ကိုယ်ချင်းစာတရားနဲ့ ကိုယ်ကျင့်တရား

ကိုယ်ချင်းစာတရားနဲ့ ကိုယ်ကျင့်တရား

မနေ့တနေ့ကအထိ ကျနော်တို့တိုင်းပြည်မှာ လူတွေ ကိုယ်ကျင့်သိက္ခာ ကျဆင်းလာနေတဲ့ကိစ္စ၊ ယဉ်ကျေးမှု အဆင့်အတန်းများ နိမ့်ဆင်းလာနေတဲ့ကိစ္စကို မဇ္ဈိမက ပြောခဲ့ပါတယ်။ ဒါကို အခြေခံမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်မှာ ကိုယ်ကျင့်သိက္ခာမဲ့သူတွေနဲ့ ယဉ်ကျေးမှုအဆင့်အတန်း မဲ့သူတွေ ချည်းပဲ အများစုဖြစ်နေပြီလားလို့ မေးစရာ ရှိလာပါတယ်။ အဲသလိုလည်း မဟုတ်ပါဘူးလို့ အဖြေပေးလိုပါတယ်။

လက်ရှိ ကျနော်တို့တိုင်းပြည်မှာ လူတွေ လေးစားစံထားရလောက်အောင်နဲ့ ကိုယ်ကျင့်သိက္ခာ ခိုင်မာအားကောင်းတဲ့ လူပုဂ္ဂိုလ်များလည်း မနည်းလှပါဘူးလို့ ဦးစွာ ပြောလိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက Myanmer Now သတင်းဌာန၊ သတင်းထောက်ချုပ် ဦးဆွေဝင်းရဲ့ အင်းဝအပ်ချုပ်ဆိုင်သတင်း ဖော်ထုတ်မှုဟာ တနိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ သုံးလကျော် ဖုံးကွယ်ထားခြင်းခံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကြီးတစ်ခုကို သတ္တိရှိရှိ ဖေါ်ထုတ်ဖွင့်ချခဲ့တဲ့သတင်းပါ။ ဦးဆွေဝင်းဟာ အဲဒီ အင်းဝအပ်ချုပ်ဆိုင်က အရွယ်မရောက်သေးတဲ့ အိမ်အကူ ကလေးငယ်နှစ်ဦးကို ဆိုင်ပိုင်ရှင်မိသားစုက ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပမ်းမှုကို သက်ဆိုင်ရာ တာဝန်ရှိသူတချို့ ဝိုင်းဝန်းဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ကြားက သက်စွန့်ဆံဖျား ဖေါ်ထုတ်ဖွင့်ချခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်သူတွေအပါအဝင် အပြစ်ကျူးလွန်သူတွေကို အကာအကွယ်ပေးဖို့လုပ်ခဲ့သူတွေအားလုံး တရားဥပဒေရှေ့မှောက် ရောက်လာခဲ့ကြရပါတယ်။ ကျနော်တို့ပြည်သူတွေအားလုံးက ဦးဆွေဝင်းကို ဝိုင်းဝန်းချီးကျူးကြပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဦးဆွေဝင်းဟာ သတ္တိရှိပြီး တာဝန်သိ ထူးချွန်ထက်မြက်တဲ့ သတင်းသမားတစ်ဦးအဖြစ် ထင်ရှားရပါတယ်။

နောက်တစ်ဦးရှိပါသေးတယ်။ သူကတော့ တက္ကစီအငှားမောင်းသမား ကိုသန်းထိုက်ကျော်ပါ။ စက်တင်ဘာလ ၂၄ ရက်နေ့က သူ့ကားပေါ်မှာ မေ့ကျန်ရစ်ခဲ့တဲ့ ရတနာထုပ်ကို ၂၅ ရက်နေ့မှာ သိသိချင်းချင်း ပိုက်ရှင်ဆီအမြန်လိုက်လံရှာဖွေ ပြန်ပေးခဲ့သူပါပဲ။ သိန်းထောင်ချီ တန်ဘိုးရှိတဲ့ ရတနာထုပ်ကို ပြန်ပေးခဲ့တာပါ။ ဒီတုန်းက သတင်းမီဒီယာတစ်ခုနဲ့တွေ့ဆုံတဲ့အခါ သူအခုလို ပြန်ပေးလိုက်တာဟာ ပိုင်ရှင်တွေအနေနဲ့ တော်တော်စိတ်ပူနေတော့မှာပဲဆိုတဲ့ စိတ်နဲ့ ပြန်ပေးခဲ့တာပါလို့ အေးဆေးရိုးရှင်းစွာ ပြောပြခဲ့ပါတယ်။ သူပြောတဲ့စကားအရဆိုရင် ကိုယ်ချင်းစာစိတ်နဲ့ သူ့ကိုယ်ကျင့်တရားကို ထိန်းမတ်နိုင်ခဲ့တဲ့ သဘောပါပဲ။

ဒီလိုသတင်းနဲ့ ဒီလိုလူတွေအကြောင်းကြားရတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီး ဒီလို ကိုယ်ကျင့်တရားကောင်းသူတွေ၊ သတ္တိရှိသူတွေ၊ မတရား မမှန်ကန်တဲ့ အတ္တတရားကို နိုင်အောင် ထိန်းမတ်နိုင်သူတွေအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပြီး အရာရာ ပျက်စီးပြိုကျလာနေတဲ့ ကျနော်တို့တိုင်းပြည်မျိုးမှာ ဒီလို သားကောင်းရတနာတွေ၊ ဒီလို နိုင်ငံကြီးသားစိတ်ရှိသူတွေ ရှိပါသေးလားဆိုတဲ့စိတ်နဲ့ ဖြေလို့ရနိုင်ပါတယ်။

တကယ်တော့ ဦးဆွေဝင်းနဲ့ ကိုသန်းထိုက်ကျော်တို့ဟာ တခြားလူတွေလိုပဲ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ သူတွေချည်းပါပဲ။ သူများထက် ထူးခြားတာက မွန်မြတ်တဲ့စိတ် ရှိကြတယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့ ဒီလို မွန်မြတ်တဲ့စိတ် ထားနိုင်ကြတာ ဘာ့ကြောင့်လည်းလို့တွေးရင် ကိုယ်ချင်းစာစိတ်ရှိသူတွေဖြစ်လို့ပါပဲ။ သူတို့ရဲ့ကိုယ်ချင်းစာစိတ်က ဒုက္ခရောက်သူတွေကို ကယ်တင်လိုစိတ်၊ ဖေးမကူညီလိုစိတ်နဲ့ ဖြေသိမ့်ပေးလိုစိတ်ကို မွေးပေးလိုက်တာပါပဲ။

ဒီလိုတွေးတဲ့အခါ တိုင်းပြည်စီးပွားဥစ္စာတွေကို ကိုယ်ကျိုးအတွက် အသုံးပြုသွားကြသူတွေ၊ ပြည်သူအများစုကြီးရဲ့ ဥစ္စာပစ္စည်းတွေကို ကိုယ့်အကျိုးအတွက် ထင်သလို အကျိုးစီးပွား ရှာသွားကြတဲ့လူတချို့နဲ့ နှိုင်းယှဉ်ပြီး သင်ခန်းစာယူလို့ရနိုင်မယ်ထင်ပါတယ်။ ဦးဆွေဝင်းနဲ့ ကိုသန်းထိုက်ကျော်တို့က ဒုက္ခနဲ့ရင်ဆိုင်နေရသူ ဒုက္ခဖြစ်နေသူတွေကို ကိုယ့်ဒုက္ခလိုသဘောထား ကိုယ်သာဖြစ်ရင်ဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ ကူညီကြ ဖြည့်ဆီးပေးကြလို့ လောကဟာ လှပသာယာသွားရပါတယ်။ တိုင်းပြည်ရဲ့သယံဇာတတွေ တမျိုးသားလုံးရဲ့ သဘာဝပိုင်ဆိုင်မှုတွေကို ကိုယ့်စီးပွားလိုသဘောထား ကိုယ်ကျိုးကြည့်သွားကြတဲ့သူတွေကြောင့် ကျနော်တို့တိုင်းပြည်မှာ လူတစ်စုကချမ်းသာပြီး လူထုက ဆင်းရဲနေရပါတယ်။ ကမ္ဘာ့အလယ်မှာ ကျနော်တို့လူမျိုးတွေ မျက်နှာငယ်ရပါတယ်။

နိဂုံးချုပ်ရရင်တော့ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ဒုက္ခတွေ့နေသူတွေကို ကယ်တင်ဖို့ကြိုးစားခဲ့ကြတဲ့ ဦးဆွေဝင်းနဲ့ ကိုသန်းထိုက်ကျော်လိုလူတွေ များသထက်များပြီး ကိုယ်ကျိုးကိုပဲကြည့်ပြီး လူများစုကို ဒုက္ခတွင်း တွန်းပို့ဖို့ ဝန်မလေးကြတဲ့ ကိုယ်ကျိုးရှာသမားတွေ နည်းသည်ထက် နည်းပါစေကြောင်း မဇ္ဈိမက တင်ပြလိုက်ပါတယ်။

Mizzima Weekly