မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု စိုးစဉ်မျှမကျန်အောင် မြန်မာအား အမေရိကန်က တိုက်တွန်း

မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု စိုးစဉ်မျှမကျန်အောင် မြန်မာအား အမေရိကန်က တိုက်တွန်း

အရပ်သားအစိုးရသစ်နှင့် တပ်မတော်ခေါင်းဆောင်များက မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုကို ကန့်ကွက်ထားသော်လည်း တပ်မတော်အတွင်း မြောက်ကိုရီးယားနှင့် ပူးပေါင်းမှုက အကြွင်းအကျန်အဖြစ် ရှိနေဦးဖွယ်ရှိကြောင်း အမေရိကန် အကြီးတန်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၈ ရက်က ပြောသည်။

ယခင်စစ်အုပ်ချုပ်မှုအောက် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကင်းကွာကာ အထီးကျန်ဖြစ်ခဲ့သည့် အချိန်များ၌ မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့သည်။ အမေရိကန်နှင့် ဆက်ဆံရေးပုံမှန်အခြေသို့ ပြန်ရောက်ရန် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုများ ရပ်တန့်ပစ်ရမည်ဟု မြန်မာနိုင်ငံအား အမေရိကန်က ဖိအားပေးခဲ့သည်။

ယခုလအတွင်း အမေရိကန်သို့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်အတွင်း အကြွင်းအကျန်အဖြစ် ရှိနေဦးဖွယ်ရှိသည့် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံရေးအား အမြစ်ဖြတ်ပစ်ရန် အရေးကြီးကြောင်း သမ္မတအိုဘားမားက အလေးအနက် ပြောခဲ့သည်ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီနီယယ်ရူဆဲလ်က ပြောသည်။

“မြန်မာစစ်တပ်အတွင်းမှာ အနည်းအကျဉ်း မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းမှုက အကြွင်းအကျန် ရှိနေဦးမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါပေမယ့် အစိုးရ စိုးရိမ်သလောက် စစ်တပ်ကလည်း ဒါကို စိုးရိမ်မှု ရှိမယ် ယူဆပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကို တားဆီးဖို့၊ အမြစ်ဖြတ်ဖို့ လုပ်နေမယ်လို့ ထင်ပါတယ်။”ဟု ၎င်းက ပြောသည်။

အထီးကျန် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများအတွက် ဘဏ္ဍာငွေစီးဝင်မှုကို ထိန်းချုပ်ရန် နိုင်ငံတကာ၏ အားထုတ်မှုတစ်ရပ်အဖြစ် ကုလသမဂ္ဂက မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်မှုကို တားမြစ်ကန့်သတ်ထားသည်။ မြန်မာနိုင်ငံက စစ်အစိုးရလက်ထက်တွင် မြောက်ကိုရီးယား၏ အဓိကစစ်လက်နက်ပစ္စည်းဝယ်ယူသည့် နိုင်ငံဖြစ်ခဲ့သည်။

စက်တင်ဘာ ၁၄ ရက်က အိမ်ဖြူတော်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာမှ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရအား   ရွေးကောက်တင်မြောက် ခဲ့သည့် အသွင်ကူးပြောင်းမှုများအရ ချမှတ်ထားသည့် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းကာ ယခင် ပစ်ပယ်ခံနိုင်ငံအား ကုန်သွယ်ရေးအကျိုးအမြတ်များ လမ်းဖွင့်ပေးရန် အစီအစဉ်ရှိကြာင်း သမ္မတအိုဘားမားက ကြေညာခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို မကြေညာမီ ကွန်ဂရက်လွှတ်တော်နှင့် ပြည့်ပြည့်ဝဝ တိုင်ပင်မှုပြုခြင်းမရှိကြောင်း ရီပတ်ဘရီကန်အမတ် Cory Gardner က စက်တင်ဘာ ၂၈ ရက် လွှတ်တော်တွင် အဆိုတင်ခဲ့သည်။

အမေရိကန်ခရီးစဉ်အတွင်း လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ထိန်းချုပ်သော နိုင်ငံ၏ အကြီးဆုံးစီးပွားရေး လုပ်ငန်းကြီးနှစ်ရပ်ဖြစ်သည့်   မြန်မာ့ကော်ပို   ရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားခြင်းကို ထောက်ခံသည်ဟု ပြောခဲ့ကြောင်း Cory Gardner က ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းသင့်သည့် အချိန်ရောက်ပြီဟုသာ ပြောခဲ့ခြင်းဖြစ်ကြောင်း ဒီနီယယ်ရူဆဲလ်က တုံ့ပြန်သည်။

သမ္မတအိုဘားမားက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပြီးသည့်တိုင်အောင် စစ်တပ်ထိန်းချုပ်သော အဆိုပါ စီးပွားရေးလုပ်ငန်းများအပေါ် အမေရိကန်နိုင်ငံအနေဖြင့် ကန့်သတ်မှုများ ဆက်လက်ထား ရှိနိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အချို့က ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly