ငလျင်ဒဏ်ခံပြီးနောက်ပိုင်း ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်နိုင်ခြေ ပိုများလာ

ငလျင်ဒဏ်ခံပြီးနောက်ပိုင်း ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်နိုင်ခြေ ပိုများလာ

ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်ရာဖြစ်သော ပုဂံဒေသသည် မကြာသေးမီက ငလျင်ဒဏ်ခံပြီး ပျက်စီးမှုများဖြစ်ပေါ်ပြီးနောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဖြစ်လာရန် ပိုများလာကြောင်း ယူနက်စကိုတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၆ ရက်က ပြောသည်။

မြန်မာနိုင်ငံ၏ ကြည်ညိုဖွယ် ဘုရားစေတီများမှ တစ်နေရာဖြစ်သည့် ဘုရားစေတီပုထိုးပေါင်း ၂၀၀၀ ကျော်ထက်မနည်း တည်ရှိရာ ပုဂံဒေသသည် ခရီးသွားဧည့်သည်များအတွက် အဓိကဆွဲဆောင်ရာ နေရာလည်းဖြစ်သည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်က ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေး ယခင်စစ်အစိုးရက ကြိုးစားခဲ့ဖူးသော်လည်း ပယ်ချခံခဲ့ရသည်။ စစ်အုပ်ချုပ်မှုအောက် စည်းစနစ်မရှိ   ပြန်လည်ပြင်ဆင်မွမ်းမံတည်ဆောက်ထားခြင်းများကြောင့် ယခုကဲ့သို့ ပယ်ချခံရခြင်း ဖြစ်ဖွယ်ရှိသည်။

ပြီးခဲ့သည့်လက ငလျင်ကြုံခဲ့ရာတွင် အသစ်ပြင်ဆင်မွမ်းမံထားသည့် လက်ရာများ အများအပြား ပျက်စီးသွာခဲ့သည်။

ထို့အတွက် မူလလက်ရာများဖြင့် ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်ရာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများတွင် စာရင်းဝင်သတ်မှတ်ခံရမည့် အခွင့်အရေး မြင့်မားလာကြောင်း ယူနက်စကိုက ပြောသည်။

“ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့က အလွန်နီးစပ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပုဂံဒေသကို အသိအမှတ်ပြုရပါလိမ့်မယ်။”ဟု ရန်ကုန်ရှိ ယူနက်စကိုရုံးမှ အကြီးအကဲ ဆာဒါအူမာအလမ်က ပြောသည်။

“ဒီပုဂံမြေပေါ်မှာ သွားရောက်သုတေသနပြုနေတဲ့ ပညာရှင်တွေကလည်း ပုဂံဒေသကို အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ ယုံကြည်ထားကြပါတယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ်တွင် သတ်မှတ်ခံရရေး အချိန်ယူရမည့် လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို လာမည့်နှစ်ကစကာ စတင်လျှောက်ထားရန် စီစဉ်ထားပြီးလည်းဖြစ်သည်။

စစ်အစိုးရလက်ထက်က မကျွမ်းကျင်ဘဲ လွဲချော်သည့် ပြင်ဆင်မွမ်းမံမှုများ၊ ခေတ်ပေါ်ပစ္စည်းများဖြင့် ပြင်ဆင်တည်ဆောက်ခြင်းများကြောင့် ပုဂံစေတီပုထိုးများ၏ မူလလက်ရာဗိသုကာပုံစံများ ပျက်ရကြောင်း ပညာရှင်များက ပြောသည်။

“စစ်အစိုးရလက်ထက် ပြန်လည်ပြင်ဆင်တယ်ဆိုတာက အုတ်ခဲနဲ့ သံတွေကို သုံးထားတယ်။ ပုံမှန်အဆောက်အအုံတစ်ခုကို ပြင်ဆင်သလို လုပ်ထားတာပါ။ ဒါက အဓိကပြဿနာဖြစ်ရတာပဲ။”ဟု အူမာအလမ်က ပြောသည်။

လက်ရှိသည် ယူနက်စကိုမြန်မာက နိုင်ငံတကာအဖွဲ့တစ်ဖွဲ့နှင့် ပူးတွဲကာ ပုဂံဒေသတွင် ပူးပေါင်းလုပ်ကိုင်နေပြီး အစိုးရ၏ လာမည့်နှစ်၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် လျှောက်ထားမှုကိုလည်း ကူညီလျက်ရှိသည်။

ပုဂံဘုရားများ ပြန်လည်မွမ်းမံခြင်းတွင် ပထမအုပ်စုအဖြစ် ဦးစားပေး ဘုရားစေတီပုထိုး ၄၁ ဆူ ပြင်ဆင်မွမ်းမံမှုက အချိန် နှစ်နှစ်နီးပါးမျှ ကြာမြင့်မည်ဖြစ်သည်။

ပျက်စီးမှုဖြစ်ခဲ့သည့် ပုထိုးစေတီပေါင်း ၄၅၃ ဆူအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်းက အမေရိကန်ဒေါ်လာ ၁၂ သန်း ကျော် ကုန်ကျမည်ဖြစ်ကြောင်းလည်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags