ကလပ်စံချိန်တင် လစာငွေဖြင့် ဟယ်ရီကိန်းကို စပါးအသင်း စာချုပ်သစ် ချုပ်ဆိုမည်

ကလပ်စံချိန်တင် လစာငွေဖြင့် ဟယ်ရီကိန်းကို စပါးအသင်း စာချုပ်သစ် ချုပ်ဆိုမည်

စက်တင်ဘာ ၂၅၊ အင်္ဂလန် ။             ။ စပါးအသင်းသည် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းကို ကလပ်စံချိန်တင်လစာငွေ ပေါင် ၁၂၀,၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဟယ်ရီကိန်းကို ပြီးခဲ့သည့် ၂၀၁၅ ဖေဖော်ဝါရီလကမှ တစ်ပတ်လစာငွေ ပေါင်ငါးသောင်းဖြင့် ငါးနှစ်ခွဲစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ သို့သော်စပါးအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရရှိခဲ့သော ဟယ်ရီကိန်းအား အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် စာချုပ်သစ်ချုပ်ဆိုမည် ဖြစ်သည်။

စပါးအသင်းသည် အယ်လီ၊ ဒီယာ၊ အဲရစ်ဆင်၊ ဝေါ်လ်ကာ၊ ဒန်နီရို့စ် စသည့် အဓိက ကစားသမားများကို စာချုပ်သစ်များ အသီးသီးချုပ်ဆိုပြီးနောက် ဟယ်ရီကိန်းအား စာချုပ်သစ်ချုပ်နိုင်ရန် ကြိုးစားလာခြင်း ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုနိုင်ပါက ကိန်းမှာ စပါးအသင်းသမိုင်းတွင် လစာငွေအများဆုံးကစားသမားဖြစ်လာမည်ဖြစ်သည်။ ယခင်က စပါးအသင်း၏ လစာငွေအများဆုံးကစားသမားမှာ ဂါရတ်ဘေးလ်ဖြစ်ပြီး တစ်ပတ်ပေါင် ရှစ်သောင်း ရရှိခဲ့သည်။ မကြာသောကာလတွင် စပါးအသင်းသည် ကိန်းကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိမ့်မည်ဟု သတင်းများက ဖော်ပြနေကြသည်။

စပါးအသင်းသည် နောက်ခံလူ ဗာတွန်ခံနှင့် အလယ်တန်းကစားသမား လာမီလာတို့ကိုလည်း ၂၀၂၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဟု သတင်းများက ဆိုသည်။

ရည်ညွှန်း ဒေးလီးအိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly