မျက်တောင် မခတ်တမ်းစောင့်ကြည့် ရမည့်အချိန်

မျက်တောင် မခတ်တမ်းစောင့်ကြည့် ရမည့်အချိန်

လာမည့် နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဟု တရားဝင် ထုတ်ပြန်ကြေညာထားသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား အချိန် ကာလအားဖြင့် လေးလပင် မလိုတော့ပါ။ ဤအချိန်တွင် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများနှင့် သတင်းစကား များကို မျိုးစုံကြားလာ ရသည်။

ရွေးကောက်ပွဲ လေချိုသွေးနှင့် နတ်သံနှောမှုများကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကြားရတော့ မည်ဖြစ်ရာပြည်သူများ၏ နားမျက်စိများကို ပြူးပြူးကျယ်ကျယ် ဖွင့်ထားရန် လိုအပ်ပါ သည်။

မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်း အပြောင်းအလဲများ မြန်ဆန်နေသော ကာလ ဖြစ်ပေရာ ပြည်သူများက မိမိနှင့် မဆိုင် ဟုသဘောထားက မည်သို့ပင် လုပ်လိုက်လေသည် မသိကိန်း ဖြစ်သွားနိုင်ပေသည်။

ဘယ်ပြ ညာခြောက်ခြင်းနှင့် ညာပြ ဘယ်ခြောက်ခြင်း တို့သည်ရွေးကောက်ပွဲ အကြိုကာလတွင် အများဆုံးမြင်တွေ့ ရဖွယ်ရှိသော မျက်လှည့် လက်လှည့်များ ဖြစ်ပေရာ မဲဆန္ဒရှင် ပြည်သူများမှာ မြင်အောင်ကြည့်ရမည့် တာဝန်ရှိပေသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အဓိကရင်ဆိုင် အားပြိုင်ကြမည့် နိုင်ငံရေးပါတီများမှာ လက်ရှိ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) နှင့် အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ ပါတီ)တို့ဖြစ်ရာ လတ်တလောတွင်ရွေးကောက်ပွဲ ဝင်ကြမည့် ပါတီကိုယ်စားလှယ်လောင်းများကို စုစည်းရွေးချယ်နေချိန် လည်းဖြစ် သည်။ ပြည်နယ်များဘက်တွင် လူနည်းစု တိုင်းရင်းသားပါတီများက လူမျိုးတူ တိုင်းရင်းသား ထောက်ခံမဲများကို ပိုမိုရရှိဖွယ်ရှိသည်။

ရာစုနှစ်ဝက်ခန့်ဖိနှိပ်အုပ်ချုပ်ခံ မဲဆန္ဒရှင်ပြည်သူများအတွက် အရေးကြီးသည်မှာ မိမိတို့ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စားပြု ရွက်ဆောင်မည့်သူများ ကိုရွေးချယ်နိုင်ရေးဖြစ်သည်။ အာဏာရပါတီပြည်ခိုင်ဖြိုး၏ အလှုပ်အခတ် သတင်းများသည်လည်းကောင်း၊ အင်န်အယ်လ်ဒီပါတီ၏ သမ္မတလောင်း စဉ်းစားချက်များသည် လည်းကောင်း လတ်တလောတွင် သာမန်ထက်ပိုသော အထူး စိတ်ဝင်စားဖွယ်ရာ သတင်းများ မဟုတ်ပါ။

အကြောင်းမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများသည် လွှတ်တော်အရပ်ရပ် ရွေးကောက်ပွဲများသာဖြစ်ပြီး ပါတီတွင်းခေါင်းဆောင် ပိုင်းကြား အချေအတင် ကိစ္စများနှင့် သမ္မတ ရွေးချယ်ရေးကိစ္စများသည် မိမိတို့ မဲဆန္ဒနယ် အတွက် အကောင်းဆုံးနှင့် အထိုက်တန်ဆုံးကိုယ်စားလှယ် ရရှိရေးလောက် အရေးမကြီးလှသည်ကို မဲဆန္ဒရှင်ပြည်သူများ ကကျေညက်စွာ သဘောပေါက်ထားရန် လိုအပ်ပါသည်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်ကြမည့် ရွေးကောက်ပွဲမတိုင်မီ နှစ်လနှင့် ရွေးကောက်ပွဲအပြီး ရလဒ် များအပေါ် အခြေတည်ဖြစ်ပေါ်လာမည့် လွှတ်တော်အရပ်ရပ်နှင့် လာလတ္တံ့သော ငါးနှစ်သက်တမ်းအတွက် ထမ်းဆောင်တော့ မည့် သမ္မတ ဦးဆောင်သော အစိုးရသစ် တစ်ရပ် ပေါ်ထွက်လာချိန် ဖြစ်သည့် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ သည် မဲဆန္ဒ ရှင်ပြည်သူများ အတွက် အရေးကြီးချိန် ဖြစ်ပါသည်။

သမ္မတ ဦးဆောင်သော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာချိန် တွင် ပြည်သူများသည် ယင်းအစိုးရသစ်နှင့် ငါးနှစ်တိုင်တိုင် စခန်း သွားရဦးမည်ဖြစ်ရာ အစိုးရသစ်၏ စေတနာ၊ အာသီသနှင့် စွမ်းဆောင်ရည်အလိုက် အကြောင်းအကျိုးနှင့် အကောင်းအဆိုးတို့ကို တစ်ပါတည်း ခံစားကြရတော့မည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကာလမှတွက်သော် တစ်လကျော် နှစ်လအတွင်း မြန်မာနိုင်ငံအတွက် အထူး အရေးကြီး ချိန် ကာလများကိုဖြတ် သန်းကြရတော့မည်ဖြစ်သည်။ ထိုသို့ ဖြတ်သန်းဆဲကာလများတွင် မှန်တစ်ဝက် မှား တစ်ဝက် သတင်းများ၊ ကောလာဟလများ၊ မီဒီယာကို အသုံးချမှုများ၊ မဲဆန္ဒရှင် ပြည်သူများ မျက်စိလည် အတွေးကွယ်စရာများကို တွေ့မြင်ကြားသိ ခံစားရတော့မည်ဖြစ် သည်။

အချို့အကြောင်းအရာများသည် တိုက်ဆိုင်မှု ဖြစ်တန်ကောင်းသည်၊ အချို့ကား လုပ်ကြံထားသည့် ဇာတ်ညွှန်းများနှင့် ကကွက် များဖြစ်နိုင်ပါသည်။

မကြာမီ ကုန်ဆုံးတော့မည့် ငါးနှစ်တာကာလ သက်တမ်းအတွင်း စစ်တပ်ကျောထောက် နောက်ခံပြု အသွင်ပြောင်းအစိုးရ၏ အုပ်ချုပ်မှုအောက် ဝေဒနာမျိုးစုံကို ခံစားထားရသော မဲဆန္ဒရှင် ပြည်သူများသည် အလား တူ ဝေဒနာနှင့် ဒုက္ခများ ထပ်မံ မခံစားရရေးတွင် လာလတ္တံ့သော ဇာတ်မျော များ၌ လိုက်ပါ မသွားဘဲ မိအေး နှစ်ခါမနာ နိုင်ကြရန် မျက်တောင်မခတ်တမ်း သတိကပ်ရ မည့်အချိန် ဖြစ်ပါကြောင်း မဇ္ဈိမက ကြေညာမောင်းခတ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags