဲ့ အလျဉ်းသင့်ရင် သင့်သလို မိန့်ခွန်းတွေ ပြောလာလိုက်တာ၊ မကောင်းတာ ဘာများ ပါခဲ့ဖူးပါသလဲ။ မိဘပြည်သူများ ခင်ဗျာ အစချီပြီး ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ဆိုသလို ကောင်းတာတွေချည်း ပြောပြောနေတာလည်း အသိအမှတ် ပြုရမှာပါပဲ၊ အကောင်းပြောရင် အကောင်းမြင်ရမှာပါပဲ။

သမ္မတကြီးရဲ့ ဇူလိုင် (၉) ရက် မိန့်ခွန်းမှာ သမ္မတကြီးက “ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲ နည်းလမ်းကသာလျှင် အဖြေမှန် ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဖော်ထုတ် ပြောကြားပြီး ဖြစ်ပါတယ်။ အခုလို လက်တွေ့ကျ တဲ့နိုင်ငံရေးရွေး ချယ်မှုတွေနဲ့အတူ ပြည်သူတွေကို လမ်းပြပေးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင် ကြီးမားမှုတွေ ကနိုင်ငံရေးတည်ငြိမ် မှုကို ဆောင်ကြဉ်းပေးနိုင်မှာလည်း ဖြစ်ပါတယ်” တဲ့။

ရွေးကောက်ပွဲသာ အခရာ၊ အရာရာကို ဆုံးဖြတ်နိုင်၏ ဆိုတဲ့လမ်းကြောင်းကို အစိုးရရော အတိုက်အခံ ပါတီဆို သူတွေပါတွေ့ရှိ သွားပြီး ဖြစ်တဲ့အတွက် မောင်မှန်တို့ ပြည်သူတွေရဲ့အနာဂတ် ခရီးလမ်းဟာ ကောင်းမွန် ဖြောင့်ဖြူးသွားပြီပေါ့ ခင်ဗျာ။

လက်တွေ့ကျတဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီး များရဲ့ အမြော်အမြင်ကြီးမားမှုကိုလည်း သမ္မတကြီးက မမေ့မလျော့ တခုတ်တရ အကောင်းမြင်စကား ပြောကြားသွားခဲ့ပါတယ်။ ဒါမှလည်း တည်တည် ငြိမ်ငြိမ်အေးအေး ချမ်းချမ်း သာသာယာယာ နဲ့ရွေးကောက် ပွဲကြီး ကျင်းပနိုင်မယ် မဟုတ်လား။ ကောင်းတာပါပဲ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆင်မပြေသေးတာလေးတွေတော့ လွှတ်တော်ထဲ နည်းနည်းပါးပါး ရှိတာပေါ့။ ဒါပေမဲ့ အဆင်မပြေသေး တာပါ။ အဆင်ပြေသွားမှာပါ။ တစ်နေ့တော့ ဖြစ်လာမှာပါ။ ကမ္ဘာကြီးမှာ ထာဝရတည်တန့် တဲ့အရာ ဘာများ ရှိလို့လဲ။

ဗုဒ္ဓရှင်တော်ကိုယ်တိုင်ဟောကြားထားခဲ့တာ မဟုတ်လား။ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာရော ဘာသားနဲ့ ထုထားတာ မှတ်လို့၊ ဖွဲ့စည်း ပုံပြင်ရေး အတွက်(တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့) မကြာမီ ကျင်းပ တော့မယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကြီးမှာ ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်ထဲ ပိုမိုရောက်ရှိရေး မောင်မှန်တို့ (သာတောင့်သာယာ) မဲပေးကြရမယ် ဆိုလည်းကောင်း တာပါပဲ ခင်ဗျာ။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags