မြန်မာနိုင်ငံအနေဖြင့် ​လစ်ဘရယ်မဆန်သည့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ မရောက်ရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံအနေဖြင့် ​လစ်ဘရယ်မဆန်သည့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ မရောက်ရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံအနေဖြင့် လူအခွင့်အရေးကို ထိခိုက်စေပြီး လစ်ဘရယ်မဆန်သည့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရောက်သွားလိမ့်မည်မဟုတ်ဟု အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က စီအင်န်အင်န်သတင်းထောက် ဖာရက်ဇာကာရီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

ဒီမိုကရေနည်းလမ်းဖြင့် အင်အားရရှိလာသူများက လူ့အခွင့်အရေးကို စနစ်ကျစွာ ထိခိုက်ပျက်စီးစေခြင်းနှင့် လူနည်းစုများအပေါ် နှိပ်ကွပ်ဆက်ဆံမှုများ လုပ်ဆောင်သည့် နိုင်ငံများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ရေးသားခဲ့သည့် The Future of Freedom: Illiberal Dremocracy at Home and Abroad စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများအပေါ် အခြေခံကာ လူမျိုးရေးပဋိပက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အခြေအနေသို့ ရောက်ရှိနိုင်ခြင်း ရှိ၊မရှိကို ဇာကာရီက မေးမြန်းခဲ့သည်။

“ကျွန်မကတော့ သည်လိုဖြစ်လာလိမ့်မယ်လို့ မထင်မိပါဘူး။ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပွားနေတဲ့အကြောင်းရင်းတွေအနက် တစ်ခုက စိုးရိမ်ထိတ်လန့်မှုတွေရှိနေခြင်းပါပဲ။ မွတ်စလင်တွေပဲ သည်လိုခံစားရတာမဟုတ်ပါဘူး။ ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင်လည်း သူတို့ဘဝရပ်တည်မှုအတွက် စိုးရိမ်နေရပါတယ်။ သဘာဝရင်းမြစ်တွေ ကြွယ်ဝတဲ့ ဒေသဖြစ်ပေမယ့် ဆင်းရဲနေပါတယ်။ ဖွံ့ဖြိုးမှုအရမ်းနိမ့်ကျတယ်။ ဒါကြောင့်မို့ လူမျိုးစုတွေအကြား ညီညွတ်သင့်တင့်စွာ နေထိုင်နိုင်အောင် လုပ်ဆောင်ပေးရင်းနဲ့ ဒီဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရံဖန်ရံခါတွင် အဖြေများသည် ရိုးစင်းလွန်သောကြောင့် လူအများက အမှုမဲ့အမှတ်မဲ့ဖြစ်နေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လာခြင်းအပေါ် မေးမြန်မှုနှင့် ပတ်သက်၍
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန်တွင်လည်း အတိုက်အခံ ခေါင်းဆောင်တစ်ဦးအခြေအနေကထက် ထူးထူးခြားခြား
လုပ်ဆောင်နေခြင်းမျိုးမရှိကြောင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံ သို့မဟုတ် မတူညီသည့် တိုးတက်မှု လမ်းကြောင်းပုံစံသစ်ဖြင့်
နိုင်ငံတစ်နိုင်ငံအဖြစ် မျှော်မှန်းထားသလားဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအသီးအသီးအနေဖြင့် တိုးတက်ဖွံ့ဖြိုးမှု ပုံစံအမျိုးမျိုးရှိသော်လည်း ပါတီစုံဒီမိုကရေစီစနစ်အား အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဆိုပါက ရေရှည်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

ကွယ်လွန်သွားပြီဖြစ်သော တောင်အာဖရိကခေါင်းဆောင်ဟောင်း နယ်ဆင်မင်ဒဲလားအား ထောက်ပြကာ ခွင့်လွှတ်မှု ဆိုသည့်အကြောင်းအရာအား ဇာကာရီက မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “လူတွေက ခွင့်လွှတ်မှုအကြောင်း ကျွန်မကို
မေးမြန်းလာတဲ့အခါ  ဒီအကြောင်းအရာကို စဉ်းစားဖို့ မလိုပါဘူးဆိုတာပြောပြရတယ်။ ကျွန်မအနေနဲ့ အမုန်းတရားဆိုတဲ့ ခံစားချက်မရှိပါဘူး။ ဒါဟာ ကျွန်မရဲ့ မွေးရာပါ စိတ်ဓာတ်ဖြစ်လို့ ကံကောင်းတယ်လို့ ဆိုရမှာပါ” ဟု ပြောကြားခဲ့သည်။

မိမိအပေါ်ထိခိုက်နစ်နာစေရန် လုပ်ဆောင်ခဲ့မှုများအပေါ် အမှတ်အတေးမရှိသည့်အပြင် ကျေးဇူးတင်ထိုက်သူများ၏ ကျေးဇူးတရားများကိုသာ အမှတ်ရတတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly