ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁အသင်းကို ယူ-၂၀နှင့် ယူ-၂၃ကစားသမားများဖြင့်ဖွဲ့စည်းမည်

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁အသင်းကို ယူ-၂၀နှင့် ယူ-၂၃ကစားသမားများဖြင့်ဖွဲ့စည်းမည်
မြန်မာ ယူ-၂၃ အသင်း၊ ယူ-၂၀ အသင်းနှင့် ၂၀၁၃ခုနှစ်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ - MFF)

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်၌စတင်ကျင်းပမည့် သန်ညင်းယူ-၂၁ချန်ပီယံရှစ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၀အသင်းကို အခြေခံပြီး ဆီးဂိမ်းပြိုင်ပွဲဝင်ယူ-၂၃အသင်းမှ အသက်မီသောကစားသမားများနှင့်ပေါင်းစပ်ဖွဲ့စည်းရန် စီစဉ်ထားသည်။

ဗီယက်နမ်ယူ-၂၁ဖိတ်ခေါ်ပြိုင်ပွဲကို မလေးရှားဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး နည်းပြအဖြစ် ဂျာမနီနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကို တာဝန်ပေးရန်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

“ယူ-၂၁အသင်းကို ယူ-၂၀ကစားသမားတွေနဲ့ ယူ-၂၃ကအသက်မီတဲ့ကစားသမားတွေ ပေါင်းစပ်ဖွဲ့စည်းဖို့စီစဉ်ထားပါတယ်။ ယူ-၂၁ အသင်းက မလေးရှားဆီးဂိမ်းဝင်ပြိုင်မယ့်အသင်းပါ။ ကျွန်တော်တို့ အနေနဲ့ ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေနဲ့ဝင်ပြိုင်မှာပါ။ ယူ-၂၃အသင်းက အသက်မီတဲ့ ကစားသမား ခုနှစ်ဦးလောက်အထိပါဝင်လာနိုင်ပါတယ်။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

သန်ညင်းယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်ဗီယက်နမ်ယူ-၂၁အသင်းအပါအဝင် မြန်မာ၊ မလေးရှား၊ တောင်ကိုရီးယားအသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုထားပြီး ထိုင်းနှင့် သြစတြေးလျအသင်းများ ကိုလည်း ဖိတ်ကြားထားသည်။ အဆိုပါပြိုင်ပွဲကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းက ၂၀၀၇ နှင့် ၂၀၁၃ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ နှစ်ကြိမ်စလုံး စတုတ္ထရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly