ကော်မရှင်စား မောင်မှန်

ကော်မရှင်စား မောင်မှန်
ကာတွန်း-ဖောင်းဖောင်း
 

အရပ်ရပ် နေပြည်တော် ကြားလို့မှမတော် အင်းဝအရေးက မအေးပေဘူးခင်ဗျ။ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်ဆိုတဲ့ ခေတ်ကြီးထဲမှာ ခုတ်ရုံ၊ ထစ်ရုံတင်မက ချိုးပါချိုးပြလိုက်တယ်။ တစ်သောင်းကျပ်တန်ထဲက ဆင်က လက်ချောင်းလေးတွေကို ကြိုးနဲ့ဆွဲပြီး လှန်ချိုးနေတဲ့ ကာတွန်းပုံလေး အင်တာနက်မှာ တွေ့ရတော့ မောင်မှန် နာနာကျင်ကျင်နဲ့ ရယ်ချင်မိတယ်။ အင်းဝကတော့ ကြော်ငြာအားမလိုဘဲ တစ်ပြည်လုံး ဝုန်းကနဲဆို ပေါက်သွားပါပြီ။ ဒီအကြောင်း မရေးတော့ပါဘူး။ ဒါကို ဖြေရှင်းပေးရင်းနဲ့ ဆိုင်ရာဆိုင်ရာ နှုတ်ကပတ်တော်တွေက ကျွံကျလာတဲ့ စကားအချို့အကြောင်းပဲ ရေးပါမယ်။

နာမည်(အမည်)ကိစ္စက စပါမယ်။ ပြီးခဲ့တဲ့ တစ်လလောက်က မဇ္ဈိမမှာပဲ မောင်မှန် နာမည်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ မျက်နှာပြောင်ပြောင်နဲ့ပဲ ကိုယ့်စာကိုယ် ပြန်ကိုးကားပါရစေ။

ဒေါ်အောင်ဆန်းစုကြည်လို့ခေါ်တာ (ရေးတာ)နဲ့ ဒေါ်စုကြည်လို့ ခေါ်တာ(ရေးတာ) လုံးဝ (လုံးဝ) အဓိပ္ပါယ် ကွာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့   ခေါ်တာဟာ လေးစားစွာခေါ်တာဖြစ်ပြီး   ဒေါ်စုကြည်လို့ခေါ်တာ စော်ကားမော်ကားလုပ်တာပါ။ (ခုတော့ ဒေါ်စုကြည်လို့ နှစ်ပေါင်းများစွာ ထပ်ခါထပ်ခါ ခေါ်ခဲ့ကြသူတွေကပဲ ဒေါ်အောင်ဆန်းစုကြည်ချင်း မိုးမွှန်နေပြန်ပါပြီ။   မြှောက်စားချီးမြှင့်နေပြန်ပါပြီ။ ဒီအန္တရာယ်ဟာ မသေးလှဘူးလို့ မောင်မှန် မြင်ပါတယ်။)

အဲဂလို ရေးခဲ့တယ်။ မောင်မှန် အဲဂလို ရေးခဲ့တယ်။ မောင်မှန်ရေးလို့မှ မှင်မခြောက်သေးဘူး လက်က ကလောင်တံမှ အောက်မချရသေးဘူး အသံဟောင်းကို ပြန်ပြောင်း ကြားရပါရောလား။ အင်းဝကိစ္စ ရှင်းလင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ဒေါ်စုကြည်လို့ ခေါ်ချပစ်လိုက်တယ်။ သူ့ရဲ့ အသွေးထဲ အသားထဲ အသည်းထဲ အရိုးထဲ စွဲနေတဲ့ အခေါ်အဝေါ်ပေပဲကိုး။ အရေးကြုံတော့ ပြန်ပေါ်ပြန်ခေါ် ဖြစ်တော့တာပဲ။ မောင်မှန် ရေးခဲ့မိတာ မှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ချင်း မိုးမွှန်နေကြသော်လည်း လိုအပ်ပါက စိတ်လှုပ်ရှားလာပါက ဒေါ်စုကြည်ဟုသာ ပြန်လည်ခေါ်ဆိုကြောင်း ပြောင်းရေးလိုက်မှသာ မောင်မှန်ဟာ မောင်မှန် ပြန်ဖြစ်မှာပါ။

ဦးဇော်ဝင်းရဲ့ နောက်စကားတစ်ခုကို ကြည့်ပါဦး။ "ကာယကံရှင်တွေကို နာရီဝက် အချိန်ပေးပြီး ကျနော်တို့ အပြင်ထွက်ပြီး ဆွေးနွေးစေပါတယ်။ ကလေးနှစ်ယောက်ရဲ့ အုပ်ထိန်းသူတွေကိုယ်တိုင်   ကျေနပ်စွာနဲ့ နစ်နာကြေး ယူခဲ့ကြတာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ တာဝန်က ညှိနှိုင်းပေးဖို့သာပါပဲ။ သူတို့ဘာသာ ညှိခဲ့ကြတာပါ။ ကျနော်တို့လည်း လာဘ်လည်း မယူပါဘူး။ စေတနာမေတ္တာ သန့်သန့်နဲ့ လူ့အခွင့်အရေး ရှုထောင့်က အကူအညီ ပေးခဲ့တာပါ" တဲ့။

လူ့အခွင့်အရေး ကော်မရှင်ရဲ့ တာဝန်က ညှိနိုင်းပေးဖို့သာပါပဲခင်ဗျ။ ဘာဖြစ်ဖြစ် ညှိပေးမှာလား။ ဘယ်သူနဲ့ဘယ်သူဖြစ်ဖြစ် ညှိပေးမှာလား။ လူတစ်ယောက်ကို ရာဇဝတ်မှုမြောက်အောင်   နှိပ်စက်ညှင်းပန်း ခဲ့ပြီးရင်ရော ညှိပေးမှာပဲလား။ ညှိပေးတာပေါ့ မောင်မှန်ရာ။ အဲသလို ညှိပေးလိုက်လို့လည်း အခုလိုအမှုကြီး ကြီးသွားတာပေါ့ကွာလို့ ပြန်မပြောလိုက်နဲ့ဦး။ နောင်ကို ဆက်လုပ်ဦးမှာလားလို့   မေးတဲ့သဘောပါ။ လုပ်ဦးမယ်ဆိုရင်တော့ မောင်မှန်နေတဲ့ ဆင်းရဲသားရပ်ကွက် ဝန်းကျင်မှာ ထိုးမှု ရိုက်မှုတွေ အတော်များပါတယ်။ များသာများတာ၊ သူတို့ခမျာ ဘာဗဟုသုတမှ ရှိရှာကြတာ မဟုတ်ဘူး။ ပြဿနာပေါ်ပြီးရင် မရှင်းတတ်ကြတော့ဘူး။ ထိပ်ပေါက် ခေါင်းကွဲလောက်နဲ့ ရဲသွားတိုင်ပြန်ရင်လည်း ဒီလောက်နဲ့တော့ တက်မလာနဲ့၊ တောက်ချလိုက်မယ်ဆိုတဲ့ ဇယားမျိုးခင်းရမှာ။   နောက်ပြီး ပြဿနာဖြစ်ကြသူတွေက ဆွေမကင်းမျိုးမကင်း မိတ်ဆွေသူငယ်ချင်းတွေ၊ တစ်ယောက်တစ်ယောက်စာအား နစ်နာသွားအောင် လုပ်လို့ကလည်း မဖြစ်သေးဘူး။ ရပ်ကွက် အုပ်ချုပ်ရေးရုံးက ရှင်းပေးတာလောက်ကျတော့လည်း နိမ့်တယ်။ လျော်ကြေးလေး ငါးထောင်တစ်သောင်းလောက်နဲ့ သူတို့ကို လက်ဘက်ရည် ပြန်တိုက်ရတာနဲ့တင် ပြောင်ရော။ လုပ်တဲ့ကောင်ကို ခံဝန်ထိုးခိုင်းတယ်ဆိုတာလည်း ထိရောက်မှု သိပ်ရှိတာ မဟုတ်ဘူး။

ဒီတော့ ဗဟုသုတများတဲ့ မောင်မှန်က ပြဿနာများတဲ့ ရပ်ကွက်သားတွေအတွက် အကောင်းဆုံး အခြေအနေတစ်ခုကို သွားစဉ်းစားမိပါတယ်။ ကော်မရှင်က အရင်အလုပ် ဆက်လုပ်ဦးမယ်ဆိုရင် ထိပ်ပေါက်ခေါင်းကွဲ၊ လက်ကျိုးခြေကျိုး၊ ဇက်ကျိုး အဲ ဇက်ကျိုးတော့ မရလောက်ဘူး ထင်တယ်နော်။ ဇက်ကျိုးရင် ရှောဘရေားသား ပြနေပြီး။ လူသတ်မှုဖြစ်နေပြီ။ ဒီလောက်ကြီးကိုတော့ ညှိပေးမယ် မထင်ပါဘူး။ ရတယ်ဆိုလည်း ပိုကောင်းတာပေါ့လေ။ ထားပါတော့။ အဲဒါတွေဖြစ်ရင် မောင်မှန်က ကော်မရှင်ရုံးကို ဦးဆောင်ပြီး ခေါ်လာမယ်။ တိုင်စာတွေဘာတွေ ရေးရမယ်ဆိုရင်လည်း သူတို့ကိုယ်စား ရေးပေးမယ်။ ရုံးစရိတ်စက နည်းနည်းပါးပါး ရှိမယ်ဆိုရင်လည်း မောင်မှန်ကပဲ စိုက်ထုတ် ကျခံပေးထားဦးမယ်။ ကော်မရှင်က လက်ခံ ညှိနှိုင်းပေးမှာပါပဲ။ သူတို့တောင် အပြင်ထွက်ပေးဦးမယ်။ အပေါ်မှာ ဦးဇော်ဝင်းပြောထားတာ တွေ့တယ်မို့လား။ နာရီဝတ်တောင် အချိန်ရတယ်။ ညှိကြပေါ့။ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဘယ်သူ့ကိုမှ ဘာဖိအားမှ မပေးပါဘူး။ ညှိနှိုင်းဖို့နေရာထိုင်ခင်း ဖန်တီးပေးတဲ့သဘောလောက်ပါခင်ဗျာ။ ကိုယ်ချင်းကိုယ် ပြေလည်သွားဖို့ လျော်ကြေးပမာဏ ထွက်လာပြီဆိုရင် မောင်မှန့်အတွက် လာထားအာဘွားပဲ။ ၄၀ ရာခိုင်နှုန်းလောက်တော့ လုပ်လိုက်။ သူတို့ကလည်း ကျေကျေနပ်နပ် ပေးကြမှာပါ။ မောင်မှန်က သူတို့ရဲ့ ကျေးဇူးရှင်ကြီးမို့လား။ သူတို့ကို အစစအရာရာ ဦးဆောင် စိုက်ထုတ်ပေးခဲ့တာမို့လား။ မောင်မှန်လိုလူစား သူတို့တစ်သက်မှာ တွေ့ဖို့ မလွယ်ဘူးမို့လား။ ကော်မရှင်ရဲ့ ကော်စား မောင်မှန်လေ။ မောင်မှန် ဒီလိုစဉ်းစားထားတာပါခင်ဗျာ။ အော် ..... ကော်မရှင်ကတော့ မောင်မှန်တို့ တစ်ပဲခြောက်ပြားကိစ္စတွေမှာ ဘာဇယားမှ ခင်းမယ်မထင်ပါဘူး။ ပြောပြီးသားပဲ။ လာဘ်လည်း မယူပါဘူးတဲ့။ စေတနာမေတ္တာသန့်သန့်နဲ့ လူ့အခွင့်အရေး ရှုထောင့်ကနေ အကူအညီ ပေးနေရှာကြတာပါခင်ဗျာ။

ဂလိုဂလောက် လူ့အခွင့်အရေး ရှုထောင့် အကူအညီပေးနေခဲ့တာတောင်မှ သတင်းစာရှင်းလင်းပွဲမှာ သရော်စော်ကား လုပ်ချင်တဲ့ သတင်းထောက်က ရှိသေးတယ်။ ကြည့်လေ မေးခွန်းမဟုတ်၊ ဘာမဟုတ် ဦးဇော်ဝင်းကြီးကို သွားပြောတာ ကြည့်ဦး။ သိန်းငါးဆယ်ပေးပြီး ဆရာ့လက်ဆစ်တွေ ချိုးလို့ရမလားတဲ့။ ဟိုက စိတ်ဆိုးပြီပေါ့။ တင်းပြီပေါ့။ တုံ့ပြန်ပြီပေါ့။ မင်းအခုလုပ်ကြည်လိုက်လေတဲ့။ သိန်းငါးဆယ်နဲ့ လက်ခံတယ်ဆိုတဲ့သဘောလား။ ပြန်သတ်မယ်ဆိုတဲ့သဘောလားဆိုတာတော့ စာဖတ်သူများသာ စဉ်းစားတော်မူကြပါခင်ဗျာ။

ခုလို ပြဿနာတွေပေါ်မှပဲ ဦးဇော်ဝင်းကြီးနဲ့ နောက်ကြောင်းကို မောင်မှန်တို့ သိရတော့တယ်။ ဒုတိယ ရဲချုပ်လုပ်ခဲ့ဖူူးသတဲ့။ အကျဉ်းဦးစီး ညွှန်ချုပ်လုပ်ခဲ့ဖူးသတဲ့။ အော် ..... လူ့အခွင့်အရေးကို အင်မတိအင်မတန်ကို စောင့်ထိန်းလေးစား လိုက်နာကျင့်သုံးတဲ့ ဌာနဆိုင်ရာတွေမှာ အကြီးအကဲ လုပ်ခဲ့သူပေပဲ။ ဒါကြောင့်မို့လို့လည်း အရင်သမ္မတကြီးက လူ့အခွင့်အရေး ကော်မရှင်မှာ ဆက်လက် နေရာချထားပေးတာပေါ့။ ဒါမှလည်း လူ့အခွင့်အရေး ကော်မရှင်ဆိုတာ အဓိပ္ပာယ် ပြည့်ဝပေတော့မပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly