ပင်းတယမြို့ရဲ့ အသည်းနှလုံးများ

24 September 2016
ပင်းတယမြို့ရဲ့ အသည်းနှလုံးများ

ပင်းတယမြို့ဆိုတာ လူသိများတဲ့ နေရာတစ်ခုပါ။ ဒီမြို့လေးက အောင်ပန်း ရပ်ဆောက်နဲ့ ဟဲဟိုးဆိုတဲ့ မြို့သုံးမြို့အလယ်မှာ တည်ရှိနေတဲ့ မြို့လေးတစ်မြို့။ ဓနုတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ မြို့တစ်မြို့။ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်မှု အများဆုံးဖြစ်တဲ့ မြို့လေးတစ်မြို့။ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲက မြို့လေးတစ်မြို့။ ပြီးတော့ တန်ဖိုးထား မြတ်နိုးစရာတွေ အများကြီးပိုင်ဆိုင်ထားတဲ့ မြို့လေးတစ်မြို့ပါ။ 

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ရွာငံမြို့ကနေ ပင်းတယမြို့ကို ကားနဲ့သွားမယ်ဆိုရင် ၂ နာရီလောက်တော့ ကြာပါမယ်။ ပြီးတော့ ရွာငံကနေ ပင်းတယမြို့ကိုသွားဖို့ လမ်း ၃ လမ်းရှိတယ်လို့ သိထားပါတယ်။ ပထမလမ်းကတော့ မင်းဂျဒေါရွာမရောက်ခင် လေးရွာလမ်းခွဲပါ။ ဒီလမ်းကနေသွားမယ်ဆိုရင်တော့ ၁၂ မိုင် ၆ ဖာလုံ ဝေးပါတယ်။ ဒါပေမယ့် ဒီလမ်းဟာ အရမ်းမတ်စောက်တယ်လို့ ဆိုပါတယ်။ ဒုတိယလမ်းကတော့ မင်းဂျဒေါရကြီးအလွန် ပွေးပြတ်ဆန်သီးကုန်းလမ်း၊ တတိယလမ်းကတော့ ကျုံးလမ်းခွဲကနေ ပင်းတယကိုသွားတဲ့လမ်းပါ။ ဒီလမ်းကတော့ လမ်းကြောင်း ပိုရှည်ပါတယ်။ ရွာငံကနေ ကျုံးအထိ ၃၃ မိုင်၊ ကျုံးကနေ ပင်းတယသို့ ၁၂ မိုင် ဝေးပါတယ်။ ဘယ်လမ်းကသွားသွား လမ်းတစ်လျှောက်မှာ တွေ့ရမှာကတော့ မြေနီနီနဲ့ တောင်ယာလုပ်ငန်းခွင်တွေရယ် လှေကားထစ် စိုက်ခင်းတွေရယ် နိမ့်လိုက်မြင့်လိုက်နဲ့ သွယ်တန်းနေတဲ့ မှိုင်းညို့ညို့ တောင်တန်းတွေရယ် ဒီမြင်ကွင်းတွေကို ပန်ချီကားတစ်ချပ်လို ကြည့်ရှုခံစားရမှာပါ။

ဟိုး ခပ်ဝေးဝေးမှာ ပင်းတယမြို့ရဲ့ အမှတ်အသားတစ်ခုကို တွေ့မြင်ရပါပြီ။ ပြီးတော့ ဒီနေ့ဟာ ပင်းတယမြို့ရဲ့ ငါးရက်တစ်ခါ ကျရောက်တဲ့ ဈေးနေ့ပါ။ ရှမ်းပြည်နယ်က မြို့တွေကတော့ ငါးရက်တစ်ကြိမ် အလှည့်ကျ ဈေးနေ့တွေ ရှိကြပါတယ်။ ဒီလို ဈေးနေ့တွေမှာဆိုရင် အနီးအနားရွာတွေက ဈေးရောင်းသူ ဈေးဝယ်လာသူတွေနဲ့ စည်ကားလှသလို ပစ္စည်းလည်းစုံပါတယ်။

ဒီဈေးနေ့မှာဆိုရင် ပင်းတယမြို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေက သူတို့ရဲ့ ဒေသထွက်ကုန်တွေကို လာရောက်ပြီးတော့ ရောင်းချပါတယ်။ ဒီဘက်မှာ ဘယ်လိုဒေသထွက်ကုန်မျိုးတွေ ဘယ်လိုမျိုး လတ်လတ်ဆတ်ဆတ်နဲ့ ခင်းကျင်းရောင်းချနေတယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ဒါကတော့ ငါးရက်တစ်ခါ ဈေးနေ့ကျတတ်တဲ့ တောင်ပေါ်ဈေးမြင်ကွင်းပါ။ ဒီဈေးနေ့မှာတော့ စကားသံဝဲဝဲလေးနဲ့ ဈေးရောင်းကြတာကို မှတ်တမ်းတင်ခဲ့ကြတယ်။ ပြီးတော့ မြို့ပြဈေးမှာ တွေ့ရမြင်ရတတ်တာနဲ့ ကွာခြားမှုတွေကိုလည်း သတိထားမိပါတယ်။

အာလူးရောင်းတဲ့အဒေါ်တစ်ယောက်ကို မေးကြည့်ပါတယ်။

အန်တီရေ ဒီအာလူးတွေက ဘာဖြစ်လို့ အရောင်မတူတာလဲဟင်။

အဲဒါက မြေဖြူှမှာစိုက်တာနဲ့ မြေနီမှာစိုက်တာ ကွာသွားလို့ပါ။

အဲဒါဆိုရင် အရသာကရော ဘယ်လိုကွာသွားလဲဟင်။

အတူတူပါပဲ။

လူတွေက ဘယ်ဟာကို ပိုစားကြလဲဟင်။

အနီကို ပိုစားကြပါတယ်။

ပင်းတယမြို့အနီးဝန်းကျင်မှာ ဓနုတိုင်းရင်းသားတွေအပြင် ပလောင်၊ ပအိုဝ့်နဲ့ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ ဒါကြောင့် ဒီဈေးထဲမှာလည်း ရိုးရာအစားအစာတွေကိုလည်း တော်တော်ရနိုင်ပါတယ်။

ပြီးတော့ ဒီဒေသတစ်ဝိုက်မှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပါတယ်။ ဒါကြောင့်မို့လည်း အသီးအရွက်တွေက လတ်လတ်ဆတ်ဆတ်နဲ့ ဈေးကလည်း ချိုပါသေးတယ်။ ပြီးတော့ ဒါတွေက သဘာဝမြေသြဇာတွေနဲ့ စိုက်ထားတာပါတဲ့။ ဈေးရောင်းတဲ့သူတွေကလည်း ဖက်ရွက်တွေကို သုံးနေကြတုန်းပါပဲ။ သဘာဝပစ္စည်းလေးတွေလည်း သုံးနေကြတုန်းပါပဲ။ ချောင်းထဲကငါးတွေကိုလည်း နှီးနဲ့တွယ်ပြီးတော့ ရောင်းနေတာကို တွေ့ရပါတယ်။ သူတို့ကြက်သားရောင်းတဲ့ ပုံစံကလည်း  အတော်ကို ထူးဆန်းနေပါတယ်။ ငါးရှဉ့်တွေက အကြီးကြီးတွေမို့ မြွေလို့တောင် ထင်မိပါတယ်။

တကယ်တော့ ဒေသတစ်ခုရဲ့ စားသောက်မှုပုံစံတွေကို အဲဒီနေရာရဲ့ ဈေးထဲကို ဝင်ကြည့်လိုက်တာနဲ့ မြင်ရမှာပါ။ ဒေသခံတွေ နေ့စဉ် စားသောက်နေရတဲ့ ပုံစံတွေကို မျက်ဝါးထင်ထင် သိခွင့်ရလိုက်ပါတယ်။

ဒီမှာကတော့ အသုတ်ဆိုင်ဖြစ်မယ်နဲ့တူတယ်။ ခေါက်ဆွဲကြော်လေးတွေလည်း ရတယ်။ ထူးထူးဆန်းဆန်း နာနတ်သီးကို ဘာလုပ်ထားတာလည်းမသိဘူး။ ပဲပုတ်နဲ့ သုတ်ထားတာတဲ့။ ငါးရုတ်သီးနဲ့ ပဲပုတ်နဲ့ ထည့်ပြီးတော့ သုတ်ထားတာတဲ့။ နဲနဲကိုင်ပြီးတော့ မြည်းကြည့်မယ်နော်။

ဟုတ်ရပါတယ်။ မြည်းကြည့်ပါ။

သူက နာနတ်သီး အစိမ်းကို သုတ်ထားတာလား။ အမှည့်ကို သုတ်ထားတာလား။

အမှည့်ကို သုတ်ထားတာပါ။

နာနတ်သီး ချိုတဲ့အရသာအပြင်ကို ပဲပုတ်အနံ့လေး ထည့်ပြီးတော့ သုတ်ထားတယ်။ ငရုတ်သီး၊ သကြား၊ ဆားနဲ့ ရောပြီးသုတ်ထားတာပါတဲ့။ အနံ့လေးကတော့ မွှေးတယ်။ ချိုချိုချဉ်ချဉ်လေးနဲ့။ ပြီးတော့ ပဲပုတ်အနံ့လေးပါတော့ ပြောရမယ်ဆိုရင် အရသာလေးက အရမ်းကို ထူးဆန်းနေပါတယ်။ 

ပင်းတယဈေးကတော့ တိုင်းရင်းသားတွေနဲ့ အနီးကပ်ဆုံး တွေ့ဆုံ စကားပြောခွင့်ရအောင် လုပ်ပေးနေသလိုပါပဲ။

အန်တီ ဒါကဘာလဲဟင်။

အဲဒါ ကင်မွန်းသီးအမှုန့်ပါ။ ကိုယ်တိုက်တဲ့ဟာပါ။ ဆပ်ပြာလိုမျိုးပါပဲ။

တရော်ကင်မွန်းသီးမှာပါတဲ့ ကင်မွန်းသီးကို အမှုန့်ကြိတ်ထားတာလား

ဟုတ်ပါတယ်။

သူက ချွဲလားဟင်။

ချွဲပါတယ်။ ချေးလည်း ပြောင်တယ်လေ။ သူကတော့ ချွဲချွဲလေးပါ။ ရေချိုးရင် အဓိကသုံးတာပါ။

ရေတစ်ခါချိုးရင် ဘယ်လောက်လောက် သုံးလို့ရလဲရှင့်။

တစ်ခါချိုးရင် ကြိုက်သလို သုံးလို့ရပါတယ်။ မျက်နှာလည်းသစ်လို့ရတယ်။ သွားလည်း တိုက်လို့ရပါတယ်။ တစ်ကိုယ်လုံးလည်း တိုက်လို့ရပါတယ်။

အော် ဟုတ်ကဲ့ပါ။ အဲဒါဆို ဒီတစ်ဘူးကို ဘယ်လိုရောင်းလဲရှင့်။

တစ်ဗူးကို ၆၀၀ ရောင်းပါတယ်။

( ဆက်လက်ဖေါ်ပြပါမည်….)

 

Mizzima Weekly