မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု)

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ ကျွန်တော်တို့ ဒီနေ့ အစီအစဉ် ခေါင်းစဉ်ကတော့ Mizzima Dialouge TV Show လို့ ခေါ်ပါတယ်ခင်ဗျာ။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ရက် ၁၀၀ အတွင်းမှာ ဝန်ကြီးဌာန အသီးသီးကနေပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ်။ နောက်တစ်ခါ သူတို့ ရက် ၁၀၀ ဆိုပြီးတော့မှ စီမံကိန်းတွေ လုပ်တယ်။ အဲဒီအထဲမှာမှ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ လုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေများ ဆက်လုပ်ဖို့ ရှိနေသေးတယ်။ နောက်ပြီးတော့ ဘာတွေများ ထပ်ပြီးတော့မှ   ပြုပြင်ပြောင်းလဲဖို့ လိုသေးလဲဆိုတာကို ကျွန်တော်တို့ ပညာရေးနယ်ပယ် အသီးသီးမှာ ဦးဆောင်မှု အခန်းကဏ္ဍကနေပြီးတော့ လှုပ်ရှားနေကြတဲ့ ဆရာ/ဆရာမများနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လာရောက်ဆွေးနွေးကြသူများကတော့ ဆရာမ ဒေါ်သူသူမြတ်(ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER )၊ ဦးအာကာမိုးသူ( မြန်မာနိုင်ငံ ဆရာများသမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး)နဲ့ မဖြိုးဖြိုးအောင်( ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်) တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး ဆရာ ဦးအာကာမိုးသူကို ဖိတ်ခေါ်ပါရစေ။ ပြီးခဲ့တဲ့ ၇က် ၁၀၀ မှာ ဝန်ကြီးဌာန အသီးသီးကနေ စီမံကိန်းတွေလုပ်တယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ် ဆိုတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ ပညာရေးဝန်ကြီးဌာန ဒီမှာတော့ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနကို ဖိတ်ထားပေမယ့်လို့ ပညာရေးဌာန တာဝန်ရှိသူတွေတော့ မအားလပ်တဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိဘူးဆိုတော့ ဒီမှာက လေးယောက်ဖိတ်ထားတာပါ။ တက်လာတာက သုံးယောက်ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော် မေးခွန်းလေး ပြန်စပါရစေ။

အဲတော့ ဆရာတို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ဘာတွေလုပ်ခဲ့သလဲ။ ဘာတွေများ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့သလဲ။ နောက်ပြီးတော့ ဒီ ရက် ၁၀၀ အတွင်းမှာ   ပြုပြင်ပြောင်းလဲ မှုတွေ လုပ်တဲ့အတွက် ဘာတွေများ လုပ်နိုင်ခဲ့တာကို တွေ့ရပါသလဲ။

ဦးအာကာမိုးသူ (အထွေထွေ အတွင်းရေးမှူး)

မြန်မာနိုင်ငံ ဆရာများ သမဂ္ဂ အဖွဲ့ချုပ်

“ပထမဦးဆုံးအပိုင်းမှာ အဆင့်မြင့်နဲ့ အခြေခံဆိုပြီးတော့ အပိုင်းနှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ သူက အဆင့်မြင့်ရော အခြေခံရောက ပထမဦးဆုံး အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ စဉ်းစားစရာတွေ တော်တော်များလာတယ်။ ဘယ်သူ့အမိန့်ကို နာခံရမှန်းမသိဘူး။ နောက်ပြီးတော့မှ ဘာမူဝါဒနဲ့ သွားမလဲ။ ဘာညွှန်ကြားချက်နဲ့ သွားမလဲဆိုတာကို ဇဝေဇဝါ ဖြစ်ခဲ့တဲ့ကာလလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ သုံးသပ်တဲ့အခါမှာ သူတို့ နဂိုကတည်းကနေပြီးတော့မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားနေတယ်လို့တော့ သိတယ်။ သိတဲ့အခါမှာ အရင်တုန်းကကာလမှာ ရှိခဲ့တဲ့ ယန္တရားဟောင်းတွေ ရှိတယ်။ ယန္တရားဟောင်းတွေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဗျူရိုကရေစီ ယန္တရားရဲ့ သွားရတဲ့ပုံစံအတိုင်း သွားနေတယ်လို့တော့ ကျွန်တော်တို့ လေ့လာတွေ့ရှိရတယ်ပေါ့နော်။

ကျွန်တော်တို့ နဂိုအတိုင်း ပြုပြင်ပြောင်းလဲမှုမှာ ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာ အပိုင်းနှစ်ပိုင်းမှာ ဘာလဲဆိုရင် နံပါတ်တစ် ဝန်ကြီးခန့်ထားရေး ပြဿနာပေါ့နော်။ ဝန်ကြီးခန့်ထားရေး ပြဿနာမှာ အကြိတ်အခဲ တော်တော်များများ ဖြစ်ကြတယ်။ သူတို့မျှော်လင့်ထားတဲ့ဟာက ဒီမိုကရေစီ အစိုးရသစ်နဲ့အတူ ပါလာမယ့် ပြုပြင်ပြောင်းလဲမှုတွေ  ပြုပြင်ပြောင်းလဲနိုင်မယ့် ပုဂ္ဂိုလ်တွေကို   မျှော်လင့် ထားကြတယ်။ ဒါက နံပါတ်တစ်အချက်ပါ။ အဲဒီအချိန်မှာ ပညာရေးအသိုင်းအဝိုင်း တော်တော်များများမှာ မျှော်လင့်ချက်တွေ တော်တော်များများ ဒါက ဘာလဲမသိဘူးဆိုတဲ့ အစိုးရတစ်ရပ်ကို သံသယဝင် တာတွေ တော်တော်များများ ရှိလာခဲ့တယ်။ မေးခွန်းထုတ်စရာတွေလည်း တော်တော်များများ ရှိလာခဲ့တယ်။ နောက်ပြီးတော့ ဘာတွေများ ပြုပြင်ပြောင်းလဲမှု ရှိသလဲလို့ ကြည့်တဲ့အခါမှာ သင်ရိုး ညွှန်းတမ်းတွေ သူတို့ စလုပ်ကြတယ်။ သင်ရိုးညွှန်းတမ်းတွေကို ပထမဦးဆုံး သူငယ်တန်းမှာ သင်ရိုးညွှန်းတမ်းတွေ သူတို့လုပ်တယ်ပေါ့နော်။ ဆရာဆရာမတွေကို အကုန်လုံးခေါ်ပြီးတော့မှ သင်တန်းတွေဘာတွေ ပေးတယ်လို့ ပြောတယ်။ ပြောတဲ့အခါမှာ အဲဒီ သင်ရိုးညွှန်းတမ်းတွေ ပေးတဲ့စာအုပ်တွေ စာတန်းတွေကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ အက္ခရာဖြုတ်တာတို့ အက္ခရာ တပ်တာတို့ ပြဿနာ စဖြစ်ပြန်ရော။ စကိုင်လိုက်တိုင်း ကိုင်လိုက်တိုင်းမှာ Sensitive Issue တွေပဲ ဖြစ်နေတယ်။ အဲဒါကကျတော့ ကျွန်တော်တို့ စဉ်းစားစရာတွေနဲ့ သုံးသပ်စရာ   တော်တော်များများ   ဖြစ်နေတယ်။

 ပြီးတဲ့အခါမှာ သိပ်မကြာခင်က Transfer တွေထည့်တယ်။ Transfer တွေထည့်တဲ့အခါမှာ သုံးနှစ်သမားနဲ့ ခုနှစ်နှစ်သမား ရောထွက်လိုက်တဲ့ကိစ္စက တစ်ခါ ဒီ ကျယ်လောင်တဲ့အသံတွေနဲ့ မကျေနပ်ချက်တွေနဲ့ တော်တော်များများ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ သူက အစိုးရတစ်ရပ်ကို ယုံကြည်ချက်နဲ့ ပုံအပ်ခဲ့တာလေ။ ငါတို့ ပြောင်းလဲလိုစိတ်ရှိတယ်။ ငါတို့ ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ကြမယ်ဆိုတဲ့ ပုံစံနဲ့ လုပ်ခဲ့သော်ငြားလည်း ပြဿနာက လုပ်လိုက်တိုင်း လုပ်လိုက်တိုင်းက အနာတွေလာဖြစ်နေတယ်။ အဓိက ပြောချင်တာက အစိုးရတစ်ရပ်မှာ သူတို့က ရက် ၁၀၀ အတွင်းမှာ   အောင်မြင်ချက်တွေ သူတို့ပြောတယ်။ ဘာတွေဆောင်ရွက်ခဲ့တယ် ဘာတွေဆောင်ရွက်ခဲ့တယ်ဆိုပြီး ပြောတဲ့အခါမှာ ကျွန်တော်တို့က အဲဒါက ကုစားချက်မဟုတ်ဘူး။ အကြောင်းပြချက်ဆိုတာ ကုစားချက်မဟုတ်ဘူး။ ကျွန်တော်တို့ အစိုးရတစ်ရပ်လုံး ရောဂါလက္ခဏာ ရှာရမှာ။ အရင်တုန်းကဖြစ်ခဲ့တဲ့ အမှားတွေကို ဘယ်လို ကုစားကြမလဲဆိုတဲ့ဟာကို ထောက်ပြရမှာ။ ဝန်ကြီးဌာနကိုယ်တိုင်က ဘယ်လိုဖြစ်နေလဲဆိုတော့ စကားလုံးလှလှနဲ့ အကြောင်းပြချက် ပေးနေတဲ့ကာလ ဖြစ်နေတဲ့အခါမှာ အနာကို ဖုံးထားတယ်။ ကျွန်တော်တို့ အနာကိုမြင်လို့ရှိရင် ဝိုင်းကုစားလို့ရတယ်။ အဓိကကတော့ အခုချိန်က ကျွန်တော်တို့က အစကာလမှာ ကုစားရမယ့်ဟာ အနာတွေက ဘာတွေလဲ အရင်တုန်းက မှားခဲ့တဲ့ အမှားတွေက ဘာတွေလဲ အရင်တုန်းက မှားခဲ့တယ်ဆိုတဲ့ဟာကို အမှားမဟုတ်ဘူးဆိုတဲ့ သက်သေပြချက် လုပ်လေလုပ်လေ ဒီဘက်က ယုံကြည်မှုတွေက အစိုးရတစ်ရပ်ရဲ့ ယုံကြည်မှုကို လျော့လေလျော့လေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ အခု ဒီမိုကရေစီ အစိုးရ တက်လာတဲ့ အခါမှာ   ပြောမယ်ဆိုလို့ရှိရင် ဒီမိုကရေစီ အကျိုးကျေးဇူးကို ဗျူရိုကရေစီ ယန္တရား ရှိနေသ၍တော့ ဒီမိုကရေစီ အကျိုးကျေးဇူးကိုတော့ ဒီမှာ မြင်နိုင်မှာမဟုတ်ဘူးလို့တော့ ကျွန်တော် လောလောဆယ် အဲသလို သုံးသပ်ပါတယ်။”

မဇ္ဈိမ

ဟုတ်ကဲ့။ ပညာရေးဝန်ကြီးဌာနကနေပြီးတော့ ဒါ ပုဂ္ဂိုလ်များကို ဖိတ်ကြားထားပေမယ့် မလာဘူးဆိုတဲ့အခါကျတော့ သူတို့လည်း မအားလပ်လို့ မလာကြဘူးဆိုတော့ ပြောရတာ နည်းနည်းတော့ သူတို့မှာလည်း ပြောစရာတော့ ရှိမှာပဲလေ။ အဲတော့ ဆရာ ဦးအာကာမိုးသူ ပြောသွားတဲ့အထဲမှာ ဆရာမ ဒေါ်သူသူမာကို ဖြည့်စွက်ပြီးတော့ ပြောစေချင်ပါတယ်။ မူဝါဒတွေ ဝေဝါးတယ်ပေါ့နော်။ မူဟောင်းနဲ့မူသစ် ဘယ်လိုကူးပြောင်းရမလဲဆိုတော့ ဆရာမတို့ NNER အနေနဲ့လည်း ဒီမူဝါဒတွေကို ထဲထဲဝင်ဝင် လေ့လာထားတာဆိုတော့ ကျွန်တော်တို့ ဒီ အစိုးရသစ်နဲ့ အစိုးရဟောင်းမှာ အချိန် အဆက်လွဲနေတဲ့ ပြဿနာပေါ့နော် မူဟောင်းနဲ့မူသစ် ဘယ်လိုလုပ်ရမှန်းမသိတဲ့ ပြဿနာပေါ့နော် အဲတော့ အချိန်အဆက်မိမိနဲ့ ဒီပညာရေးကို အနာဂတ်ကောင်းဖို့အတွက်ပဲဖြစ်ဖြစ် ပညာရေးကို ထိထိမိမိ ကိုင်တွယ်နိုင်အောင် ဘယ်လိုမျိုး ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နိုင်မလဲ။

ဒေါ်သူသူမာ (အဖွဲ့ဝင်)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

ဟုတ်ကဲ့ဆရာ။ ဆရာ အာကာပြောသွားတဲ့အထဲမှာတော့ ရက် ၁၀၀ အပြောင်းအလဲမှာတော့ ခုနကပြောတဲ့ မူဝါဒရေးရာ သံသယဖြစ်မှုတွေပေါ့နော်။ အဟောင်းနဲ့အသစ်ကြား သံသယဖြစ်မှုတွေ အများကြီးရှိတယ်။ ကျွန်မတို့လည်း အဲဒီအပေါ်မှာ သံသယရှိပါတယ်။ ဆိုလိုချင်တာက ကျွန်မတို့ NNER အနေနဲ့ဆိုလို့ရှိရင် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာကတည်းက ကျွန်မတို့ တိုင်းပြည် တည်ဆောက်ရေးပြဿနာကို ထောက်ပြခဲ့တယ်။ ဒီတိုင်းပြည်ရဲ့ ပြဿနာတွေက တိုင်းပြည်တည်ဆောက်ရေးပြဿနာမှာဆိုလို့ရှိရင် ကျွန်မတို့ ဒီပညာရေးက အခြားသောအရာတွေနဲ့လည်း ဆက်စပ်နေတယ်   ပေါ့နော်။

ကျွန်မတို့ ဒုတယအကြိမ် ညီလာခံကနေ စပြီးတော့ ကျွန်မတို့ မက်ဆေ့ကို ပေးခဲ့တယ်။ အဲဒါက ဘာလဲဆိုရင် ဒီမိုကရေစီရဲ့ ငြိမ်းချမ်းရေး ပညာရေး ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့ ဘာကို   မျှော်လင့်ထားတာလဲဆိုတော့ တက်လာမယ့် အစိုးရသစ်အနေနဲ့ ခုနက ကျွန်မတို့ မူဝါဒရေးရာမှာ အတားအဆီးဖြစ်နေတဲ့အရာတွေ ကျွန်မတို့ တိုင်းပြည်တည်ဆောက်ရေးမှာ အတူဖြေရှင်းရမယ့် အရာတွေကို ကျွန်မတို့ ဖြေရှင်းဖို့အတွက် ကျွန်မတို့ မျှော်လင့်ချက်ထားတယ်။ အဲဒီအတိုင်းပဲ ကျွန်မတို့ အစိုးရသစ် တက်လာတဲ့နေရာမှာ ကျွန်မတို့ စပြီးတော့ လေ့လာကြည့်တဲ့အခါမှာ ရက် ၁၀၀ အတွင်းမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ တိကျတဲ့ မူဝါဒတွေကိုတော့ ကျွန်မတို့ ဘာမှမတွေ့ခဲ့ရဘူး။

 ကြိုဆိုရမယ့် အချက်တစ်ချက်တော့ တွေ့တယ်။ အဲဒါက ဘာလဲဆိုတော့ ပညာရေးမှာ စတင် ဆွေးနွေးရမယ့် အချက်ဖြစ်တဲ့ ဥပမာ ဆရာတွေရဲ့ ကဏ္ဍ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍ၊ နောက် အခြေခံပညာရေးမှာ ပညာရေး နှီးနှောဖလှယ်ပွဲတွေ လုပ်တာတို့ ဒါပေမယ့် အဲဒီဆွေးနွေးပွဲတွေ လုပ်သွားတဲ့အခါမှာလည်း ပညာရေးက အားလုံးနဲ့ သက်ဆိုင်လို့ ပညာရေးလုပ်ငန်းမျာ လုပ်နေတဲ့သူ အားလုံးရဲ့ ပါဝင်ခွင့်မှာလည်း အတားအဆီးတွေ ရှိနေတယ်ဆိုတာကို ကျွန်မတို့ တွေ့တယ်။ ဒါတွေလုပ်တာကောင်းတယ်။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲတွေကနေ ခုနက ကျွန်မတို့ပြောတဲ့ တိကျတဲ့မူဝါဒတွေ ကိုတော့ ဒီကနေ့အထိ မမြင်ရသေးဘူးပေါ့နော်။ အဲတော့ ခုနကပြောသလိုပဲ အစိုးရသစ်တက်လာတဲ့အခါမှာ ကျွန်မတို့ မျှော်လင့်တာက ပြီးခဲ့တဲ့ ကာလတွေမှာပေါ့နော် ဖြစ်ပျက်ခဲ့တဲ့ အတိတ်မှာဖြစ်ပျက် ခဲ့တဲ့ အရာတွေအားလုံးကို ဒီနေ့ အတူတကွ ညှိနိုင်းပြီးတော့ အားလုံးလိုလားတဲ့ ပညာရေးမူဝါဒတစ်ရပ် ဖော်ထုတ်ရေးဆိုတာကို ကျွန်မတို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အဲဒါက အခုထိ မဖြစ်ဘူး။

 နောက်တစ်ခု ပြောချင်တာက ကျွန်မတို့ အစိုးရသစ်တက်လာတယ်။ ရက် ၁၀၀ ပြီးတဲ့အချိန်မှာ အစိုးရက တိုင်းပြည်ရဲ့ပြဿနာက တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ ဆိုလို့ရှိရင် ဒါ ငြိမ်းချမ်းရေးပြဿနာက အရေးကြီးဆုံးအချက်ဖြစ်တယ်ဆိုတော့ အဲတော့ ကျွန်မက ဘယ်ရှုထောင့်က ပြောချင်လဲဆိုတော့ ကျွန်မတို့ NNER က ပြောချင်တာကို ပြောတာပါ။ အဲဒါကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက ပညာရေး ကဏ္ဍအကြောင်းကို ကျွန်မ နဲနဲပြောချင်တယ်။ ကျွန်မတို့ NNER အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက ပညာရေးကဏ္ဍကို အစောပိုင်းကာလတွေကတည်းက ပြောခဲ့တယ်။ အခု အစိုးရသစ် လက်ထက်မှာ လည်း ဒီကိစ္စကို ပြောတဲ့အခါမှာ ကျွန်မတို့က ပထမဦးဆုံပြောချင်တာက ဒီ မူဝါဒရေးရာ ကိစ္စတွေမှာ အစောပိုင်းကတည်းက ဒီ ဖက်ဒရယ်ကို အခြေခံတဲ့ ပညာရေးမူဝါဒတွေ ပေါ်ပေါက်ရေးက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကနေ တစ်ခု လိုလားတယ်ဆိုတဲ့အချက်ကို ကျွန်မတို့ ထည့်သွင်းစဉ်းစားလာတယ်။ ထည့်သွင်းစဉ်းစားလာတဲ့အတွက် ခုနက တချို့ကတော့ ပြောတာတွေရှိတယ်။ ဥပမာ ငြိမ်းချမ်းရေးက အရင် ပညာရေးကနောက်ပေါ့နော်။ ငြိမ်းချမ်းရေးက ပထမ ပညာရေးက ဒုတိယ အဲဒါတွေအားလုံးက မဟုတ်ဘူးဆိုတာကိုလည်း ငြင်းချင်ပါတယ်။ ဒီအရာတွေက ဆက်စပ်တဲ့ အကြောင်းအရာတွေဖြစ်တယ်။ အဲဒီအတွက် ပညာရေးမူဝါဒတွေ ဖက်ဒရယ်ကိုအခြေခံတဲ့ ပညာရေးမူဝါဒတွေ ပေါ်ပေါက်ရေးဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်တယ်။ အဲဒီအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကနေ ကျွန်မတို့ မူဝါဒတွေ ပေါ်ပေါက်ရေးကိုလည်း ကျွန်မတို့ ခုနက ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ဟာကိုလည်း ကျွန်မတို့ ဆက်လုပ်ပါမယ်။ ဒါက ကျွန်မတို့ NNER အနေနဲ့ဆွေးနွေးတာပါ။”

မဇ္ဈိမ

ဆိုတော့ ရက် ၁၀၀ ဆိုပေမယ့် ဒါ အစိုးရတစ်ရပ်အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ဒါ အင်မတန်မှ တိုတောင်းတဲ့ကာလပေါ့နော်။ မဖြိုးဖြိုးအောင်ကို ကျွန်တော် မေးချင်ပါတယ်။ အဲဒီတော့ ဒီ ရက် ၁၀၀ အတွင်းမှာ အစိုးရလုပ်ခဲ့တဲ့ မူဝါဒတွေပဲဖြစ်ဖြစ်ပေါ့နော် ပညာရေးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေပဲဖြစ်ဖြစ် ပြီးတော့ ကျွန်တော်တို့ အနာဂါတ်မှာ ပညာရေးစနစ်နဲ့ ပတ်သက်ပြီးတော့   ကျောင်းသားတွေရဲ့ အခွင့်အရေး ဒါမှမဟုတ်လို့ရှိရင် သူတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ ဒါမှမဟုတ်လို့ရှိရင် အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ဖို့ လွတ်လပ်စွာ ပညာသင်ကြားနိုင်ဖို့ ဒါမှမဟုတ်ရင် လွတ်လပ်စွာ တွေးခေါ်နိုင်ဖို့ ဒါတွေကို ဘယ်လောက်ထိများ ရှေ့မှာ ဘယ်လောက်ထိ မျှော်မှန်းလို့ ရနိုင်မလဲ။ ရက် ၁၀၀ ကိုကြည့်ပြီးတော့ အခြေခံပြီးတော့ ရှေ့မှာ မြန်မာ့ပညာရေးက ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် ဖြစ်လာမယ်လို့ မျှော်မှန်းလို့ ရနိုင်မလဲ။

မဖြိုးဖြိုးအောင်

ဒီမိုကရေစီအရေးနှင့် ကျောင်းသားအရေး လှုပ်ရှားသူ

ကျွန်မရဲ့ ယုံကြည်ချက်ပေါ့နော်။ ဒါကလည်း ပညာရေးဆွေးနွေးပွဲတွေကနေတဆင့် ဆရာဆရာမတွေဆီကနေ တဆင့် လေ့လာတွေ့ရှိရတဲ့ ယုံကြည်ချက်က ဘာလဲဆိုတော့ တကယ့် ပညာရေးအနှစ်သာရ ပညာရေးလွတ်လပ်ခွင့်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။ ပညာရေးလွတ်လပ်ခွင့်အပေါ်မှာ ဘယ်လောက် အာမခံချက် ပေးနိုင်မလဲဆိုတဲ့အပါ်မှာ မူတည်ပြီး ကျွန်မတို့ ပညာရေး ပြုပြင်ပြောင်းလဲမှု ပညာရေးတိုးတက်မှုကို ဆက်ပြီးတော့ သွားနိုင်လိမ့်မယ်။ ကျွန်မတို့ အခု ပထမဦးဆုံး ပညာရေး ပြုပြင်ပြောင်းလဲမှုကို အစိုးရသစ်က ပညာရေးလွတ်လပ်ခွင့်ကို ဘယ်လောက် အာမခံချက်   ပေးမလဲ ဆိုတာလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။

ကျွန်မအခု လေ့လာမိသလောက် နားထောင်မိသလောက်ကလည်း အစိုးရဘက်က ပညာရှင်တွေ အပါအဝင်ပေ့ါနော် ပညာရေးလွတ်လပ်ခွင့်ကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ပညာရေးလွတ်လပ်ခွင့်ကို ယုံကြည်ပေမယ့် တစ်ဖက်က သူတို့ဆီက အဆင်သင့်မဖြစ်သေးဘူးတို့ နောက်တစ်ခုက ထားပါ အဆင်သင့်မဖြစ်သေးဘူးဆိုတာက အခြေခံ ဆရာဆရာမတွေ နောက်တစ်ခုက ပညာရေးဝန်ထမ်းတွေ ဘက်ကနေပြီးတော့ ပညာရေးလွတ်လပ်ခွင့်ပေးဖို့ အဆင်သင့်မဖြစ်သေးဘူးတို့ နောက် အခြားသောပြဿနာတွေလည်း အများကြီးရှိနိုင်သေးတယ်ဆိုပြီးတော့ အကြောင်းပြချက်တွေလည်း ကျွန်မတို့   တွေ့ရတယ်။

ဒါပေမယ့် ပြဿနာအားလုံးရဲ့ အရင်းအမြစ်က ပညာရေးလွတ်လပ်ခွင့်ဖြစ်ပါတယ်။ ပညာရေးလွတ်လပ်ခွင့်ကို အာမခံချက် ပေးတာနဲ့အမျှ ကျွန်မတို့ အခု ပညာရေးမှာ   ဖြစ်ပေါ်နေတဲ့   ပြဿနာအားလုံးကို   ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်မတို့ကတော့ ယုံကြည်တယ်။ ခုနကပြောတဲ့ ကျောင်းတွေထဲမှာ အဖွဲ့အစည်း ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက်ပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့်တွေ ကျွန်မတို့ ဖွဲ့စည်းဆောင်ရွက်ခွင့်တွေကလည်း ပညာရေးလွတ်လပ်ခွင့်နဲ့ ထပ်ပြီးတော့ ဆက်စပ်နေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဆိုတော့ အဓိကပြဿနာဖြစ်တဲ့ ပညာရေးလွတ်လပ်ခွင့်ကို ပညာရေးမူဝါဒအနေနဲ့ အခိုင်အမာ အစိုးရသစ်က သတ်မှတ်နိုင်မယ်ဆိုရင် အခြားသီးခြား ပြဿနာတွေကို ခုနက ဖက်ဒရယ်ကိုအခြေခံတဲ့ ပြဿနာတွေ တစ်ဖက်က ပညာရေးလွတ်လပ်ခွင့်အပေါ်မှာပဲ သွားပြီးတော့ ချိတ်ဆက်နေတာပဲ   ဖြစ်ပါတယ်။ ပညာရေးပြဿနာရဲ့ အဓိကအချက်က ပညာရေး လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရသစ်ကို အခု ရက် ၁၀၀ အတွင်းမှာ ကျွန်မတို့ အစိုးရသစ်ရဲ့ ရက် ၁၀၀ အပြောင်းအလဲတွေမှာ   တွေ့ရသလောက်ကတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ အရင်အစိုးရအဆက်ဆက်က ပြုလုပ်နေတဲ့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ ပုံစံတွေအပေါ်မှာပဲ ထပ်ပြီးတော့မှ အကူအညီတွေ ထပ်ပေးနိုင်တယ်။ အခြားသော နိုင်ငံတကာအကူအညီတွေကနေတဆင့် ကျောင်းတွေမှာ အကူအညီတွေပေးနိုင်ဖို့ ကြိုးစားတာတွေ တွေ့ပါတယ်။ နောက်ပြီးတော့ အခြားသော အပြောင်းအလဲလေးတချို့ လုပ်ဖို့ကြိုးစားနေ တာလည်း တွေ့ပါတယ်။ ဒါပေမယ့် ခုနက ကျွန်မတို့ယုံကြည်ထားတဲ့ ပညာရေးလွတ်လပ်ခွင့်အတွက် အာမခံချက် တစ်စုံတစ်ရာ မတွေ့သေးပါဘူး။ ဒါကတော့ ပြဿနာကို ဖြေရှင်းတဲ့နည်း မဟုတ်သေးပါဘူး လို့တော့ မြင်ပါတယ်။

ကျွန်မတို့အနေနဲ့က တကယ့် ဆရာတို့ ဆရာမတို့ ပြောသွားသလိုပဲ ကျွန်မတို့ ပညာရေးမှာ အဓိကပြဿနာက ဘာလဲ။ အဲဒီပြဿနာကို ကျွန်မတို့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အဖြေကို ရှာထုတ်မှသာလျင် ကျွန်မတို့ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုက အမှန်တကယ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်မှာပါ။ အဲဒါမှမဟုတ်လို့ရှိရင်တော့ ကျွန်မတို့ လေ့လာဖူးတဲ့ ဆရာဆရာမတွေ ပြောသလိုပဲ အပေါက်ဖာနေ တာနဲ့ပဲ ပြဿနာတွေက လုံးလည်ချာလည် လိုက်နေမှာပဲ ဖြစ်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly