တိုင်းရင်းသားတွေ မျက်စိနားပွင့်စေပြီး အစိုးရကို ထိန်းကျောင်းတဲ့မီဒီယာ လုပ်ချင်တယ်ဆိုတဲ့ ဦးမင်းဗညားစံ

28 September 2016
တိုင်းရင်းသားတွေ မျက်စိနားပွင့်စေပြီး အစိုးရကို ထိန်းကျောင်းတဲ့မီဒီယာ လုပ်ချင်တယ်ဆိုတဲ့ ဦးမင်းဗညားစံ

ရုပ်မြင်သံကြား မီဒီယာလုပ်ငန်းကို စိတ်ဝင်စားနေကြတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာ ခေါ်ယူခဲ့ပါတယ်။ လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီတွေအနေနဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV Setup Box မှာ Contect Proviter ပူးပေါင်းထုတ်လုပ်သူအဖြစ် လုပ်ကိုင်ခွင့် ရမှာပါ။ အခု ရုပ်မြင်သံကြား မီဒီယာလုပ်ငန်းကို စိတ်ဝင်စားတဲ့ ဟင်္သာစီးပွားရေးလုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ် ဦးမင်းဗညားစံ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ 

ဦးမင်းဗညားစံ (အမှုဆောင်အရာရှိချုပ်)

ဟင်္သာ စီးပွားရေး လုပ်ငန်းစု

လက်ရှိလုပ်တာက မျှပါတယ်။ ရုပ်သံဆိုပေမယ့် လောလောဆယ်က ကျွန်တော်တို့ ဒီ Facebook ကနေ တင်တဲ့ မီဒီယာလိုင်းတို့ ကျွန်တော်တို့ ဒီဘက်က MRTV ကို Supply လုပ်မယ့်ဟာတို့ နောက် ဂျာနယ်တို့ လက်ရှိကတော့ အဲဒါတော့ မျှထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကတော့ ရုပ်သံလိုင်းကို ပိုပြီး အားသာပါတယ်။ အဲဒီဘက်ကိုပဲ လုပ်ချင်ပါတယ်။

ဟုတ်ကဲ့။ ရုပ်သံလိုင်းဘက်ကို အားသာတယ်ဆိုတော့ ဒီရုပ်သံလိုင်းက အကျိုးအမြတ် ပိုရမယ် ထင်လို့လားရှင့်။

လက်ရှိမှာက ကျွန်တော်တို့ မီဒီယာလုပ်ငန်း လုပ်တယ်ဆိုကတည်းက အဓိက ကျွန်တော်တို့က ရမယ့် Income က Advertising avenue ပဲ ရှိပါတယ်။ လက်ရှိက Margin အကောင်းဆုံးနဲ့ တကယ့် ထုထည်ကြီးနိုင်တာက ရုပ်သံလိုင်းပဲ ဖြစ်နိုင်တယ်။ ရုပ်သံက သိပ်ပြီးတော့လည်း မရှိသေးတဲ့အတွက် Less Competitor နည်းတယ်ပေါ့နော်။ ကျွန်တော်တို့ Print မီဒီယာတွေကတော့ များလည်း များတယ်။ နောက်တစ်ချက်က Print မီဒီယာအတွက်က ဖြန့်ချိမှုက တော်တော်လေး အားထည့်ရတယ်။ အမှန်က ရုပ်သံလိုင်းအနေနဲ့ကတော့ ရေရှည်မှာတော့ အကျိုးအမြတ် ပိုများနိုင်တယ်။ နောက်ပြီး အင်တာနေရှင်နယ်ကလည်း ရုပ်သံလိုင်းကပဲ ပိုပြီးတော့ ကြီးကြီးမားမား လုပ်နိုင်တာပေါ့နော်။

ဟုတ်ကဲ့။ ဒါပေမယ့် ရုပ်သံလိုင်းတစ်ခုရဲ့ လက်ရှိအခြေအနေမှာ တစ်လကို ကုန်ကျစရိတ်က အကြမ်းမျဉ်းအားဖြင့် သိန်း ထောင်နဲ့ချီသွားတာလည်း ဖြစ်နိုင်တယ်။ ရာနဲ့ချီသွား တာလည်း   ဖြစ်နိုင်တယ်ဆိုတော့ ဒီပေါ်မှာ စီးပွားရေးအရ ရေရှည် ဖြစ်မယ်လို့ထင်လား။ မြန်မာပြည်ရဲ့ လက်ရှိစီးပွာရေး အခြေအနေက ခုနကပြောတဲ့   ကြောငြာတွေ ရှိတယ်ဆိုပေမယ့် အပြိုင်အဆိုင်လုပ်နေရတဲ့ စီးပွားရေးအခြေအနေမျိုးက အခုထိ မရောက်သေးဘူးလို့ ကျွန်မတို့ သုံးသပ်တယ်ရှင့်။ အဲဒီအပေါ်မှာ ဦးမင်းဗညားစံကရော ဘယ်လို သုံးသပ်လဲရှင့်။

လက်ရှိအနေအထားကတော့ ဒီဟာက စီးပွားရေးနဲ့ဆိုင်တယ်။ လက်ရှိ စီးပွားရေးအနေနဲ့ ပြောမယ်ဆိုရင်တော့ မလိုအပ်ဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တေ်ာတို့ လက်ရှိလုပ်နေတဲ့ ထုထည်က အင်တာနေရှင်နယ်နဲ့ ယှဉ်ကြည့်ရင် ကျွန်တော်တို့က ဘာမှမှမရှိတာ။ ဥပမာ ကျွန်တော်တို့နဲ့ အနီးဆုံး ကမ္ဘောဒီးယားနဲ့ ယိုးဒယားလိုင်းကိုပဲ ကြည့်လိုက်။ ကျွန်တော်တို့ တစ်နှစ်တစ်နှစ်မှာ ကြော်ငြာအတွက်  ကုန်ကျစရိတ်က ဒီဂျစ် နှစ်ခုပဲလုပ်တဲ့အချိန်မှာ ယိုးဒယားမှာ နှစ်ခုသုံးခုလေးခုလောက် ဖြစ်နေပြီ။ အဲတော့ အဲဒီအချိန်ကျမှ လုပ်ပြန်တော့လည်း ကျွန်တေ်ာတို့ နောက်ကျလို့ရှိရင် ကျွန်တော်တို့ရဲ့   ဈေးကွက်ရှယ်ယာက တစ်ဦးတည်း ကုမ္ပဏီတစ်ခုတည်းမှာပဲ စုပုံသလို ဖြစ်သွားမယ်။ အဲတော့ အခုကတည်းက အရှုံးခံပြီးတော့ လုပ်ထားနိုင်မှ ဒီလုပ်ငန်းက ရေရှည်မှာ အလုပ်ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။

ဟုတ်ကဲ့ပါရှင့်။ လက်တလောမှာ အစိုးရကနေပြီးတော့ ရုပ်သံလိုင်း ၅ လိုင်း ချပေးမယ်လို့လည်း တရားဝင် ပြောထားတာလည်းရှိတယ်။ ဦးမင်းဗညားစံတို့လည်း ဒါနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားတယ်ဆိုတဲ့အခါကျတော့ ဒါက အခုဆိုလို့ရှိရင် ဂြိုလ်တုစလောင်း တပ်ဆင်ခက သိန်း ၉၀၀ နှစ်စဉ်ကြေးက ဒေါ်လာ ၅၄၀၀ နဲ့ လစဉ်ကြေးက သိန်း ၂၀၀ အဲတော့ ဒီမှာ ဝန်ထမ်းတွေနဲ့ အခြားကုန်ကျစရိတ်တွေ မပါသေးဘူးပေါ့နော်။ အဲတော့ အဲဒီရဲ့ အစိုးရကသတ်မှတ်တဲ့ နှုန်းထားကရော လုပ်ငန်းရှင်တစ်ယောက်တွက်ဆိုရင်ရော တွက်ခြေကိုက်လား။ အပြင်မှာကတော့ ဒီနှုန်းထားက များတယ်ဆိုတာတွေ အခြားဟာတွေလည်း ထပ်ကြားနေရတယ်ဆိုတော့ အဲဒီအပေါ်မှာရော။

အဓိက အစိုးရက နှုန်းထားတွေကြားမှာ ကျွန်တေ်ာတို့မြင်တာပေါ့နော်။ လက်ရှိမှာ ဒီနှုန်းထားတွေက ပြီးခဲ့တဲ့အစိုးရက စတယ်လိုက် ဂြိုလ်တုတွေကို သူများနဲ့ စာချုပ်ချုပ်ထားတဲ့ ဈေးနှုန်းတွေဖြစ်နေတယ်။ တကယ်လို့သာ ရှေ့လာမယ့်ဟာမှာ မြန်မာပြည်ကလည်း ပွင့်လင်းလာပြီ။ မြန်မာပြည်က အစိုး၇ကိုယ်တိုင်ကလည်း ဂြိုလ်တု Channel တွေ ငှားတယ်ပြောတယ်။ အရင်တုန်းက ကျွန်တော်တို့တွေက အခြားကုမ္ပဏီကနေ ငှားရတယ်။ ဆိုတော့ အစိုးရ Channel ကနေ ငှားလို့ရှိရင် စရိတ်က ကျွန်တော်တို့ သိသလောက်ဆိုရင် ၅၄၀၀ က ၁၅၀၀ လောက်ပဲရှိတယ်။ အဲမှာက စရိတ်က ၃ ဆ ၁ ဆလောက် သက်သာသွားပြီ။ ကျွန်တော်တို့ထင်တယ် ဒီထက်ဈေးနှုန်း အများကြီးလျော့နိုင်တယ်။ လက်ရှိအစိုးရ တောင်းထားတဲ့ဈေးတွေဆိုတာက အပြောင်းအလဲလုပ်လို့ရတဲ့ဈေး။ သဘောက ဟိုဘက်က သူတို့ စာချုပ်ချုပ်တဲ့ ဈေးကျလာရင် ကျွန်တေ်ာတို့ကို သူ ဈေးလျော့ပေးရမယ်။ အဲအခါကျရင် ကျွန်တော်တို့ကုန်ကျစရိတ်ကလည်း သက်သာလာမယ်။ လက်ရှိကုန်ကျစရိတ်ကတော့ များပါတယ်။ ဒါပေမယ့်   ရေရှည်မှာတော့ ဒီလောက် မဖြစ်သင့်ပါဘူး။ အများကြီးတော့လျော့နိုင်ပါတယ်။

ဟုတ်ကဲ့။ လက်ရှိ မြန်မာနိုင်ငံမှာပေါ့နော် မီဒီယာက စီးပွားရေးအရ အောင်မြင်မှု မရှိဘူးဆိုတာလည်း သိမှာပါ။ အဲတော့လေ ခုနက အရှုံးခံပြီးတော့ လုပ်မယ်လို့ ပြောသွားတာလည်း ရှိတယ်ဆိုတော့ ဘယ်နှနှစ်လောက် Target ထားထားလဲ။ ဘယ်နှနှစ်လောက် ကိုယ့်ဘက်က ပေးဆပ်ရင်း ရနိုင်တဲ့ ငွေကိုရော ဘယ်လိုမျိုး တွက်ချက်ထားလဲရှင့်။

အမှန်ကတော့ အစကတော့ ကျွန်တော်တို့ ဒါက ရှုံးတယ်ဆိုပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုှုအတွက်လည်း ထည့်ရမယ်။ အဲတော့ အဲဒီဟာကတော့ အနည်းဆုံးတော့ ကျွန်တော်ထင်တယ် ဘယ်အလုပ်လုပ်လုပ် တစ်နှစ် နှစ်နှစ်ကတော့ ရှုံးမှာပဲ။ ရှုံးတယ်ဆိုတာကလည်း ကိုယ့်ဆီမှာက Customer က မရှိသေးဘူးလေ။ အဲတော့ ဒီ Customer တွေ ရှာရမယ်။ အဲဒါတွေ လုပ်ရဦးမယ်ဆိုတော့ ရင်းနှီးမြှုပ်နှံ့မှု ပေါ့။ နောက်တစ်ချက်က ကိုယ့်မှာ ကျွမ်းကျင်ဝန်ထမ်းတွေ မရှိသေးဘူး။ ကျွန်တော်တို့ ဒီအတွက်ကို ရင်းနှီးရမှာပေါ့နော်။ အနည်းဆုံးတော့ ကျွန်တော်တို့မှန်းတာကတော့ တစ်နှစ်နဲ့နှစ်နှစ် ကျွန်တေ်ာတို့ ရင်းရမှာပဲ။ အဲဒီ တစ်နှစ် နှစ်နှစ်မှာ ပွင့်လာမယ့် မြန်မာပြည်ရဲ့ စီးပွားရေးရယ် အင်ဖာစာချာရယ် အဲဒါတွေအကုန်လုံး ပြီးသွားလို့ရှိရင်တော့ အကုန်လုံး အကျိုးအမြတ် ရှိလာမယ်လို့တော့ ထင်ပါတယ်။

ဟုတ်ကဲ့ပါရှင်။ နောက်ဆုံးတစ်ခုလောက် မေးချင်ပါတယ်ရှင့်။ အခု ဦးမင်းဗညားစံက အခြားစီးပွားရေးုလုပ်ငန်းတွေကိုလည်း လုပ်တယ်။ မီဒီယာထဲကိုလည်း ကူးလာပြီဆိုတော့ ဒီမီဒီယာအပေါ်မှာ ဘယ်လောက်ထိ မျှော်မှန်းထားလဲရှင့်။ အနာဂါတ် မြန်မာ့မီဒီယာအပေါ်မှာပေါ့။

ကျွန်တေ်ာက အဓိက မီဒီယာလုပ်ချင်တာက အခြားမီဒီယာတွေနဲ့ မတူဘူးပေါ့နော်။ ကျွန်တော်တို့က စီးပွားရေးနဲ့ တိုင်းရင်းသားအရေးကို စောင်းပေးပြီးလုပ်တဲ့ မီဒီယာလုပ်ငန်းက တော်တော်လေး နည်းနေတယ်။ ဥပမာပေါ့နော် မီဒီယာတွေအကုန်လုံးက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာပဲ စုပြီးတော့ သတင်းကိုသွားတယ်။ ဘာဖြစ်လဲဆိုတော့ ဈေးကွက်ကလည်းဒီမှာပဲရှိတာလေ။ ဥပမာ မွန်ပြည်နယ်ကိစ္စမျိုးဆိုရင် တကယ့် တိတိကျကျ အခြေစိုက်တဲ့မီဒီယာ မရှိသေးဘူး။ မွန်၊ ကရင် ကျန်တဲ့နယ်တွေလည်း မီဒီယာတွေ မရှိသေးဘူး။ ကျွန်တော်က အဲဒီနယ်တွေကို ပိုစိတ်ဝင်စားတယ်။ အဲဒီနယ်တွေက တက်လာတဲ့သတင်းတွေရယ် အဲဒီနယ်ကို ပေးချင်တဲ့ သတင်းတွေပေါ့နော် အဓိကကတော့ တိုင်းရင်းသားတွေကိုလည်း မျက်စိ နား ပွင့်စေချင်တယ်။ နောက် အစိုးရတစ်ခုကိုလည်း ထိန်းကျောင်းပေးတဲ့ အနေအထားလုပ်ချင်တယ်။ မီဒီယာကလည်း လက်ရှိ ရှိနေတဲ့အနေအထားမှာ ဒီအစိုးရရဲ့ စတုတ္ထမဏ္ဏိုင်လိုမျိုးပေါ့နော် တည့်မက်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်ချင်တယ်ပေါ့နော်။ တခြားဘာရဲ့ လက်ကိုင်တုတ်မှမသွားပဲ အဲဒါကိုလုပ်ချင်တယ်။ နောက် မီဒီယာကိုလည်း မီဒီယာနဲ့တူတဲ့ စီးပွားရေးလုပ်ချင်လို့ အဲဒါကြောင့်လည်း ကျွန်တော် မီဒီယာလုပ်ငန်းကို စတာပါ။ ဒါကတော့ စိတ်ဝင်စိတ်ဝင်စားတာတော့ ကြာပြီပေါ့နော်။ အခုမှပဲ စဖြစ်တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly