နိုင်ငံကြီးသား ပီသစေချင်

နိုင်ငံကြီးသား ပီသစေချင်
 

အခုတလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူတွေ စိတ်မသက်မသာဖြစ်စရာ စကားတချို့ ပုံတချို့တင်တာ တွေ့လာရပြန်ပါတယ်။

ပုံတချို့ဆိုတာက မီးလောင်လို့သေဆုံးနေတဲ့ မြင်မကောင်းအောင်ဖြစ်နေတဲ့ အလောင်းပုံတွေကို သည်အတိုင်း တင်ပေးလိုက်တာမျိုးနဲ့ မဖွယ်မရာပုံတွေ တင်ပေးနေတဲ့ ပုံတွေဖြစ်ပါတယ်။ ပုံတချို့ကတော့ နိုင်ငံ့ခေါင်းဆောင်တချို့ကို ရုန့် ရင်းနိမ့်ကျတယ်လို့ လူတွေယူဆထားတဲ့ တိရစ္ဆာန်တွေနဲ့ အစားထိုးဖေါ်ပြတဲ့ ပုံတွေဖြစ်ပါတယ်။ တချို့တော့ ကိုယ်မနှစ်သက်တဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေအပေါ် ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ချိုးနှိမ်ရေးသားထားတဲ့ စကားတွေကို တင်ကြပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်မကြိုက်နှစ်သက်တာကို မကြိုက်နှစ်သက်တဲ့အကြောင်း ဘာကြောင့် မကြိုက်နှစ်သက်ကြောင်း ပြောခွင့် ရေးခွင့်ရှိတာ အမှန်ပါပဲ။ ကိုယ့်ထင်မြင်ယူဆချက် ကိုယ့်ခံစားချက်ကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိတာလည်း အမှန်ပါပဲ။

ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတချို့မှာ အထူးသဖြင့် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတချို့မှာ တိုင်းပြည်ခေါင်ဆောင်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို သရော်လှောင်ပြောင်တဲ့ စာအုပ်စာတမ်းတွေ၊ ရုပ်သံလိုင်းတွေ မရှိမဟုတ် ရှိပါတယ်။ ဥပဒေနဲ့ကို ခွင့်ပြုထားတာပါ။ ဒါပေမယ့် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဖော်ပြကြပါတယ်။ လူ့ဂုဏ်သိက္ခာ အဖွဲ့အစည်းဂုဏ်သိက္ခာ တဖက်သတ်ထိခိုက်ရလောက်အောင် ရုန့်ရင်းကြမ်းတမ်းတဲ့ အပြောအဆိုတွေ အပြုအမူတွေနဲ့ ဖော်ပြလေ့မရှိကြပါဘူး။ ဥပမာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ အဲ့သလို နည်းမှန်လမ်းမှန် ယဉ်ကျေးတဲ့ ဆိုရှယ်မီဒီယာတွေ ရှိနေတာ ကြာပါပြီ။

တခါ လူတွေရဲ့ အပြုအမူ အဆက်အဆံတချို့ ရိုင်းပြနေကြတာလည်းရှိပါတယ်။ ခဏတဖြုတ် လျှပ်တပြက်ကိစ္စများဖြစ်တယ်ဆိုသော်ငြားလည်းပဲ ဒီအပြုအမူတွေဟာ လူများစု အခြေခံလူတန်းစားဆီမှာ အခြေအမြစ်ရှိရှိ ခိုင်ခိုင်မာမာ အမြစ်စွဲစပြုလာနေတာဖြစ်လို့ ဂရုစိုက်ပြုပြင်ကြရမယ့် ကိစ္စကြီးတစ်ခုလို့ ပြောလို့ရပါတယ်။

ဥပမာ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံမရလို့ ပြတင်းပေါက်ဘေး မတ်တတ် ရပ်စီးရတဲ့ ခရီးသည်ကို ခရီးသည်အချင်းချင်းချင်းကပဲဖြစ်ဖြစ် ကားအကူလိုက်သူ ကားစပယ်ယာတချို့က အတင်းတွန်းဖယ်ပြီး ခဏခဏ ကွမ်းတံတွေး ထွေးတဲ့အပြုအမူမျိုး၊ တောင်းပန်ရမှန်းမသိ၊ အားနာရမှန်းမသိ မြန်မြန်ဖယ်မပေးရင်ပဲ ရန်လုပ်တော့မယ့်ဟန် ရှိတတ်ကြပါတယ်။ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ ကားတွေရပ်လိုက်ကြတယ်ဆိုရင်ပဲ ကားမောင်းသူအပါအဝင် ခရီးသည်တွေများများနဲ့ ကားစပယ်ယာတွေဟာ ကားတံခါးတွေတွန်းဖွင့်၊ ခေါင်းတွေပြူထွက်လာကြပြီး ကိုယ်စီကိုယ်ငှ အပြိုင်အဆိုင် ကွမ်းတံတွေး ထွေးတတ်ကြပါတယ်။ ဒါဟာလည်း လူတွေ မြင်လို့မကောင်းတဲ့အပြင် ပတ်ဝန်းကျင်ညစ်နွမ်းမှုဖြစ်စေတဲ့အပြုအမူများပဲ ဖြစ်ပါတယ်။

အခုတော့ အခြေခံလူတန်းစားအတွင်းမှာ လူအချင်းချင်းထားရှိရမယ့် လူမှုရေးအခြေခံအပြုအမူနဲ့ စိတ်နေစိတ်ထားတွေဟာ တော်တော်လေးကို ပျက်စီးယိုယွင်းလာနေပြီးဖြစ်ပါတယ်။ အခုတော့ အဲဒီလို အပြန်အလှန်လေးစားမှုကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကို အလေးအနက်ထားမှု ကင်းမဲ့တဲ့ အပြုအမူအပြောအဆိုတွေဟာ အနေကြာလာတဲ့အခါ ရုန့်ရင်းလို့ ရုန့်ရင်းမှန်းမသိ မှားနေလို့ မှားမှန်းမသိနိုင်လောက်အောင် အနည်ထိုင်လာတဲ့ အပြုအမူအမှား အပြောအဆိုအမှားတွေ ဖြစ်လာနေပါပြီ။ နောက်ဆုံးမှာတော့ တိုင်းပြည်ခေါင်ဆောင်တွေ၊ အဖွဲ့အစည်းခေါင်ဆောင်တွေ အပေါ်မှာတောင်မှပဲ အဲ့သလို အပြုအမူ အပြောအဆိုတွေနဲ့ ရိုင်းစိုင်းစွာ ပြောဆိုရေးသား ဖော်ပြလာကြတဲ့အထိ အမှားနယ်မြေ ကျယ်လာတာ တွေ့ကြရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးအဆင့်အတန်းကိုကြည့်ရင် အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ခန့်မှန်းလို့ရနိုင်လောက်တယ်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့နိုင်ငံ တကယ်ပဲ ယဉ်ကျေးမှုအဆင့်အတန်း နိမ့်ကျတဲ့နိုင်ငံတစ်ခုအဖြစ် လျောကျလာနေပြီလား။ မေးခွန်းထုတ်ရမလို ဖြစ်ပါတယ်။

မိမိတို့ပြည်သူများ နိုင်ငံကြီးသားပီသစွာ စိတ်ဓာတ်အတွေးအခေါ်နဲ့ အပြုအမူများ အခြေခံမှအစ ပြုပြင်ထိန်းမတ်ဖို့လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly