ဝင်ငွေကောင်းဖို့ ပြောင်းဖူးစိုက်ကြစို့

23 September 2016
ဝင်ငွေကောင်းဖို့ ပြောင်းဖူးစိုက်ကြစို့

ပြောင်းဖူးအမျိုးအစားများကိုပြောရရင်တော့ အဓိကအားဖြင့် ဖူးစားပြောင်းနဲ့ အစေ့ထုတ်ပြောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။

ဖူးစားပြောင်းမှာ နိုင်လွန်ပြောင်း၊ ကော်ပျော့ပြောင်း၊ ဖယောင်းပြောင်းတို့ ပါဝင်ပြီးတော့ အစေ့ထုတ်ပြောင်းမှာတော့ ကော်မာပြောင်း၊ ထိပ်ခွက်ပြောင်း၊ တစ်ဝက်တပြတ် ထိပ်ခွက်ပြောင်းနဲ့ ပေါက်ပေါက်ပြောင်းတို့ ပါဝင်ပါတယ်။

ပြောင်းဖူးပင်က အနွေးကြိုက် သီးနှံ့ဖြစ်ပြီးတော့ နှစ်ချင်းခံ သီးနှံ့ပင်လည်းဖြစ်ပါတယ်။ အစေ့ကိုသာ စားသုံးရပါတယ်။ အပင်အမြင့်က ၃ ပေကနေ ၈ ပေအထိ မြင့်ပါတယ်။ အပင်ရဲ့ အကျယ်က တစ်ပေကနေ သုံးပေအထိ ရှိပါတယ်။

ပြောင်းဖူးကို ပြုတ်၍ဖြစ်စေ၊ ပေါင်း၍ဖြစ်စေ၊ ချက်၍ဖြစ်စေ၊ စားသုံးနိုင်ပါတယ်။ ပြောင်းဖူးစေ့ကို အမှုတ်ကြိတ်ပြီး ပေါင်မုန့်အဖြစ်လည်း စားသုံးနိုင်သလို ပြောင်းဖူးစေ့ကနေလည်း စားသုံးဆီအဖြစ် ထုတ်ယူနိုင်ပါတယ်။

ပြောင်းဖူးရဲ့ မူရင်းဒေသကတော့ မက္ကဆီကိုနိုင်ငံကပဲ ဖြစ်ပါတယ်။ ပြောင်းဖူးအပူချိန်ကတော့ အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၉၀ ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် ကောင်းစွာ ဖြစ်ထွန်းပါတယ်။ မြေဆီလွှာအပူချိန်က ၆၀ ဒီဂရီ ဖာရင်ဟိုက် ရှိမှသာ စိုက်ပျိုးနိုင်ပါတယ်။

ပြောင်းဖူးပင်က ရေမဝပ်တဲ့နေရာ အချဉ်ဓာတ် အနည်းငယ်ရှိတဲ့နေရာတွေကို နှစ်သက်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ကို အထူးလိုအပ်တဲ့အတွက်ကြောင့် ပဲစိုက်ပြီးသားနေရာတွေမှာ စိုက်မယ်ဆိုရင်တော့ ပိုမို ဖြစ်ထွန်းနိုင်ပါတယ်။ စိုက်ပျိုးမယ်ဆိုရင်လည်း အစိုဓာတ် လုံလောက်စွာရှိတဲ့နေရာမှာ စိုက်ပျိုးမယ်ဆိုရင်လည်း မျိုးစေ့ကို လက်မဝက်ခန့် အနက်ထားပြီး စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ အစိုဓာတ် မလုံလောက်တဲ့ မြေဆီလွှာမှာဆိုရင်တော့ တစ်လက်မ ဒါမှမဟုတ်ရင် တစ်လက်မခွဲခန့် အနက်ထားပြီးမှ စိုက်ပျိုးပေးရမှာပါ။ တစ်ပင်နဲ့တစ်ပင် ၈ လက်မကနေ ၁၂ လက်မအထိ ခြားပြီးတော့ စိုက်ပေးရမှာပါ။ ပြောင်းပင်ကို အတန်းလိုက် စိုက်ပျိုးခြင်းက ပြောင်းဖူးအတွင်းရှိ အစေ့တံ ထိပ်မှာရှိတဲ့ အဖိုဝတ်ဆံနဲ့ ဝတ်မှုန်ကူးရန်အတွက် လွယ်ကူပါတယ်။ စိုက်တန်းများကြဲရင်တော့ အဖိုဝတ်ဆံများက အဖူးပေါ်က အမွှေးအမျှင်များပေါ်သို့ ရေက ကောင်းစွာ မသယ်ဆောင်နိုင်တဲ့အတွက် အဖူးများ အစေ့မပြည့်ပဲ ဖြစ်တက်ပါတယ်။ ဒါကြောင့် ပြောင်းဖူးစေ့ ပြည့်ဝစေရန်အတွက်ကတော့ စိုက်တန်းများကို တိုတိုထားခြင်း အကွက်ငယ်များဖြင့် စိုက်ပျိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ စိုက်တန်း တစ်တန်းနဲ့တစ်တန်းကိုတော့ နှစ်ပေခန့်ခွာပြီး စိုက်ပေးရမှာဖြစ်ပါတယ်။ ပြောင်းဖူးပင်များကို စိုက်ပျိုးတဲ့အခါမှာလည်း ပြောင်းဖူးမျိုးကွဲများကို နီးကပ်စွာ မစိုက်ပျိုးသင့်ပါဘူး။ အထူးသဖြင့် ပြောင်းချိုမျိုးနဲ့ ရိုးရိုးပြောင်းပင်ကို နီးကပ်စွာ စိုက်ပျိုးထားမယ်ဆိုရင် မျိုးကူးစပ်မှုတွေ ဖြစ်ပေါ်ပြီး ပြောင်းချိုများက အချိုပေါ့ပြီး ကော်ဓာတ် များတက်ပါတယ်။ ဒါကြောင့် ရိုးရိုးပြောင်းမျိုးနဲ့ ပြောင်းချိုမျိုးကို ပေ ၂၅၀ ခန့် အနည်းဆုံးခွာပြီး စိုက်ပျိုးပေးရမှာပါ။

ပြောင်းဖူးပင်က ပူအိုက်စွက်ဆိုတဲ့ ရာသီများမှာ ဖြစ်ထွန်းပါတယ်။ ပြောင်းဖူးပေါင်က ရေဆီလွှာများကို အဓိက လိုအပ်ပါတယ်။ ဒါကြောင့် မြေဆွေးကိုတော့ နှစ်လက်မ ဒါမှမဟုတ်ရင် သုံးလက်မခန့် ထူအောင် ဖုံးအုပ်ပေးရမှာပါ။ အပင်များက အဖူးတွေထွက်လာတဲ့အခါမှာ နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေသြဇာကို တစ်ဧကမှာ ပေါင် ၄၄၀ ခန့် ထည့်ပေးသင့်ပါတယ်။ နိုင်ထရိုဂျင်ဓာတ် လိုအပ်တဲ့လက္ခဏာတွေကတော့ အရွက်များဟာ အဝါရောင် သန်းလာတက်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် များလွန်းရင်တော့ အရွက်များက အစိမ်းရောင်ရင့်လာပြီး အပင်ပျော့တဲ့အတွက်ကြောင့် လေတိုက်ရင် ယိုင်လဲတတ်ပါတယ်။

 ပြောင်းဖူပင် အမြင့် ၈ လက်မခန့်ကနေ အပင်ခြေရင်းကို မြေဖို့ပေးဖို့ လိုအပ်ပါတယ်။ မြေဖို့ပေးခြင်းက ပေါင်းမြတ်ကို သေစေတဲ့အပြင် လေတိုက်ရင်လည်း အပင်ကို မယိုင်လဲစေရန်အတွက်လည်း ဖြစ်ပါတယ်။ ရေလိုအပ်ရင်တော့ အရွက်တွေက ပါးပြီး တွန့်လိမ်နေတတ်ပါတယ်။ အဓိက ရေလိုအပ်တဲ့အချိန်တွေကတော့ မျိုးကူးဆက်တဲ့အချိန်တွေနဲ့ အစေ့တည်တဲ့ အချိန်တွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ရေကို တစ်ကြိမ်ခန့် ရေသွင်းပေးရမှာပါ။ မျိုးကူးဆက်တဲ့အချိန်နဲ့ အစေ့တည်တဲ့အချိန်မှာ ရေလိုအပ်နေရင်တော့ အဖူးတွေသေးပြီးတော့ အစေ့မပြည်တာတွေ ဖြစ်နိုင်ပါတယ်။

ပြောင်းဖူးအများစုကတော့ တစ်ပင်မှာ တစ်ဖူးနှစ်ဖူးသာ သီးကြပြီးတော့ မိရိုးဖလာ မျိုးတွေကတော့ တစ်ပင်ကို နှစ်ဖူးကနေ သုံးဖူးအထိ သီးကြပါတယ်။ ပြောင်းချိုအမျိုးမျိုးကတော့ စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ နဲ့ ၉၅ ရက်မှာ ပထမဦးဆုံး အဖူးအမြိတ် ထွက်လာပြီးတော့ နောက်ထပ် ရက်ပေါင်း ၂၀ ကြာတဲ့အချိန်မှာ ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်။

အဖူးများကို ဆွတ်ယူတဲ့အချိန်ကတော့ နံနက်ပိုင်းမှာ ဆွတ်ယူသင့်ပါတယ်။ ပြောင်းဖူးမှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားတွေကတော့ ပြောင်းဖူးလောက်ကောင်၊ ပြောင်းဖူးထွင်းဖောက်ပိုး၊ ဂျပန်ကျိုင်းကောင်၊ ပိုးလောက်ကောင်တို့ပဲ ဖြစ်ပါတယ်။ ပြောင်ဖူးလောက်ကောင်ကတော့ အဖူးအတွင်းသို့ ဝင်ရောက်ဖျက်ဆီးနိုင်ပါတယ်။ ပြောင်းဖူးထွင်းဖောက်ပိုးကတော့ အပင်ရဲ့ အရိုးတံတွေကို ဖျက်ဆီးတက်ပါတယ်။ ဂျပန်ကျိုင်းကောင်ကတော့ အရွက်နဲ့ အနှံ့ပေါ်မှာရှိတဲ့ ဝတ်မှုံတွေကို စားကြပါတယ်။  ဒါကြောင့် အပင်အားနည်းခြင်းနဲ့ မျိုးကူးစက်မှု အားနည်းခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ မြေကွက်ကို အလှည့်ကျ စိုက်ပျိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

ပြောင်းဖူးအမျိုးပေါင်းကတော့ ၃၂ မျိုးခန့် ရှိနေပြီးတော့ သက်တမ်းအရပြောမယ်ဆိုရင်တော့ ရက်ပေါင်း ၆၀ ကနေ ၁၁၂ ရက်ထိ ရှိပါတယ်။ ပြောင်ဖူးအရွယ်ကတော့ ၂ လက်မကနေ ၉ လက်မအထိ ရှိပြီး အရောင်အမျိုးမျိုး ရှိကြပါတယ်။

 ပြောင်းဖူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ရေဓာတ် ၇၉.၄ ဂရမ်၊ ပရိုတိန်း ၄.၃ ဂရမ်၊ အဆီ ဝ.၅ ဂရမ်၊ သတ္တုဓာတ် ဝ.၇ ဂရမ်၊ ကာပိုဟဲရိတ် ၁၅.၁ ဂရမ်နဲ့ သံဓာတ် ကယ်လိုရီ ဗီတာမင် စတဲ့ အဟာရဓာတ်တွေ ပါဝင်ပါတယ်။

(ဒီအစီအစဉ်ကို ဝေဖန် အကြံပြုလိုပါက email;zmh@mizzima.com နှင့် ဖုန်းနံပါတ် 09-786421026 သို့ ဆက်သွယ် အကြံပြုနိုင်ပါသည်။)

Mizzima Weekly