“ သမိုင်းထဲက ဘာလင်ကိုရောက် သွားခြင်း”

“ သမိုင်းထဲက ဘာလင်ကိုရောက် သွားခြင်း”

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကစ ကျွန်တော်ဟာ ဂျာမနီနိုင်ငံက Taz ဖောင်ဒေးရှင်းရဲ့ အစီအစဉ် တစ်ခုမှာ မြန်မာနိုင်ငံက ဂျာနယ်လစ် (၉) ယောက်နဲ့အတူ ဂျာမနီနိုင်ငံ ဘာလင်ကို လေ့လာရေး ခရီးသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်၊ ညနေမှာတော့ ရန်ကုန် ကိုပြန်ရောက်ပါပြီ။ ဘာလင် မှာ လေ့လာရေး ခရီးထွက်နေ တုန်း မြန်မာပြည်က သတင်းတွေကို အဆက်မပြတ်ဖတ်ပါတယ်။

ဗီအိုအေ၊ဘီဘီစီနဲ့ အာရ်အက်ဖ်အေက လွှင့်တဲ့အသံလွှင့် အစီအစဉ်တွေကို နေ့စဉ် နားထောင်ပါတယ်။ အွန်လိုင်းက သတင်းတွေ ကို ဖတ်ပါတယ်။ ဒါပေမယ့် တစ်ခုခု လိုနေသလို ခံစားရပါတယ်။ ရန်ကုန် ပြန်ရောက်တော့မှ အသင့်စောင့် ကြိုနေတဲ့နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေကို မြင်ရမှာ အော်၊ လိုနေတဲ့ ခံစားမှုဟာ ဒါပါလားဆိုပြီး သိလိုက်ရတယ်ဗျာ။

ကျွန်တော်တို့ဆီက နေ့စဉ်ထုတ်၊ သတင်းစာ၊ ဂျာနယ်တွေမှာက အကြောင်းအရာ ပိုစုံ တယ်။ ပိုပြီး အတွင်းကျကျ ရေးနိုင်ကြတယ် မဟုတ်လားဗျာ။ အဲဒါတွေကို တဖြည်းဖြည်း ပြန်ဖတ်၊ အသစ် ရောက်တာတွေကိုလည်း ပုံမှန်အတိုင်း ပြန်ဖတ်၊ ပုံမှန် ကျွန်တော်ရေးပို့နေကျ၊ သတင်းဝေဖန် သုံးသပ်ချက် ဆောင်းပါးတွေကို မနက်ဖန်ကစပြီး ပြန်ပို့မယ်လို့ စဉ်းစားထားပါတယ်။

ဒီနေ့တော့ Taz ဖောင်ဒေးရှင်းက ခေါ်ယူတဲ့ ခရီးစဉ်အကြောင်း အကြမ်းဖျဉ်းလောက်ဖြစ်ဖြစ် ပြောပြမယ် စိတ်ကူး ထားပါတယ်။

Taz ဖောင်ဒေးရှင်းဆိုတာ ဂျာမန်ဘာသာနဲ့ နေ့စဉ် ထုတ်ဝေနေတဲ့ သတင်းစာ တစ်စောင်ရဲ့ တာဝန်ရှိ သူတွေ တည်ထောင်ထား တဲ့ဖောင်ဒေးရှင်း တစ်ခုပါ။ Taz သတင်းစာရဲ့ ထူးခြားချက် ကတော့ အခြား သတင်းစာတွေလို သူဌေးကြီး တစ်ယောက်ယောက် ကပိုင်တာမျိုး မဟုတ်ဘဲ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် လောက်ကတည်းက အဖွဲ့ဝင်တွေ စုစည်းပြီး တည်ထောင်ထားတဲ့ သတင်းစာ တစ်စောင်ပါ။ စ စချင်းတုန်း ကတော့ အယ်ဒီတာ တာဝန်ကို စုပြီး ယူကြတယ်။

သတင်းစာအတွက် လုပ်ကြ ကိုင်ကြသူတွေဟာ ငွေကြေး နည်းနည်းပါးပါးနဲ့ အလုပ်လုပ်ကြတယ်၊ စသဖြင့်ပါပဲ။ အဓိက သူတို့ အဲလို ဘာကြောင့် တည်ထောင်ကြသလဲ ဆိုတော့ အယ်ဒီတာ လွတ်လပ်ခွင့် လိုချင်လို့ပါ။ သူဌေးကြီး တစ်ယောက်ယောက် တည်ထောင်တာဆိုရင် ငွေကြေး အကျိုးအမြတ်အတွက် ကြည့်ရမယ်။ အကြောင်းအရာ အစုံကိုပေါ်ပင် လိုက်ပြီးရေးရ  မယ်။ ကြော်ငြာ ရှင်တွေကို သတိထားရမယ်။ အဲဒါတွေကို ရှောင်ရှားချင်လို့ တည်ထောင်ကြတာပါ။

တည်ထောင်သူတွေဟာ လက်ဝဲဝါဒဘက် ယိမ်းတယ်လို့တော့ ပြောနိုင်ပါတယ်။ စပြီး တည်ထောင်ခဲ့စဉ် ကစ နိုင်ငံတကာအရေး အခင်းတွေဖြစ်တဲ့ နီကာရာဂွါ တော်လှန်ရေးကိစ္စလိုမျိုး ဦးစားပေး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီး အခွင့်အရေး ဆိုင်ရာ ကိစ္စတွေ၊ လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာတွေ၊ အစိုးရကို အတိုက်အခံ လုပ်တာတွေ တင်ပြတဲ့ သတင်းစာ တစ်စောင် ဖြစ်ခဲ့ပါတယ်။ အခု နောက်ပိုင်းတော့ သတင်းစာဟာ အများပိုင်ဖြစ်မြဲဖြစ်နေ ဆဲဖြစ်ပေမယ့် အများကြီး ပရော်ဖက်ရှင်နယ် ဆန်လာပြီ လို့ Taz တည်ထောင်ရာမှာ ပါဝင်ခဲ့သူတွေက ပြောပြကြပါတယ်။

Taz အတွက် ငွေကြေးထောက်ပံ့ နိုင်အောင် ကော်ဖီဆိုင် ထောင်တာမျိုး အပါအဝင် အခြားစီးပွားရေးလုပ်ငန်း တချို့ကိုလည်း လုပ်ပါတယ်။ အဖွဲ့ရဲ့ ရွေးချယ်မှုနဲ့ အယ်ဒီတာချုပ် ခန့်ထားတာတွေ လုပ်ခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကနေ့ အချိန်ထိ Taz ရဲ့ မျက်နှာဖုံး သတင်းရွေးချယ်ပုံ၊ အတွင်း သတင်းဖော်ပြပုံတွေဟာ အခြား လူထု သည်းခြေကြိုက်၊ ရောင်းကောင်းတဲ့ အဝါရောင်၊ ပေါ်ပင် သတင်းစာတွေနဲ့ ကွာခြားမြဲ ကွာခြား နေတာကိုတော့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပါတယ်။ ဒီအတွက် Taz ဟာ အခြားသတင်းစာ တွေလောက် စာဖတ်သူ မများပါဘူး။ လမ်းပေါ် ဗန်းခင်း ချရောင်းတဲ့ဆီမှာလည်း သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် သူတို့ ဂျာမနီနိုင်ငံမှာတော့ သြဇာကြီးတဲ့၊ အခြားရောင်းကောင်းတဲ့ သတင်းစာကြီးတွေရဲ့ လေးစားသမှု ခံရတဲ့ သတင်းစာ တစ်စောင်တော့ ဖြစ်နေတာပါပဲ။

ကိုမျိုးသန့်ရေ

ကျွန်တော် အဓိက ပြောချင်တာ Taz အကြောင်း မဟုတ်သေးပါဘူး။ ခရီးစဉ် တစ်ခုလုံး အကြောင်းပါ။ ခရီးစဉ်အတွင်း မှာရောက်ရောက်ချင်းဆိုသလို အရှေ့ဂျာမနီမှာ ရုရှားသြဇာခံ ကွန်မြူနစ်အစိုးရ အုပ်စိုးစဉ်က တည်ထောင်ထားခဲ့တဲ့ အကျဉ်းထောင်ကို လိုက်ပို့ပါတယ်။ အဲဒီ အကျဉ်းထောင်ကြီးရဲ့ ရက်စက်ပုံတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ပုံတွေကို အသေးစိတ် ရှင်းပြရင်းနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ဂျာမနီ နှစ်ပိုင်းကွဲသွားတဲ့ ကာလတွေအကြောင်း သမိုင်းဆိုင်ရာတွေ ရှင်းလင်းပြတာကို နားထောင်ခဲ့ကြရပါတယ်။

နောက်ပိုင်းရက်တွေမှာတော့ ဘာလင်တံတိုင်းကို လေ့လာရပါတယ်။ သမိုင်းအကြောင်းတွေ နားထောင် ခွင့် ရခဲ့ပါတယ်။ ဖက်ဆစ်နာဇီတွေ ခေတ်က နာမည်ကျော် ဂက်စတာပို ဌာနချုပ် မြေနေရာကိုလည်း သွားကြည့် ကြရပါတယ်။ နောက် လက်ရှိ လွှတ်တော်ကျင်းပနေဆဲ အဆောက်အအုံအတွင်းပိုင်းကို လွှတ်တော်ဆိုင်ရာ ခရီးသည်လမ်းညွှန်နဲ့အတူ လွှတ်တော် အဆောက် အအုံ တစ်ခုလုံးကို လေ့လာခွင့်ရပါတယ်။ လွှတ်တော် ကျင်းပပုံ စနစ်တွေ သိခဲ့ရပါတယ်။

နောက် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ သူတို့ ဝန်ကြီးဌာနရုံးမှာ သွားရောက် တွေ့ဆုံခွင့်ရ ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်ကျင်းပတဲ့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေနဲ့ သတင်းထောက်တွေရဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း တက်ခွင့်ရခဲ့ ပါတယ်။ ဂျာမနီက နာမည်ကြီး ဒဲရ် စပီးဂဲ (Der Spiegel) သတင်းစာတိုက်ကြီးကို သွားလေ့လာခွင့်ရသလို Green ပါတီဌာနချုပ် ကိုလည်း သွား ပြီး လေ့လာခွင့်ရခဲ့ပါတယ်။

ကိုမျိုးသန့်ရေ

Taz ဖောင်ဒေးရှင်းက ဒီအစီအစဉ်ကို စီစဉ်သူတွေဟာ ကျွန်တော်တို့ ဒီလိုလေ့လာနိုင်ဖို့ (၃)လ လောက် ကတည်းက ကြိုတင် အပွိုင့်မင့် တောင်းတာတွေ၊ ကြိုတင် စီစဉ်တာတွေ အသေးစိတ် လုပ်ထားရတာပါ။ အတော်လေးကို စေတနာပါပါနဲ့ လုပ်ထား တယ်လို့ ယူဆပါတယ်။ အဓိက မြန်မာသတင်းသမားတွေကို သူတို့ ပေးချင်တာက ဂျာမန်သမိုင်းကို နားလည်စေချင်တာပါ။ သူတို့ဆီမှာလည်း နောက်မျိုးဆက်တွေ နားလည် အောင် သင်ကြားပေးတာတွေလည်း လုပ်ပါတယ်။

သမိုင်းကိုနားလည်မှ သာနောက်ထပ် အဲလိုအမှားမျိုး မကျူးလွန်မိမှာ မဟုတ်ဘူးလားဗျာ။မနက်ဖန်ကျရင် ကျွန်တော်သတင်းဝေဖန် သုံးသပ်ချက်ဆောင်းပါးတွေ စပြီး ပြန်ရေးပို့ပါ့မယ်။ နောက် အပတ်စဉ် ဘာလင် ခရီးစဉ်အကြောင်း စိတ်ဝင်စားစရာကောင်း တာတွေ၊ မြန်မာနိုင်ငံက လူတွေ သိသင့်တာတွေ ပြောပြပါ့မယ်။ ကျွန်တော် ပြန်ရောက်တော့ မြန်မာနိုင်ငံမှာ ရင်ခုန် စိတ်လှုပ်ရှား ဖွယ်ရာ နိုင်ငံရေး အခင်းအကျင်းတွေက ဆီးလို့ ကြိုနေပါတယ်ခင်ဗျား။

ကျန်းမာ ပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags