သဘာဝအခြေခံခရီးသွားလုပ်ငန်း တိုးတက်ဖို့ လိုအပ်ချက်များစွာ ရှိနေသေး

သဘာဝအခြေခံခရီးသွားလုပ်ငန်း တိုးတက်ဖို့ လိုအပ်ချက်များစွာ ရှိနေသေး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကျင်းပခြင်းဆိုင်ရာ အကြိုသတင်းစာရှင်းလင်းပွဲအား စက်တင်ဘာ ၂၈ရက်က  ပြုလုပ်နေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်း တိုးတက်လာစေရန် အဓိက စိန်ခေါ်ချက်က ငြိမ်းချမ်းရေးဖြစ်ပြီး နိုင်ငံခြားဧည့်သည်များ လာရောက်လည်ပတ်ရန် အဟန့်အတားဖြစ်နေရသည့် အားနည်းချက်များစွာလည်း ရှိနေသေးသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့် သဘာဝသယံဇာတများနှင့် သဘာဝအလှတရားသည် ဒေသတွင်းနိုင်ငံများက အားကျရသည့်အနေအထားရှိတွင် ရှိနေသော်လည်း နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ အိမ်နီးချင်းနိုင်ငံ လာအို ထက်ပင် နည်းနေသေးသည်။

“အဓိကလိုအပ်နေတာကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးရလာပြီးရင် ငြိမ်းချမ်းတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီဒေသတွေကို အကန့်အသတ်မရှိ သွားလာဖို့အတွက် လွယ်ကူလာပါလိမ့်မယ်။ အဲ့ဒီဒေသမှာ ခရီးသွားတွေ သွားလာနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေးတွေ၊ တည်းခိုနေထိုင်ရေးတွေ၊ သူတို့ရဲ့ စားသောက်ရေးတွေ အားလုံးကို တာဝန်ယူစီမံခန့်ခွဲပေးနိုင်မယ့် ဆောင်ရွက်ပေးရမယ့် ဝန်ဆောင်မှုတွေလည်း ရှိဖို့လိုပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးအနက် ခရီးသွားလာလည်ပတ်ရန် အကောင်းဆုံး(၁၀)နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်လာပြီဖြစ်သော်လည်း အားနည်းချက်များစွာရှိနေသေးကြောင်း စက်တင်ဘာ ၂၈ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနား ကျင်းပခြင်းဆိုင်ရာ အကြိုသတင်းစာရှင်းလင်းပွဲတွင် ဦးတင့်သွင်က မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

“တည်းခိုခတွေ ကြီးမြင့်တာ၊ ခရီးသွားလာရေးအတွက် စရိတ်တွေကြီးမြင့်တာ၊ သွားရောက်ရတဲ့ခရီးစဉ်နဲ့ တည်းခိုနေထိုင်ရတာနဲ့ ဝန်ဆောင်မှုတွေက ပေးရတဲ့ငွေကြေးနဲ့ ထိုက်သင့်တဲ့ညီမျှမှုတွေ မရတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံခြားသားအချို့အနေနဲ့ ဘဝင်မကျတာ၊ ကျွန်တော်တို့ရဲ့ အစားအစာတွေဟာ အစားအစာလုံခြုံမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အားနည်းသေးတာ၊ ဒီလိုအချက်အလက်တွေ အားလုံးဟာ အချိန်ယူပြီးမှ ဖြေရှင်းလို့ရမှာပါ” ဟု ၎င်းက ဆိုသည်။

သို့ရာတွင် အစိုးရသစ်သက်တမ်းငါးနှစ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် သစ်တောဌာနအပါအဝင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရများနှင့် ပေါင်းစပ်လုပ်ဆောင်သွားမည်ဟု ဦးတင့်သွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း နေရာပေါင်း ၂၁ခုရှိပြီး ၎င်းတို့မှာ ပုပ္ပါးတောင်ဥယျာဉ်၊ မြိုင်ဟေဝန်ဆင်စခန်း၊ အင်းတော်ကြီး ဘေးမဲ့တော၊ ဖိုးကျားဆင်စခန်း၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိုးယွန်းကြီးအင်း ဘေးမဲ့တော၊ လှော်ကားဥယျာဉ်၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ ဝက်သည်းကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၊ ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော စသည်တို့ ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly