မလေးရှား MH 17 လေယာဉ်ကို ရုရှလုပ်ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အတည်ပြုထုတ်ပြန်

မလေးရှား MH 17 လေယာဉ်ကို ရုရှလုပ်ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အတည်ပြုထုတ်ပြန်

စက်တင်ဘာ ၂၈ ။            ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်က ယူကရိန်းနိုင်ငံအရှေ့ခြမ်း၌ မလေးရှား MH 17 လေယာဉ်ပစ်ချခံရမှုဖြစ်စဉ်တွင် လေယာဉ်မှာ ရုရှလုပ် ဒုံးကျည်ဖြင့်ပစ်ချခံခဲ့ရခြင်းဖြစ်သည်မှာ သေချာကြောင်းနှင့် ဒုံးကျည်မှာ ရုရှလိုလားသော ခွဲထွက်ရေးသူပုန်များထိန်းချုပ်ရာနယ်မြေမှ လာခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများက အတည်ပြုသွားသည်။

ယင်းဒုံးမှာ သူပုန်များထိန်းချုပ်ရာ နယ်မြေမှ လာခြင်းဖြစ်ကြောင်းနှင့် ယင်းကို ရုရှနိုင်ငံဘက်က တဆင့် ယူကရိန်းအရှေ့ခြမ်းသို့ သယ်ယူရွှေ့ပြောင်းထားခဲ့သည်ဆိုသည့် ခိုင်လုံသည့် အထောက်အထားများလည်း ရရှိထားပြီဖြစ်ကြောင်း ဒက်ချ်နိုင်ငံသားဖြင့် ဦးဆောင်ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ဖော်သွားသည်။

ယင်းဖြစ်စဉ်တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ပျံသန်းလာသော MH 17 လေယာဉ် ယူကရိန်းတွင် ပစ်ချခံခဲ့ရပြီး လေယာဉ်ပေါ်ပါ ၂၉၈ ဦးစလုံး သေဆုံးသွားခဲ့ကာ အများစုမှာ နယ်သာလန်နိုင်ငံသားများဖြစ်ကြသည်။ ယင်းအချိန်က ယူကရိန်းတွင် ရုရှလိုလားသော ခွဲထွက်ရေးသမားများနှင့် ယူကရိန်းအစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်ဖြစ်သည်။

ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအရာရှိများ၏ တွေ့ရှိထုတ်ဖော်ချက်က ရုရှ၏ ပြောကြားထားချက်ကို တိုက်ရိုက်ဆန့်ကျင်စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ယင်း MH 17 လေယာဉ်ကို ယူကရိန်းအစိုးရ ထိန်းသိမ်းထားရာနယ်မြေမှ ပစ်ချခြင်းသာဖြစ်ကြောင်း ရုရှတို့ဘက်က အစောပိုင်းကတည်းက ခုခံ ပြောဆိုထားခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က လူအယောက် ၁၀၀ ခန့်ကိုပါ စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags