မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အီးယူက ချီးမွမ်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး အီးယူက ချီးမွမ်း

ဒေါ်အောင်ဆန်းစုကြည်၏ လက်ထက်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်မှုများကို အီးယူက စက်တင်ဘာ ၂၃ ရက်တွင် ချီးမွှမ်းလိုက်ပြီး ၁၅ နှစ်အတွင်း ပထမဆုံးအဖြစ် ကုလသမဂ္ဂက လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူဆုံးဖြတ်ချက် ချမှတ်ရန် လိုလိမ့်မည်မဟုတ်ကြောင်း ပြောသည်။

နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ခြင်းမှသည် အစိုးရ၏ လုပ်ဆောင်ချက်များက မယုံနိုင်လောက်အောင် ပြောင်းလဲမှုများ ရှိလာနေကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ တွင် Partnership Group on Myanmar သို့ မိန့်ခွန်းပြောရာ၌ အီးယူနိုင်ငံခြားမူဝါဒအကြီးအကဲ ဖရက်ဒရစ်မိုဟာရီနီက ပြောသည်။

“မြန်မာအစိုးရက လူ့အခွင့်အရေးမှာ မြှင့်တင်ဖော်ဆောင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တွန်းတင်လုပ်ဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြန်လွှတ်နေတယ်။”ဟု ၎င်းကပြောသည်။

အမုန်းတရားလှုံ့ဆော်သူများကိုလည်း အရေးယူမှုများ စတင်လုပ်ဆောင်လာကာ ရခိုင်ပြည်နယ်အရေးတွင်လည်း ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်တစ်ရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေးခိုင်းထားကြောင်းလည်း ၎င်းက ပြောသည်။

နှစ်ငါးဆယ်အတွင်း ပထမဆုံးအဖြစ် တိုးတက်မှုများကို အသိအမှတ်ပြုလျက် အီးယူအနေဖြင့် ယခုကုလသမဂ္ဂညီလာခံတွင် မြန်မာနိုင်ငံကို လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အရေးယူဆုံးဖြတ်ချက် တင်မည်မဟုတ်ကြောင်းလည်း ပြောသည်။

မိုဟာရီနီက ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းပြောရာတွင် “နှစ်ငါးဆယ်အတွင်း မြန်မာနိုင်ငံက မယုံနိုင်လောက်အောင် လုပ်ဆောင်နိုင်ကြောင်း” ဆိုသည်။

ရခိုင်ပြည်နယ်အနေအထားက ရှုပ်ထွေးခက်ခဲကြောင်းကိုလည်း အီးယူအနေဖြင့် နားလည်ပါကြောင်း မိုဟာရီနီက ပြောပြီး ဒေါ်အောင်ဆန်းစုကြည်အား “ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာနဲ့ မွတ်စလင်များကြား ပြဿနာများကို ဖြေရှင်းနိုင်ရေးက ရှင်အနေနဲ့ ခက်ခက်ခဲခဲ လုပ်ဆောင်နေတာကို သိရှိပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရခိုင်ပြည်နယ်က မွတ်စလင်များ၏ အခက်အခဲအပေါ် ကိုင်တွယ်ဖြေရှင်းမှု နည်းပါးသည်ဟု ဝေဖန်မှုများလည်း ကြုံနေရသည်။

စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာ၌ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် လုပ်ဆောင်နေပြီး အခြားသောနိုင်ငံများအနေဖြင့် နားလည်မှုရှိကာ ပါဝင်ကူညီဖို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly