ဦးအောင်သောင်း၏ မဲဆန္ဒနယ် တောင်သာတွင် ဝင်ပြိုင်ရန် မြင်းခြံ အမတ်ကို ဦးရွှေမန်း ညွှန်ကြားထားဟုဆို

ဦးအောင်သောင်း၏ မဲဆန္ဒနယ် တောင်သာတွင် ဝင်ပြိုင်ရန် မြင်းခြံ အမတ်ကို ဦးရွှေမန်း ညွှန်ကြားထားဟုဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ ဇူလိုင် ၁၄ ။      ။ စင်္ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၏ မဲဆန္ဒနယ်ဖြစ်သော တောင်သာမြို့နယ်မှ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့က တာဝန်ပေးထားသည်ဟု ကာကယံရှင်ဖြစ်သော ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့် ကပြောသည်။

ပါတီ၏ တာဝန်ပေးမှုအပေါ် ၎င်းအနေဖြင့်လည်း လက်ခံသဘောတူသည်ဟု ဦးဝင်းမြင့်က နိုဝင်ဘာ ၁၄ ရက်ကပြုလုပ် သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက် များကိုပြောသည်။

ဦးဝင်းမြင့်က  ‘ရှစ်ရက်နေ့ညက အဘ(ဦးအောင်သောင်း)က ရုတ်တရက် မကျန်းမမာ ဖြစ်တဲ့ အခါကျတော့ ကျွန်တာ်တို့ ပါတီ ဥက္ကဌကြီးနဲ့ စီအီးစီ အထွေထွေ အတွင်းရေးမှူးကနေပြီးတော့ မူလ အဘနေရာ လျာထားတဲ့ ပြည်သူ့လွှတ်တော်နေရာကို တာဝန်ပေးတဲ့အတွက် ကျွန်တော်က တောင်သာ မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထားတဲ့အကြောင်း ကျွန်တော့် ကို ပါတီကခေါ်ပြီး ပြောပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် မြင်းခြံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဝင်းမြင့်မှာ တောင်သာမြို့နယ်၊ ဝဲလောင်ရွာ ဇာတိဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို မကြာခင်ရက်ပိုင်း အတွင်း အတည်ပြုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသကလက်ခံမည့် လူမျိုးကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေး ချယ်မည်ဟု ပါတီ၏ တရားဝင် ဝက်ဆိုက်ဒ် တွင် ဇူလိုင် ၁၃ရက်ညတွင် ဖော်ပြထားသည်။

ပါတီ၏ ဒုတိယဥက္ကဌ ဦးဌေးဦးက  “ဘယ်သူမဆို ပါတီလုပ်ငန်းစဉ်ကိုယုံတယ်၊ နိုင်အောင်လည်း လုပ်နိုင်တယ်လို့ ယုံကြည် တယ်ဆိုရင် သူတို့ အကုန်လုံးကို လက်ခံဖို့ စဉ်းစားမယ်။ ဒါပေမယ့် မဲဆန္ဒနယ်မှာ တစ်ယောက်ပဲ ဝင်လို့ရမယ်” ဟု ပြောသည်။

အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင်ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ကကြေငြာထား ပြီးနိုင်ငံရေး ပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်း စာရင်းကို ဩဂုတ်လ ၈ရက်တွင်နောက်ဆုံး ထားပြီးကော်မရှင် သို့ပေးပို့ ရမည်ဖြစ်သည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ကိုယ်စားလှယ်လောင်းအဖြစ် တပ်မတော်မှ ကိုယ်စား လှယ်လောင်းစာရင်း ၁၄၀ကျော်ပေးထားရာ ယာယီစာရင်းအရ ၅၇ဦး ရွေးချယ်ထားပြီး ထပ်မံ လျှော့ချ ဖွယ်ရှိကြောင်း၊ အစိုးရအဖွဲ့က ၅၀ကျော် စာရင်းပေးထားပြီး ၄၀ကျော်သာ လက်ခံထားကြောင်း ပါတီ၏ ဝက်ဆိုက်ဒ်တွင် ရေးသားထားသည်။

 “တပ်က စာရင်းပေးတိုင်း၊ အစိုးရအဖွဲ့က စာရင်းပေးတိုင်း ပါတီက လက်မခံပါဘူး။ ဒေသက လက်ခံနိုင်မယ့်လူ ဖြစ်မှသာ လက်ခံမှာပါ။ လက်မခံနိုင်တဲ့သူတွေကိုလဲ စာရင်းပြန်ပို့ပါတယ်” ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ၏ပြောဆိုချက်ကို ကိုးကားပြီး ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly