ကိုယ်ပိုင်အခွင့်အရေးအရအသင်းပြောင်းမယ်လို့ ပြောခဲ့တာပါ (ရတနာပုံဂိုးသမား သီဟစည်သူနှင့်တွေ့ဆုံခြင်း)

ကိုယ်ပိုင်အခွင့်အရေးအရအသင်းပြောင်းမယ်လို့ ပြောခဲ့တာပါ (ရတနာပုံဂိုးသမား သီဟစည်သူနှင့်တွေ့ဆုံခြင်း)

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ရတနာပုံအသင်းရဲ့ အဓိက ဂိုးသမား ဖြစ်တဲ့ သီဟစည်သူဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာတော့ အသင်းနဲ့ လမ်းခွဲဖို့ စီစဉ်ထားတယ်လို့ မီဒီယာတွေကို ထုတ်ပြောခဲ့ပါတယ်။ ဒီစကားအတွက် ရတနာပုံနည်းပြ ရီနီက သူ့ကိုရာသီကုန်အထိပွဲထွက်ခွင့်မပေးတော့ဘူးလို့ အတိအလင်းပြောခဲ့ပါတယ်။ ဒီအခြေအနေကြောင့် သီဟစည်သူရဲ့အနာဂတ်ဟာ ရတနာပုံမှာ ဆက်မရှိနိုင်တော့ပါဘူး။ သီဟစည်သူ ဘယ်အသင်းကို ပြောင်းမလဲ၊ ရတနာပုံအပေါ်သူဘယ်လိုသဘောထားလဲစတာတွေကို ပရိသတ်တွေသိနိုင်ဖို့ မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - မင်္ဂလာပါ ကိုသီဟစည်သူရေ။ အရင်ဦးဆုံး အစ်ကို့ရဲ့ ကစားသမားဘ၀ အစလေး ပြောပြပေးပါလား။

ဖြေ - ကျွန်တော် ၁၉၉၇ ခုနှစ်မှာ ရန်ကုန် အား/ကာ သိပ္ပံမှာ ကျွမ်းဘားကစားသမား ဘဝနဲ့ စခဲ့ပါတယ်။ နောက် ၂ နှစ်ကြာတဲ့အချိန်မှာပဲ ၁၉၉၉-၂၀၀၀ မှာ အသက် ၁၃ နှစ်အောက် ဘောလုံးအသင်းမှာ စပြီးတော့ ကစားခဲ့ပါတယ်။ အဲဒီတုန်းက ရာဇာဝင်းသိန်းတို့၊ ပိုင်စိုးတို့ နဲ့ အတူတူပဲ ကစားခဲ့တာပါ။ အဲဒီက စပြီးတော့ပဲ ဘောလုံးသမားဘ၀ စဖြစ်လာခဲ့တာပါ။

မေး - အစ်ကို့ရဲ့ကစားသမားဘဝက ကျွမ်းဘားကနေ စခဲ့တယ်ဆိုတော့ ကျွမ်းဘားက ဒီလိုဂိုးသမားတစ်ယောက်ဖြစ်လာစေဖို့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့လား။

ဖြေ - ကျွမ်းဘားကစားနည်းက အားကစားနည်း တော်တော်များများရဲ့ အခြေခံပါပဲ။ နိုင်ငံတကာမှာဆိုလည်း အချို့ကစားနည်းတွေမှာ ကျွမ်းဘားကို အခြေခံအဖြစ် ကစားကြပါတယ်။ ကျွန်တော့်အတွက်တော့ ပိုအဆင်ပြေပါတယ်။ ဂိုးသမားဆိုတော့ ဒိုက်ပစ်ရတယ်။ ဒိုက်ပစ်တဲ့အခါ ပြုတ်ကျတာတို့ ခုန်တဲ့အခါတို့တွေမှာ တော်တော် အထောက်အကူပြုပါတယ်။

မေး - ဘောလုံးသမားဖြစ်လာတော့ ပထမဆုံး လက်ရွေးစင်ကစားသမားဘ၀ ဖြတ်သန်းပုံလေး ပြောပေးပါဦး။

ဖြေ - ပထမဦးဆုံး လက်ရွေးစင်ဖြစ်တာကတော့ ၂၀၀၀ ခုနှစ်မှာပဲ ၁၄ နှစ်အောက် အရှေ့အာရှလူငယ်ပြိုင်ပွဲကို သွားပြိုင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ပထမဦးဆုံး လူငယ်လက်ရွေးစင် ဖြစ်ခဲ့တော့ အရမ်းလည်း ပျော်ရွှင်ခဲ့ပါတယ်။ ၂၀၀၃ မှာ ကျွန်တော် ဆယ်တန်းအောင်တဲ့အထိ အား/ကာ သိပ္ပံမှာ ကစားခဲ့တယ်။ ၂၀၀၄ မှာတော့ စီးပွားကူးသန်းအသင်းနဲ့ ဒုတိယတန်းမှာ စကစားတယ်။ ၂၀၀၅ အစပိုင်းမှာ လယ်/ဆည် မှာ အဆင့်မြင့်တန်း စကစားပါတယ်။ အဲဒီအချိန်မှာပဲ ၂၀ နှစ်အောက် မြန်မာ့လက်ရွေးစင် စဖြစ်ခဲ့ပါတယ်။

မေး - မြန်မာ့လက်ရွေးစင်အသင်းကြီးမှာရော ဘယ်တုန်းက စကစားဖြစ်ခဲ့ပါသလဲ။

ဖြေ - ၂၀၁၀ မှာ စပြီးတော့ လက်ရွေးစင်အသင်းကြီးမှာ အရွေးချယ်ခံခဲ့ရပြီး စကစားခဲ့ပါတယ်။

မေး - ဒီနှစ် ရာသီကုန်မှာ အသင်းကနေ ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရတဲ့အတွက် ဘယ်လိုအကြောင်းကြောင့်များလဲ ဆိုတာ သိလို့ရမလား။

ဖြေ - ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ပထမဦးဆုံး စဉ်းစားလိုက်တာ ဒီနှစ် ကုန်ရင်တော့ အသင်းနဲ့ ညှိနှိုင်းပြီးတော့ အဆင်ပြေရင် လမ်းခွဲလိုက်မှာပါ။ ဒီနှစ်ကုန်မှ လုပ်မှာဆိုတော့ ဒီဟာ ကျွန်တော်ကြိုပြောထားတဲ့အပိုင်းပဲ ရှိပါသေးတယ်။

မေး - အသင်းနဲ့ စာချုပ်ပါ အချက်အလက် အရမှာရော အစ်ကို့အနေနဲ့ လမ်းခွဲဖို့ အဆင်ပြေနိုင်ပါ့မလား။

ဖြေ - ဒါကတော့ ကျွန်တော်အသင်းနဲ့ ညှိနှိုင်းသွားမှာပါ။

မေး - အစ်ကိုအနေနဲ့ ဘယ်အသင်းကို ပြောင်းဖြစ်မယ်ဆိုတာကိုရော သိခွင့်ရှိနိုင်မလား။

ဖြေ - ကျွန်တော်အနေနဲ့ ဘယ်အသင်းကို ပြောင်းမယ်ဆိုတာမျိုး မရှိသေးပါဘူး။ ကျွန်တော် ဘောလုံးဆက်ကစားမယ် ကစားရင်းနဲ့ပဲ ကိုယ်တတ်ထားတဲ့ ပညာတွေကို အခြားညီငယ်လေးတွေကို ပြန်ပြီး မျှဝေပေးမယ်။ အေးအေးချမ်းချမ်းပဲ ကစားချင်တော့တယ်။ အဲဒီလိုတော့ ရည်ရွယ်ထားပါတယ်။

မေး - လက်ရှိ ရတနာပုံအသင်းအနေနဲ့ ဒီနှစ်မှာ အသင်းက လိဂ်မှာရော AFC မှာပါ ရလဒ်တွေ ဆိုးခဲ့တာက ဘယ်အပိုင်းတွေ အားနည်းနေတယ်လို့ ထင်ပါသလဲ။

ဖြေ - ကျွန်တော်တို့အသင်းအနေနဲ့ အကောင်းဆုံးကြိုးစားပါတယ်။ တခါတလေလည်း ဘဝမှာ ကြိုးစားတိုင်း မဖြစ်ခဲ့တဲ့ အရာတွေလည်း ရှိပါတယ်။ ဒါကတော့ လူတိုင်းကြုံဖူးပါတယ်။ ကစားသမားအနေနဲ့ နားလည်မှု အချိတ်အဆက်ပိုင်း နည်းနည်းလိုနေတယ်လို့ ထင်ပါတယ်။

မေး - အစ်ကိုအနေနဲ့ ဒီလိုအသင်းက ထွက်ခွာမယ်လို့ ကြိုပြောထားတဲ့အတွက် အသင်းမှာ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ပြဿနာ ကြုံနိုင်မယ်လို့ ထင်လား။ နည်းပြကလည်း ပွဲထွက်ခွင့်မပေးတော့ဘူးလို့ အတိအလင်းပြောထားတယ်လေ။

 ဖြေ - ဒါကတော့ အသင်းက နားလည်ပေးမယ် လို့ ထင်ပါတယ်။ ဒီကိစ္စကတော့ ကျွန်တော် ပြောပိုင်ခွင့်ရှိတယ် ထင်လို့ ပြောခဲ့တာပါ။ ဘယ်အသင်းမှ ပြောင်းမယ်လို့ ပြောတာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကိုယ်ပိုင် ရည်ရွယ်ချက်အရ ဆုံးဖြတ်ခဲ့တာပါ။ အသင်းက ပွဲထွက်ခွင့်ပေးတဲ့ ပွဲတိုင်းမှာလည်း ကြိုးစားကစားသွားမှာပါ။ ပွဲထွက်ခွင့်ပေးမပေးကတော့ နည်းပြဆုံးဖြတ်ချက်အတိုင်းပါပဲ။

 မေး - အစ်ကိုအနေနဲ့ ဘယ်တော့လောက် ကစားသမားဘဝက အနားယူဖြစ်မလဲ။ အဲဒီအချိန်ရောက်ခဲ့မယ် ဆိုရင် ဘာတွေဆက်လုပ်ဖို့ ရှိနိုင်မလဲ။

ဖြေ - အခုလက်ရှိတော့ ကျွန်တော် ခံယူထားတာက ကျွန်တော် အခုလိုမျိုး လက်ရွေးစင် ဖြစ်လာခဲ့တဲ့အတွက် တာဝန်ရှိသလိုခံစားရပြီး ကျွန်တော် တတ်သလောက်ကို ပြန်ပြီးတော့ မျှဝေချင်ပါတယ်။ ဘယ်တော့လောက်လဲ ဆိုတာတော့ မမှန်းတတ်သေးပါဘူး။ နည်းပြလုပ်ဖို့ကိုတော့ မမှန်းသေးပါဘူး။ ကစားရင်းနဲ့ ကစားသမားနည်းပြပုံစံမျိုးတော့ လုပ်ချင်ပါတယ်။ အခုလည်း ကစားနေတော့ ကျွန်တော့်အတွက်က အဲလိုမျိုးက ပိုအဆင်ပြေမယ် ထင်ပါတယ်။

မေး - ဧရာဝတီအသင်းကနေ ထွက်ခွာဖြစ်ခဲ့တာနဲ့ အခု ရတနာပုံအသင်းကနေ လမ်းခွဲဖြစ်ပုံက ဘာတွေများ ကွားခြားမှုရှိနိုင်မလဲ။

ဖြေ - ဧရာဝတီအသင်းမှာတုန်းကလည်း ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံရခဲ့ပါတယ်။ အကြောင်းကြောင်းတွေကြောင့်သာ ရတနာပုံကို ပြောင်းဖြစ်ခဲ့တာပါ။ ရတနာပုံမှာလည်း ကျွန်တော် မျှော်လင့်ထားတာထက်ကို အားပေးတယ်။ ပရိသတ်တွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အဆင်လည်းပြေပါတယ်။ နောက်ထပ်ကျွန်တော် ဆက်လုပ်ချင်တာလေးတွေရှိလို့ အသင်းက ထွက်ခွာဖို့ စီစဉ်ဖြစ်တာပါ။

မေး - ရတနာပုံပရိသတ်တွေကလည်း အစ်ကို့ကို အားပေးတယ် ဆိုတော့ တကယ်လို့သာ အသင်းကရော ပရိသတ်တွေကပါ မပြောင်းဖို့ ဆန္ဒရှိမယ် ဆိုရင် အစ်ကိုအနေနဲ့ ဘယ်လိုဆုံးဖြတ်သွားမလ။ဲ

ဖြေ - ဒါကတော့ ကျွန်တော့်ရဲ့ ဆန္ဒကို ကျွန်တော်က ထုတ်ပြောပြတာပါ။ လက်ရှိတော့ အသင်းနဲ့လည်း စာချုပ်ရှိသေးတော့ ညှိနှိုင်းမှုတွေ လုပ်ရဦးမှာပါ။ ကျွန်တော်ကတော့ အဖြစ်သင့်ဆုံးအရာကို စဉ်းစားပြီး ရွေးချယ်သွားမှာပါ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ အေးအေးဆေးဆေးပဲနေပြီး ညီငယ်တွေကို လက်ဆင့်ကမ်းမျှဝေချင်တော့တာပါ။

မေး - အစ်ကိုအနေနဲ့ ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။

ဖြေ - အခုလို သုံးနှစ်ပြည့်တော့မယ့် အချိန်အထိ ကျွန်တော့်ကို လက်ခံအားပေးတဲ့အတွက်ရော ကောင်းကောင်းဆိုးဆိုး အပြစ်မမြင်ခဲ့တဲ့အတွက်ရော ရတနာပုံအသင်းပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly