ရခိုင်နယ်စပ်က အစ္စလမ်ဘာသာဝင်များ၏ အဆောက်အဦများကို ဖြိုဖျက်ဦးမည် မဟုတ်သေး

ရခိုင်နယ်စပ်က အစ္စလမ်ဘာသာဝင်များ၏ အဆောက်အဦများကို ဖြိုဖျက်ဦးမည် မဟုတ်သေး
ဓာတ်ပုံ - RiA

စစ်တွေ၊ စက်တင်ဘာ ၂၄ ။          ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသ မြို့နယ်များဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ အဆောက်အဦ သုံးထောင် ကျော်ကို တရားမဝင်မှုဖြင့် ဖျက်သိမ်းမည့် ကိစ္စကို ယခုလောလောဆယ်တွင် အကောင်ထည်ဖော်မည် မဟုတ်ဘဲ စိစစ် ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောသည်။

“တရားမဝင် အဆောက်အဦးများရဲ့ကိစ္စ အ၀၀နဲ့ ပတ်သက်ပြီးတော့ စိစစ်ဆောင်ရွက်ဖို့အတွက်
ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ ဖွဲ့ထားပြီးသလို ခရိုင်မြို့နယ် အဆင့်တွေကိုလည်း ဖွဲ့ရမှာဖြစ်ပါတယ်။ တရားမဝင် အဆောက်အဦးတွေနဲ့ ပါတ်သက်ပြီးတော့လည်း အမျိုးအစားအလိုက် နေရာအလိုက် စိစစ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။” ဗိုလ်မှူးကြီး ထိန်လင်းက ပြောသည်။

မောင်တောခရိုင်မှ အစ္စမ်လမ်ဘာသာဝင်တို့၏ ဘာသာရေးနှင့် အခြားအဆောက်အဦတို့ ဖြိုဖျက်မည့် သတင်းနှင့် ပတ်သက်၍ ဒေသခံများအနေနှင့် စိုးရိမ်နေမှုများရှိသည့်အပေါ် စက်တင်ဘာ ၂၄ ရက်နေ့၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ၌ ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးဌာန၏ စာအရင်း အချက်အလက်များအရ မောင်တော ခရိုင်အတွင်း တရားမဝင် အ ဆောက်အဦးများ အဖြစ် ဗလီ ၁၂ လုံး ၊ အာရ်ဗီကျောင်း ၃၅ ကျောင်း ၊ လူနေအိမ် ၂၅၄၃ ဆောင်၊ ဈေးဆိုင်ခန်း ၆၀၄ ခန်းနှင့် အခြားအဆောက်အဦး ၁၃၂ ခု၊ စုစုပေါင်း ၃၃၂၆ မှာ ဖျက်သိမ်းရမည့် အဆောက်အဦးများ ဖြစ်သည်။

“မြို့နယ်၊ ခရိုင်အဆင့်က တင်ပြလာတဲ့ အဆောက်အဦးတွေက တော်တော်လေးကို များပြားနေတယ်။ ဒါတွေကို ကြည့် လိုက်တော့လည်း ဒါတွေဟာ လယ်မြေတို့၊ ဥယျာဉ်တို့၊ စားကျက်တို့၊ ကြိုးဝိုင်း သစ်တောတို့လို နေရာတွေမှာတည် ဆောက် ထားတာတွေဖြစ်တဲ့ အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားရင်တော့ ရနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီ ကိန်း ဂဏန်းတွေဟာ အကြမ်းဖျင်းပဲဖြစ်တဲ့ အတွက် ကျွန်တော်တို့ ကော်မတီက စိစစ်မှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး ထိန်လင်းက ပြောသည်။

တရားမဝင် အဆောက်အဦးများ ဖြိုဖျက်နိုင်ရန်အတွက် စက်တင်ဘာ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ အထွေထွေ အုပ်ချူပ်ရေးရုံးတွင် အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်နယ်ဥပဒေချူပ်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မောင်တောခရိုင်ရှိ အစ္စလမ်ရပ်ကွက် ကျေးရွာ အုပ်ချူပ်ရေးမှူးတို့ တက်ရောက်ခဲ့ပြီး တရား မဝင် အဆောက်အဦများကို ဖြိုဖျက်နိုင်ရန် အမိန့်ထုတ်ပြန်ချက်များ အဆင့်ဆင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၀ ရက်နေ့က လူထုတွေ့မှုပြုလုပ်စဉ်တွင် " အဆောက်အဦဖြိုဖျက်မည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင် ပြည်နယ် ဝန်ကြီးချူပ်ထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း" ထည့်သွင်းပြောကြား ခဲ့သည်။

ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အဆောက်အဦစာရင်းများကို ပြန်လည် စီစစ်သွားမည်ဖြစ်ကာ လော လောဆယ် ဖြိုဖျက်ရန် အစီစဉ်မရှိကြောင်း သတင်းမီဒီယာများကို ပြောကြားချက်အရ သိရသည်။

 
တရားမဝင် အဆောက်အဦများ တချို့သည် ကျေးရွာအဖြစ် တည်ရှိနေရာ ၎င်းတို့ကို ပြည်ထဲရေးဌာနမှ အသိအမှတ်ပြု ကျေးရွာများ ဖြစ်လာစေရန် အစီစဉ်များလည်း ရှိကြောင်း ရှင်းလင်းပွဲအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly