အိန္ဒိယ မြင့်မြတ်သောမြစ်အတွင်း ရေချိုးဆင်းသည့် ပွဲတော်တွင် လူအုပ်ပြိုမှုကြောင့် ဘုရားဖူး ၅ ဦးသေဆုံး

အိန္ဒိယ မြင့်မြတ်သောမြစ်အတွင်း ရေချိုးဆင်းသည့် ပွဲတော်တွင် လူအုပ်ပြိုမှုကြောင့် ဘုရားဖူး ၅ ဦးသေဆုံး

ဂေါဒါဝါရီ၊ ဇူလိုင်-၁၄ ။   ။ အန္ဒိယနိုင်ငံတောင်ပိုင်းတွင် ဇူလိုင်လ၁၄ရက်နေ့က ဘာသာရေးပွဲတော် ရာသီအစ၌မြင့်မြတ်သောမြစ် ၏ကမ်းပါးများပေါ်တွင် လူအုပ်ပြိုမှုကြောင့် အနည်းဆုံး ဘုရားဖူးအမျိုးသမီး ၅ဦး သေဆုံးခဲ့ရသည်ဟု အာဏာပိုင်များ ကပြောကြား ခဲ့သည်။

အဆိုပါ လူအုပ်ပြိုမှုမှာ အမွှာပြည်နယ်များဖြစ်ကြသော အန်ဒရာ ပရာဒက်ရှ်နှင့် တီလန်ဂါနာတို့၏ နယ်စပ်မျဉ်းပေါ်ရှိ ရာဇွန်ဒရီတွင် လူထောင်ပေါင်းများစွာ ဂေါဒဝါရီမြစ်အတွင်းသို့ ရေဆင်းချိုးကြသည့် မဟာပွတ်ရှ်ကာရာလူပွဲတော်စတင်ပြီး ၂ နာရီ ခန့်ကြာဒေသ စံတော်ချိန် နံနက် ၈နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

''အခုအချိန်အထိ ၅ယောက်သေတယ်လို့ပဲ အတည်ပြုနိုင်ပါသေးတယ်။ နောက်ထပ် ၅ယောက် ၆ယောက်လောက် ကဆေးကုသ မှုခံယူနေရပါတယ်''ဟု အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှ လက်ထောက်ရဲမှူး ဆရီနီဝဆန်ရောင်း ကအေအက်ဖ်ပီ သို့ပြောကြားခဲ့ သည်။   

''ဘုရားဖူးပထမဆုံးအသုတ်က မြစ်ထဲရေစိမ်ပြီးတက်လာတော့ မင်္ဂလာအချိန်မှာမြစ်ထဲ အလုအယက် ဆင်းချင်ကြတဲ့နောက်တစ် သုတ်နဲ့ ဝင်တိုးမိပြီး လူအုပ်ပြိုမှုဖြစ်ပွားရတာပါ''ဟု ရောင်းက ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် အမျိုးသမီး၄ယောက်နှင့် ၁၅နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။

အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။  ''အစောပိုင်း သတင်းပို့ချက်တွေအရ မြစ်ထဲ ကိုဆင်းတဲ့ လှေကားထစ်နဲ့ အလုအယက်တိုးဝှေ့နေတဲ့ လူအုပ် မမျှတလို့ ဖြစ်ရတာပါ''ဟု အဆိုပါပြောခွင့် ရပုဂ္ဂိုလ် ကအေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ၎င်း၏ တွတ်တာအကောင့်တွင် လွှင့်တင်လာသည့် ကြေညာချက်တွင် ရာဇမွန်ဒရီ လူအုပ်ပြိုမှုကြောင့် အသက်ဆုံးရှုံးရမှုများတွက် နက်နက်ရှိုင်းရှိုင်း နာကျင်ကြေကွဲရကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly