အလုပ်ရှင်များ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခကို ကန့်ကွက်နေမည့်အစား အဆင်မပြေမှသာ ပြန်တင်ပြသင့်ဟု အလုပ်သမား ညွှန်ချုပ်ဆို

အလုပ်ရှင်များ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခကို ကန့်ကွက်နေမည့်အစား အဆင်မပြေမှသာ ပြန်တင်ပြသင့်ဟု အလုပ်သမား ညွှန်ချုပ်ဆို
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ္ဂများကွန်ယက်မှ ဦးဆောင်ပြုလုပ်သော အနည်းဆုံး လုပ်ခလစာ တစ်နေ့ ၃၆၀၀ သတ်မှတ်ချက်အပေါ် အလုပ်သမားများက တစ်နေ့ ကျပ် ၄၀၀၀ ရရှိရေး ဆန္ဒပြထုပ်ဖော်ပွဲကို ဇူလိုင် ၁၂ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို၊မဇ္ဈိမ)

ရန်ကုန်၊ ဇူလိုင် ၁၄ ။    ။ အနည်းဆုံး လုပ်ခ၊ လစာ သတ်မှတ်ရေး အမျိုးသား ကော်မတီက သတ်မှတ်လိုက်သည့် တစ်နေ့ ရှစ် နာရီ အနည်းဆုံး လုပ်အားခ ကျပ် ၃၆၀၀ ကို မပေးနိုင်ဟုဆိုပြီး အလုပ်ရှင်များအနေဖြင့် ကန့်ကွက်နေမည့် အစား ကုန်ထုတ် စွမ်းအားကို မြှင့်တင်နိုင်အောင် ဆောင်ရွက်သင့်ပြီး အဆင် မပြေမှုများ ရှိခဲ့မှသာ ပြန်လည် တင်ပြသင့်သည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။

 သတ်မှတ်ထားသည့် လုပ်အားခ တစ်နေ့ ကျပ် ၃၆၀၀ အစား ကျပ် ၂၅၀၀ သာပေးမည်ဟု ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်ရှိ လုပ်ငန်းရှင်များက  ကန့်ကွက်ခဲ့ပြီး ရန်ကုန်မြို့ ပေါ်ရှိ လုပ်ငန်းရှင် အယောက် ၂၀၀ ခန့်က ကန့်ကွက်ခဲ့သည်ဟု လည်း ၎င်းက ပြောသည်။

အနည်းဆုံး လုပ်ခ၊ လစာ သတ်မှတ်ရေး အမျိုးသား ကော်မတီ အတွင်းရေးမှုးလည်းဖြစ်သူ အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က "  နောက်ဆုံး  တကယ်ပဲ မပေးနိုင်ဘူးဆိုရင်  သူတို့ဝင်ငွေနဲ့ထွက်ငွေ  အဲလို ဖြစ်နေရင်  (မညီမျှမှု ရှိရင်) ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြလိုက်ပေါ့။ တကယ်လုပ်ကြည့်မှ ချုပ်ခက ဒီလောက်ပဲရတယ်၊ အလုပ်သမားတွေ ကိုပေးနေရတာက ဒီလောက်ရှိတယ်၊ တရားမဝင်ကုန်ကျစရိတ်က ဒီလောက်ဖြစ်နေရင်ဆွေးနွေး တင်ပြဖို့ လိုတယ် "ဟုပြော သည်။

ကော်မတီက သတ်မှတ်ပေးထားသည့် ကျပ် ၃၆၀၀ အစား ကျပ် ၄၀၀၀ ရရှိမှသာ အဆင်ပြေမည်ဟု ရန်ကုန်တိုင်းအတွင်း ရှိ အလုပ်သမား အဖွဲ့ ၂၁ ဖွဲ့က  ဇူလိုင် ၁၃ရတွင်  ရန်ကုန်တိုင်းဒေသကြီး အမျိုး သား ကော်မတီတွင် တင်ထားသည်ဟု အလုပ် သမားများသမဂ္ဂမှ ဥက္ကဌ ဦးအောင်လင်းက မဇ္ဈိမ ကိုပြောသည်။

ယင်းအပြင် ဇူလိုင် ၁၂ ရက်ကလည်း အနည်းဆုံးလုပ်ခ၊ လစာ ကျပ် ၄၀၀၀ ပေးရန် လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမား အချို့က ဆန္ဒပြခဲ့သေးသည်။

 ယင်း ကန့်ကွက်မှုများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတ်ီ များမှ တစ်လအတွင်း  ဖြေရှင်းပေးရမည် ဖြစ်ပြီး ယင်းကော်မတီမှ  မဖြေရှင်းနိုင်ပါက အမျိုးသားကော်မတီ ကဖြေရှင်းပေးရမည် ဟုလည်း ၎င်းကပြောသည်။

အလုပ်ရှင်များဘက်က လုပ်ခ ၊ လစာ မတိုးပေးနိုင်ခြင်းနှင့် ပတ်သက်၍ လှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံမှ  မန်နေဂျာ ဦးထွန်းအောင်ဇော်က "ကျွန်တော်တို့စက်ရုံအနေနဲ့ က အလုပ်သမားတွေကို မတိုးပေးချင်လို့ မဟုတ်ဘူး ။ တစ်ဖက်အလုပ်ငန်း အပ်တဲ့သူကိုက လက်ခ ကိုမတိုးပေးတာ ကျွန်တော်တို့က တိုးပေးလို့မရဘူး"ဟု ၎င်းက ပြောသည်။

တိုင်ရီ ဖိနပ်စက်ရုံတွင်  အလုပ်သမားတစ်ဦး၏ အခြေခံလစာ၊ အချိန်ပိုလုပ်အားခ၊ရက်မှန်ကြေး အပါအဝင် တစ်ဦးကို ပျမ်းမျှ ကိုးသောင်း ဝန်းကျင်ရရှိသည်ဟု ၎င်းကပြောသည်။

အနည်းဆုံး တစ်နေ့လုပ်ခလစာ ၃၆၀၀ကျပ်ကို ဇွန်လ ၂၉ရက်က အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီက သတ်မှတ် လိုက်ခြင်းဖြစ်ပြီး ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်ပါကပြင်ဆင် ၊ဖြည့်စွက်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး ကန့်ကွက်မှု မရှိပါက အတည်ပြုပေးရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly