အင်ဒိုနီးရှားက သြစတြေးလျမှ ကျွဲနွားတင်သွင်းမှု ကိုလျှော့ချနှစ်နိုင်ငံ တင်းမာမှုများကြောင့်ဟု စိုးရိမ်မှုများထွက်ပေါ်

အင်ဒိုနီးရှားက သြစတြေးလျမှ ကျွဲနွားတင်သွင်းမှု ကိုလျှော့ချနှစ်နိုင်ငံ တင်းမာမှုများကြောင့်ဟု စိုးရိမ်မှုများထွက်ပေါ်

ဂျကာတာ၊ ဇူလိုင်-၁၄ ။       ။ အင်ဒိုနီးရှားနိုင်ငံက သြတြေးလျမှ ကျွဲနွားတင်ပို့မှုကို သိသိသာသာ လျှော့ချလိုက်သည်ဟု အရာရှိတစ်ဦးက ဇူလိုင်လ ၁၄ရက်နေ့က ပြောကြားခဲ့သောကြောင့် အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုက ကုန်သွယ်ရေးကို ထိခိုက်လာနေ သည်ဟု စိုးရိမ်သောကများကို ဖြစ်ပေါ်လာစေခဲ့သည်။

တတိယသုံးလပတ်ကာလအတွင်း ဂျကာတာက ကျွဲနွားကောင်ရေ ၅၀၀၀၀သာ တင်သွင်းမည်ဖြစ်သောကြောင့် ယမန်နှစ် အလားတူကာလမှ ကောင်ရေ ၁၈၀၀၀၀နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားမှာ သြစတြေးလျ၏ တိရစ္ဆာန်ပို့ကုန်အတွက် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး၊ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၁ဘီလျံခန့်ရှိကာ လူ ထောင်ပေါင်းများစွာကို အလုပ်ပေးထားနိုင်သည်။  

အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေး ချိနဲ့နေရသည့်အထဲတွင် မကြာသေးမီလများအတွင်းက အုတ်အော်သောင်း သင်းဖြစ်သွား ခဲ့ရသည့် သြစတြေးလျနိုင်ငံသား မူးယစ်မှောင်ခိုင်သမားနှစ်ဦးကို ဂျကာတာက ကွပ်မျက်သုတ်သင်ခဲ့မှုနှင့် ခိုလှုံခွင့်ရှာဖွေသူများကို အင်ဒိုနီးရှားသို့ ပြန်ပို့ရန် သြစတြေးလျက ငွေပေးခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်သည့် သတင်းများထွက်ပေါ်လာ ခဲ့သောကြောင့်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပို၍စိုးရိမ်စရာဖြစ်လာခဲ့ရသည်။

''နိုင်ငံရေးနယ်ပယ်မှာ အင်ဒိုနီးရှားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက သြစတြေးလျကျွဲနွား တင်သွင်းမှု ကိုလျှော့ချရတဲ့ အကြောင်း ရင်းမဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်''ဟု သြစတြေးလျအတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ်ရှော့တင်း ကပြောကြား ခဲ့သည်။

ကျွဲနွားတင်သွင်းမှု လျှော့ချလိုက်သည့် သတင်းမှာ စိတ်ပျက်ဖွယ်ရာကောင်းလှပြီး၊ ပြဿနာကို ဖြေရှင်းရန် အင်ဒိုနီးရှားဝန်ကြီးများနှင့် မကြာမီတွေ့ဆုံဖို့ မျှော်လင့်မိကြောင်း သြစတြေးလျစိုက်ပျိုးရေးဝန်ကြီး ဘာနာဘီ ဂျွိုက်စ် ကပြောကြားခဲ့သော် လည်းနိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့ကမူ ကျွဲနွားတင်သွင်း မှုလျှော့ချခြင်းမှာ ကုန်သွယ်ရေးပြဿနာတစ်ခု သာဖြစ်ကြောင်းပြောကြားခဲ့သည်။

''ကျွန်တော်တို့ အမြဲမပြတ် ဆက်ဆံရေးရှိနေပါတယ်။ ဒါဟာ ကုန်သွယ်ရေးအရ စေ့စပ်ညှိနှိုင်းရမယ့် ပြဿနာတစ်ခုပဲဖြစ်တယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ သြစတြေးလျ-အင်ဒိုနီးရှား ဆက်ဆံရေးတစ်ခုလုံးနဲ့ မဆိုင်ပါဘူး။ ဆက်ဆံရေးက အလွန်ခိုင်မာပြီး အလွန်ကောင်းမွန်နေပါတယ်''ဟု သူမက ပြောကြားခဲ့သည်။  

မကြာသေးမီက တင်းမာမှုများမှာ ကျွဲနွားတင်သွင်းမှု ဖြတ်တောက်လျှော့ချရခြင်း၏ နောက်ကွယ်က အကြောင်းတရားမဟုတ်ဟု လည်း အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားကုန်သွယ်မှုအကြီးအကဲ ပါတိုဂီ ပန်ဂရီဘူရန်က ပြောကြားခဲ့သည်။

''ဒုတိယသုံးလပတ်မှာ ကျွဲနွားကောင်ရေ ၂၅၀၀၀၀အထိသွင်းထားတော့ စက်တင်ဘာအထိ လောက်ငှမယ်လို့ ထင်တယ်။ ပြည်တွင်းထောက်ပံ့အားကလည်း လုံလောက်ပါတယ်''ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားဥပဒေအရ ပြည်တွင်းထောက်ပံ့မှု မလုံလောက်မှသာလျှင် ကျွဲနွားများကို နိုင်ငံခြားမှ တင်သွင်းသည်ဖြစ်ရာ စတုတ္ထသုံး လပတ်တွင်မူ တင်သွင်းမှု မြင့်တက်လာနိုင်ကြောင်း ပန်ဂရီဘူရန်က ထပ်လောင်းပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံမှာ အမဲသား စားသုံးမှုတွင် ပြည်တွင်းတွင်သာ အလုံအလောက်ထုတ်လုပ်နိုင်ရန် ကြိုးစားလာနေခဲ့သည်။

၂၀၁၁ခုနှစ်က အင်ဒိုနီးရှားသားသတ်ရုံများတွင် ရက်ရက်စက်စက် သတ်ဖြတ်နေသည့် မှတ်တမ်းဗွီဒီယိုကြောင့် သြစတြေးလျ တင်ပို့သူများ ဒေါသထွက်ခဲ့ကြရရာ သြစတြေးလျက အင်ဒိုနီးရှားကို အခြားနိုင်ငံများမှ ကျွဲနွားတင်သွင်းရန် တိုက်တွန်းပြောကြား ပြီး ကျွဲနွားတင်ပို့မှုကို ယာယီပိတ်ပင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly