မြန်မာ့အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း ကမ္ဘာ့စျေးကွက်ထဲ ၀င်ရောက်နိုင်ရန် Messe Frankfurt က ကူညီပေးမည်

မြန်မာ့အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း ကမ္ဘာ့စျေးကွက်ထဲ ၀င်ရောက်နိုင်ရန် Messe Frankfurt က ကူညီပေးမည်
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ DONG LONG မြန်မာ တရုပ် ဖက်စပ် အထည်ချုပ်စက်ရုံအား ဇူလိုင်လ တစ်ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

မြန်မာနိုင်ငံ၏အထည်လိပ်နဲ့ အဝတ်အထည်ဈေးကွက်က ထုတ်လုပ်သူများကမ္ဘာ့ဈေးကွက်မှ ဝယ်လက်များနှင့် ထိတွေ့ချိတ်ဆက်နိုင်ရန် နိုင်ငံတကာကုန်သွယ်ရေးပြပွဲများမှတစ်ဆင့် ဝန်ဆောင်မှုပေးသွားမည်လို့Messe Frankfurt -ပြင်သစ်၏ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူမိုက်ကယ် ရှားပဲကပြောသည်။

“ ကျွန်တော်ရဲ့ ပြပွဲတွေကဈေးရောင်းချတာမျိုးတစ်ခုကိုပဲလုပ်ကိုင်တာမဟုတ်ပါဘူး၊ အဲဒိကနေလေ့လာသင်ယူတာတွေတောင် လုပ်လို့ရပါတယ်။ ကျွန်တော်တို့ကကုမ္ပဏီတွေကိုဈေးကွက်ကိုလာရောက်နိုင်ဖို့ ဆွဲဆောင်ရပါတယ်။ခင်ဗျားအနေနဲ့ တစ်ခါတစ်လေကုန်စည်ပြပွဲတွေ ရောက်တဲ့အခါ ဈေးကွက်ရဲ့ ယှဉ်ပြိုင်နိုင်မှုအတွက် အခွင့်အလမ်းတွေကိုအခြားလူတွေထက် ပိုသိခွင့်ရမှာဖြစ်ပါတယ်။ ပြီၤးတော့ ပြပွဲမှာရှိတဲ့ ကျွန်တော်တို့ရ အကြံပေးဝန်ထမ်းတွေအကူအညီနဲ့ ဈေးကွက်အကြောင်းကိုသိရှိနိုင်မှာလည်းဖြစ်ပါတယ်”

Messe Frankfurt ဂျာမနီနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးနှင့် သမိုင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီးယင်းသည် နိုင်ငံတကာကုန်သွယ်ရေးပြပွဲအမျိုးအစားအစုံကိုကုန်ပစ္စည်းကဏ္ဍအလိုက် ခင်းကျင်းပြသသည့်   နေရာတွင်ဝန်ဆောင်မှုပေးသောကမ္ဘာ့ကုမ္ပဏီများထဲမှ အကြီးဆုံးကုမ္ပဏီတစ်ခုလည်းဖြစ်ပြီးမော်တော်ယာဉ်ကဏ္ဍ၊ အခြေခံအဆောက်အဦးကဏ္ဍ၊ အဝတ်အထည်-အထည်လိပ်လုပ်ငန်းနှင့် စားသုံးသူဆိုင်ရာကုန်ပစ္စည်းကဏ္ဍစသည့်နယ်ပယ် ၄ ခုအတွက် ကုန်စည်ပြပွဲများကိုဝန်ဆောင်မှုပေးလျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

လွန်ခဲ့သည့်၂ နှစ်ကစ၍ Messe Frankfurt ကုမ္ပဏီ၏ မြန်မာပြည်ကိုယ်စားလှယ်ရုံးခွဲဆိုင်ရာအရာရှိဖြစ်သူဒေါ်သက်စုလှိုင် ကပြည်တွင်းရှိအထည်ချုပ်လုပ်ငန်း-အဝတ်အထည်လုပ်ငန်းအပါအဝင် ကဏ္ဍအလိုက် ထုတ်လုပ်သူများသည်Messe Frankfurt ၏ နိုင်ငံတကာကုန်ပစ္စည်းပြပွဲများကနည်းပညာအခွင့်အလမ်းများကိုရရှိပြီးမြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် တွန်းအားပေးနိုင်သောတီထွင်ဆန်းသစ်မှုများကိုမြင်တွေ့နိုင်မှာဖြစ်သည်ဟုပြောဆိုထားသည်။

“သူများတွေ ပြသတာကို ကြည့်ပြီးပညာသင်ယူလို့ရမယ်၊ တီထွင်ဆန်းသစ်မှုတွေကို မြင်ရတယ်၊ သူများနိုင်ငံမှာငှက်ပျောရွက်ကနေအကျီ ၤထုတ်နိုင်နေပြီ၊ ငါတို့ဆီမှာငှက်ပျောပင်တွေ ခုတ်လို့မကုန်နိုင်ဘူး၊ ဘယ်လိုလုပ်မလဲဆိုတဲ့ တီထွင်ဆန်းသစ်မှုတွေ မြင်ရမယ်၊ ပြီးတော့ ပို့ကုန်ဈေးကွက်ဟာလုပ်လို့ရတယ်ဆိုတာကိုသိမြင်လာမယ်”

သို့ရာတွင် မြန်မာနိုင်ငံသားအများစုလက်ရှိလည်ပတ်နေသည့် အထည်ချုပ်လုပ်ငန်းအများစုကို ကြည့်လျှင် ယင်းလုပ်ငန်းများအနေနှင့် တစ်ဆင့်လက်ခစားစနစ်-CMP စနစ်ဖြင့် လုပ်ကိုင်သည်ကများသည်။မြန်မာနိုင်ငံအနေနှင့် ၂၀၁၃ ခုနှစ်ကစတင်၍ဥရောပနိုင်ငံများ၏ပို့ကုန်အထူးသက်သာခွန်-GSP အပြင် သုညရာခိုင်နှုန်းအခွန်-EAP ပြန်လည်ရရှိထားသော်လည်း ပြည်တွင်းထုတ်လုပ်သူများအနေနှင့် လက်ရှိဘဏ်လုပ်ငန်းလုပ်ထုံးလုပ်နည်းနှင့် ပံ့ပိုးမှုအားနည်းခြင်း၊ ပို့ကုန်မူဝါဒ၊ အစိုးရ၏အားပေးကူညီမှုစသည့် အချက်များကြောင့် အခက်အခဲများစွာရင်ဆိုင်နေရသည်။

“ မြန်မာပိုင်တဲ့ စက်ရုံတွေမှာ ပြည်တွင်းဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပံ့ပိုးမှုအားနည်းတယ်၊ နိုင်ငံတကာအဆင့်ကိုမရဘူး၊ နိုင်ငံတကာအဆင့်ကိုရဖို့အတွက် နိုင်ငံတကာဘဏ်တွေနဲ့ လုပ်မှာလား၊ပြည်တွင်းဘဏ်တွေကဒါတွေကိုတိုးချဲ့ပြီးတော့ လုပ်မှာလားဆိုပြီးတော့ ဒါတွေကိုဆောင်ရွက်ဖို့ လိုမယ်၊ လက်ရှိမှာတော့ ကျွန်တော်တို့ လက်ခစားစနစ်အလုပ်-CMP တွေကိုနိုင်ငံတော်ကပို့ကုန်၊သွင်းကုန်အခွန်သက်သာခွင့်ပေးတယ်၊ ဒါပေမယ့် ကုန်သွယ်မှုပါတဲ့ တင်ပို့မှု-FOB လုပ်မယ်ဆိုလက်ရှိအခြေအနေအရ ကျွန်တော်တို့ မလုပ်နိုင်ဘူး”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌဦးမြင့်စိုးကပြောပြထားသည်။ထို့အပြင် အဝတ်အထည်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအနေနှင့် ကိုယ်တိုင်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများတွင် ရောင်းချဖို့ အလှမ်းကွာဝေးလျက်ရှိသည်ဟုသူကပြောဆိုထားသည်။

“ ဒါ့ကြောင့် အနီးစပ်ဆုံးအနေနဲ့ လက်ခစားစနစ်-CMP ကနေကုန်သွယ်မှုပါတဲ့စနစ်-FOB ကိုအမြန်ဆုံးပြောင်းနိုင်မှသာလျှင် ကျွန်တော်တို့ရဲ့လုပ်ငန်းတွေ ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်”

မြန်မာနိုင်ငံလက်ခစားစနစ် အထည်ချုပ်လုပ်ငန်းများအနေနှင့် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလျံတင်ပို့ထားပြီးယခုဘဏ္ဍာနှစ်အတွက် ဒီဇင်ဘာလကုန်အထိကိုအမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ပြည်ပသို့တင်ပို့နိုင်ရန် ခန့်မှန်းထားသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္က ဦးမြင့်စိုးကပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly