သက်ကြီးရွယ်အိုများကို ဘတ်ဂျက် အခက်အခဲကြောင့် ထင်သလောက် မထောက်ပံ့နိုင်ကြောင်း လူကယ်ပြန်ဝန်ကြီး ဌာနဆို

သက်ကြီးရွယ်အိုများကို ဘတ်ဂျက် အခက်အခဲကြောင့် ထင်သလောက် မထောက်ပံ့နိုင်ကြောင်း လူကယ်ပြန်ဝန်ကြီး ဌာနဆို

ရန်ကုန်၊ စက်တင်ဘာ၂၄ ။           ။ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကူညီထောက်ပံ့   ငွေများ ပေးအပ်ရာမှာ ငွေရေးကြေးရေး ဘတ်ဂျက် အနေအထားအရ လိုအပ်သလို ထောက် ပံ့မှု မပေးနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး   ဒေါက်တာကေသီကျော်က မဇ္ဈိမသို့ ပြောသည်။

"ဘတ်ဂျက် အခက်အခဲလေးကြောင့်ပါ။ ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်အတွင်းကနေပြီးတော့ ထောက်ပံ့တာ ဖြစ်တဲ့အတွက် လက်ရှိအတိုင်းအတာမှာတော့ ဒီလောက်ပဲထောက်ပံ့နိုင်သေးတာ " ဟု   ဒေါက်တာကေသီကျော်က ပြောသည်။

ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် "သက်ကြီးရွယ်အိုတွေ ဘယ်လိုရပ်တည်နေရလဲ" ဒီဗွီဘီ ဒီဘိတ် အစီအစဉ်အပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံ လုံး အတိုင်းအတာအရ အသက် ၉၀ နှစ်နှင့် အထက် သက်ကြီးရွယ်အို နှစ်သောင်းသုံးထောင်ကျော်ကို တစ်ယောက် လျှင် ၁၅၀၀၀ ကျပ် ထောက်ပံ့ခဲ့ပြီး အသက် ၁၀၀ အထက်လျှင် ၂၀၀၀၀ ကျပ် ထောက်ပံ့ ပေးခဲ့ရကြောင်း ၎င်းက ဆို သည်။

၂၀၁၄ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ် အထက် သက်ကြီးရွယ်အို စုစုပေါင်းဟာ ၄.၅ သန်းရှိ နေပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ကိုးရာခိုင်နှုန်းအထိရှိနေကာ အသက် ၆၅ နှစ်အထက်ဟာ ၃ သန်းအထိ ရှိနေကြောင်း တွေ့ရသည်။

"သန်းခေါင်စာရင်းစစ်တမ်းတွေအရ အသက် ၆၅ နှစ်ကျော် သက်ကြီးပိုင်း ၅ ယောက်မှာ ၁ ယောက်က အလုပ်လုပ် နေ ရတယ်။ ဘယ်လို အလုပ်တွေလဲဆိုရင် ၆၀ ရာနှုန်းကျော်လောက်က လယ်ယာတွေမှာ ကာယခွန်အားနဲ့ ပင်ပင်ပန်းပန်း ကို အလုပ်လုပ်နေရတယ် " ဟု ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံ ဆိုင်ရာ လက်ထောက်ဌာနေ ကိုယ်စားလှယ်   ဒေါ်ခင်ဇာနိုင်က ပြောသည်။

သက်ကြီး ဘိုးဘွားများအတွက် ထောက်ပံ့ရန် အခွန်တစ်ခု သတ်သတ်မှတ်မှတ်ဖြတ်ပြီး ထောက်ပံ့ပါက ပိုမိုကောင်းမွန် မည် ဖြစ်ကြောင်း ခိုလှုံရာရိပ်သာ ပရဟိတကွန်ရက် တည်ထောင်သူ ဒေါ်သင်းရွှေစင်လှိုင်က ဆိုသည်။

"အမြတ်ခွန်တွေရှိတယ်။ အမြတ်ခွန်တွေထဲကမှ ရာခိုင်နှုန်းအလိုက် ငါး ရာခိုင်နှုန်းဆို ငါး ရာခိုင်နှုန်း၊ ဆယ်ရာခိုင်နှုန်းဆို ဆယ်ရာခိုင်နှုန်း ဖြတ်ပြီးတော့ ရှိတဲ့ ရိပ်သာတွေကို ထောက်ပံ့နိုင်တယ်ဆို ပိုကောင်းမယ်"ဟု ဆိုသည်။

သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေမူကြမ်းတစ်ခုကို အမျိုးသားလွှတ်တော်တွင် အတည်ပြုထားပြီး အသက် ၆၀ ကျော် ဘိုးဘွားများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly