မလေးရှား စစ်သားတစ်ချို့ကို အိုင်အက်စ်နှင့် ချိတ်ဆက်မှု ရှိမရှိ စောင့်ကြည့်နေရဟု ကာကွယ်ရေးဝန်ကြီး ပြော

မလေးရှား စစ်သားတစ်ချို့ကို အိုင်အက်စ်နှင့် ချိတ်ဆက်မှု ရှိမရှိ စောင့်ကြည့်နေရဟု ကာကွယ်ရေးဝန်ကြီး ပြော

စက်တင်ဘာ ၂၆ ။                    ။ စစ်တပ်အတွင်းမှ တပ်ဖွ့ဲဝင် ၁ ရာခိုင်နှုန်းခန့် အိုင်အက်စ် စစ်သွေးကြွအဖွဲ့နှင့် ဆက်နွယ် ပတ်သက်မှု ရှိနေနိုင်မည့်အပေါ် အထူးထောက်လှမ်းရေး တပ်ဖွဲ့က အနီးကပ် စောင့်ကြည့်နေရလျက် ရှိကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ခံထုတ်ပြန်သွားသည်။

ယခုကဲ့သို့ စောင့်ကြည့်ခံ တပ်သားဦးရေမှာ မပြောပလောက်သော်လည်း ဝန်ကြီးဌာနနှင့် စစ်တပ် ခေါင်းဆောင်ပိုင်းအနေဖြင့် ဖြစ်နိုင်ဖွယ် အကြမ်းဖက် အန္တရာယ်များ ကြိုတင် တားဆီးနိုင်ရေး အထူးဂရုစိုက် လုပ်ဆောင်နေလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဒါတွတ်က်ဆရီဟီရှမ်မူဒင် ဟူစိန်က ပြောသွားသည်။

" ကျွန်တော်တို့ အားလုံး အထူးသတိထား လုပ်ဆောင်နေပါတယ်၊ စစ်တပ်ထောက်လှမ်းရေးအဖွဲ့အနေနဲ့ ကျွန်တော်တို့ တပ်ထဲက စစ်သား၊ စစ်သမီးတစ်ချို့ရဲ့ စိတ်ထဲမှာ အကြမ်းဖက်ဝါဒ ဖုံးလွှမ်းခံထားရခြင်း ရှိမရှိ ကျွန်တော်တို့ သေချာ စောင့်ကြည့်ထားရပါမယ်" ဟု ၎င်းက ပြောသွားသည်။

အလားတူ မည်သူမဆို အစ္စလမ္မစ် နိုင်ငံတော် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ ဝါဒဖြန့်မှုအောက် ကျရောက်သွားနိုင်ချေ ရှိနေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက သတိပေးထားသည်။

" လက်တော့ပ်တစ်လုံး ဒါမှမဟုတ် ကွန်ပြူတာတစ်လုံး ရှိရုံနဲ့ ဒီလို ဝါဒတွေနဲ့ ပတ်သက်ဆက်နွယ်နေနိုင်မှု အလားအလာက ရှိနေမှာပဲလေ၊ ဒါကြောင့်ကျွန်တော်တို့ အချိန်တိုင်းသတိရှိနေဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသွားသည်။

အိုင်အက်စ်ကဲ့သို့သော အစွန်းရောက်အကြမ်းဖက်အုပ်စုများမှာ လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာနေလျက်ရှိခြင်းကြောင့် နိုင်ငံအားလုံး ပူးပေါင်းတိုက်ခိုက်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags