မဇ္စျိမရဲ့ Dialouge အစီစဉ်အရ သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း ( နိဂုံးပိုင်း)

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း ( နိဂုံးပိုင်း)

ကျွန်တော် ဆရာ့ကို ပြန်ပြီးတော့ မေးချင်ပါတယ်ခင်ဗျာ။ ခုနက ဆရာပြောသွားတဲ့ State Holder ဆိုတဲ့ စကားလုံးလေး ကျွန်တော်တွေ့ပါတယ်။ State Holder ဆိုတာက ပါဝင်ပတ်သက်သူများပေါ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်မှုများ အမျိုးမျိုးရှိပါတယ်။ အဲတော့ ပါဝင်ပတ်သက်သူတွေများမှာလည်း ဒေသခံအစိုးရ ဒေသခံ ပြည်သူလူထုကလည်း အရမ်းအရေးကြီးပါတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျာ။ အဲဒီတော့ ဆရာ့အနေနဲ့ ကချင်ပြည်နယ်အနေနဲ့ သစ်တောတွေ သတ္တုတွင်းတွေ ကိစ္စတွေမှာ ဒေသခံပြည်သူတွေက သူတို့တွေ ဘယ်လိုမျိုးကို လိုချင်ကြသလဲ။ ဘယ်လိုမျိုးကို ဖြစ်စေချင်ကြသလဲ။ ပြည်နယ်အစိုးရကရော ဘယ်လိုနည်းလမ်းမျိုးကို သဘောကျလက်ခံမလဲဆိုတဲ့ ပုံစံမျိုး ဆရာ့အနေနဲ့ ကြားမိတာများ၊ မြင်မိတာများ၊ ဆရာ့အနေနဲ့ တွေးများတာများ ရှိသလား။ အဲဒါလေးကို နည်းနည်းလေး မျှဝေပေးပါလားခင်ဗျာ။

ဦးခက်ထိန်နန်(ဥက္ကဌ)

တိုင်းရင်းသားစည်းလုံးရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)

ဟုတ်ကဲ့။ အဲဒီအပိုင်းက ကျွန်တော်အနေနဲ့ ခုနက ရက် ၁၀၀ စီမံကိန်းမှာ ဒုတိယအချက်ဖြစ်တဲ့ သတ္တုတွေ ထုတ်လုပ်မှုကို စနစ်တကျ ထုတ်လုပ်မယ်၊ ပြီးရင် ထုတ်လုပ်တဲ့အခါမှာလည်း တိုင်းပြည်အတွက် အကျိုးရှိမယ်။ ပြီးရင်လည်း ပတ်ဝန်းကျင်ကိုလည်း စနစ်တကျ ထိန်းသိမ်းမယ်ဆိုတဲ့ ရက် ၁၀၀ မှာ အဲဒီအချက်လည်း ပါမယ်လို့ ကျွန်တော်အနေနဲ့ ကြားမိပါတယ်။ အဲဒီအပိုင်းတွေနဲ့ သက်ဆိုင်တယ်ပေါ့နော်။

ဒါဆိုရင် ကျွန်တော်အနေနဲ့ တစ်ခုသွားစဉ်းစားမိတယ်။ မြန်မာနိုင်ငံမှာလုပ်တဲ့ စီမံကိန်းကြီးတွေကတော့ မြန်မာနိုင်ငံ မသိပဲ လုပ်သွားရင် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ဘယ်လိုခံစားမလဲ။ ကချင်ပြည်နယ်မှာလုပ်တဲ့ လုပ်ငန်းတွေကတော့ ကချင်ပြည်နယ်သားတွေ ကချင်ပြည်နယ်ကမသိပဲလုပ်ရင် ဘယ်လိုခံစားရမလဲ။ နောက်ပြီး သူ့ဒေသမှာလုပ်တဲ့ဟာ သူတို့မသိပဲ လုပ်သွားတယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခံစားရပါတယ်။ ပြည်နယ်နဲ့ သက်ဆိုင်ပါတယ်။ သူ့ဒေသနဲ့ သက်ဆိုင်ပါတယ်။ သူသိရမယ်။ သူ့ရဲ့အခန်းကဏ္ဍနဲ့ စီမံခန့်ခွဲမှုအပိုင်း ရှိရမယ်။ ခံစားပိုင်ခွင့်လည်း ရှိရမယ်။ မြန်မာနိုင်ငံမှာလုပ်တဲ့ဟာသည် မြန်မာနိုင်ငံသား ခံစားပိုင်ခွင့် ရှိရမယ်။ ကချင်ပြည်နယ်မှာလုပ်တဲ့ဟာသည် ကချင်ပြည်နယ်သားတွေ ခံစားပိုင်ခွင့်ရှိရမယ်။ ဖားကန့်ဒေသမှာလုပ်ရင်လည်း ဖားကန့်ဒေသသားတွေ ခံစားပိုင်ခွင့်ရှိရမယ်။

ဒီနေ့ ဖားကန့်ဒေသမှာ ပြည်ထောင်စုဝန်ကြီးတွေ ညွှန်ချုပ်တွေ သွားရောက်တဲ့အခါမှာ တွေ့ရပါတယ်။ လမ်းကအစ တံတားကအစ ကျောင်းကအစ အင်မတန်မှ ပြောရရင် ခက်ခဲပါတယ်။ ဒီကထုတ်လုပ်လိုက်တာက သဘာဝဓာတ်ငွေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အများဆုံး ဒုတိယ မြန်မာနိုင်ငံရဲ့ အများဆုံးကတော့ ကျောက်စိမ်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဒေသ သူ့ရဲ့တန်ဖိုးနဲ့ ထွက်သွားတာထက်စာရင် အများကြီး ကြိုးစားပြီးတော့ လုပ်ပေးဖို့ရှိတယ်။ ဒါ ဒီနေ့ ပြောင်းလဲရမယ်ဆိုတဲ့အချိန်မှာ ရက် ၁၀၀ ရော နောက် နှစ်ရှည်ရော ဒါတွေပြောင်းလဲဖို့အတွက်က ဒီနေ့ ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဆိုတော့ အဲဒီမှာလည်းပဲ ကျွန်တော်အနေနဲ့ မေးခွန်းတစ်ခု ပြန်မေးရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုမှာ အုပ်ချုပ်ရေးယန္တရားကို တစ်နှစ်နှစ်နှစ်လောက် ရပ်ပြီးမှ ကောင်းမွန်တဲ့ ယန္တရားနဲ့ ပြန်စမယ်ဆိုရင် ဖြစ်နိုင်မလား။ ထိုနည်းတူ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ပြီးမှ စနစ်တကျ ပြန်လုပ်မယ်ဆိုရင် ရနိုင်မလဲ။ ထိုနည်းတူ ကျောက်မျက်တူးဖော်ရေး သတ္တုတူးဖော်ရေးတွေ ရပ်လိုက်ပြီးမှ ပြန်လုပ်မယ်ဆိုရင်ရော ဒါက ဆက်စပ်ပြီးတော့ တွေးခေါ်ဖို့ပါ။ ကျွန်တော်တို့ ပြောင်းလဲရမယ်ဆိုတဲ့အရာမှာက စဉ်ဆက်မပြတ် လုပ်နေရတာက ကျွန်တော်တို့ ပိုကောင်းတဲ့ ပိုကောင်းတဲ့ ခုနကပြောတဲ့ လက်တွေ့ကျတဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ နည်းစနစ်တွေနဲ့ ညွှန်ကြားချက်တွေနဲ့ ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ မူပိုင်းဆိုင်ရာလည်းဖြစ်သလို ကျွန်တော်တို့အားလုံးလည်း စဉ်းစားတွေးခေါ်ဖို့လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့ ကချင်ပြည်နယ်က ကျွန်တော်တို့ ရက် ၁၀၀ စီမံကိန်းအရလည်းပဲ သူ့ဟာနဲ့သူ ဖြစ်သွားလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ့ မြေပုံအရလည်း ဟို့ခေါင်းပေါ်မှာ ထိပ်မှာရှိတယ်။ အဲဒါကြောင့်မို့ ကချင်ပြည်နယ်ရဲ့ သစ်တော သဘာဝသယံဇာတ ပစ္စည်းတွေ ပေါများအောင် အားလုံး သဘာဝသယံဇာတ အသက်ငွေ့တွေရှိမယ်။ သစ်ပင်သစ်တော အသက်ဝိညာဉ်ရှိပါတယ်။ မြစ်ချောင်းအင်းအိုင်လည်း အသက်ဝိညာဉ်တွေရှိပါတယ်။ သူ့ကို သိပ်ပြီးထိခိုက်တာများလာရင် သူလည်း ပြန်လှုပ်ရှားတာ များလာရင် ကျွန်တော်တို့ပြည်သူတွေ ဒုက္ခရောက်ပါတယ်။ အဲဒီအပိုင်းကတော့ ဒီကနေ့ထိ ကျွန်တော်တို့ ကချင်ပြည်နယ်တွင်မကပါဘူး။ အောက်ပြည်အောက်ရွာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကအစ ဒါနဲ့ပတ်သက်တာတွေ ကျွန်တော်တို့ ခံစားနေရပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ခင်ဗျ။ ဆရာပြောသွားတာကတော့ ကချင်ပြည်နယ် ဒေသအပိုင်းပေါ့နော်။ ကျွန်တော်တို့မှာ သစ်တောတွေရော သဘာဝသယံဇာတတွေရော ထိခိုက်နေတဲ့ အခြားပြည်နယ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ဒီ ရခိုင်ပြည်နယ်ကိစ္စမျိုးတွေ ကယားပြည်နယ်တွေမှာရောပေါ့ ဒါမျိုးတွေ ကျွန်တော်တို့တွေ ကြုံတွေ့နေရတယ်ပေါ့။ ပြီးတော့ ဒီလိုမျိုး သတ္တုတွင်းတွေ ဖွံ့ဖြိုးမှုတွေ လုပ်တောင်နေတယ် ခုနက ဆရာတို့ပြောသွားသလို ပြည်သူတွေက အခွင့်ရေးတွေ ရရှိဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ အခွင့်ရေးသုံးမျိုးကို Frame သုံးမျိုးနဲ့ပြောပါတယ်။ ခုနက ဆရာတို့ပြောတာတွေနဲ့ ဆက်စပ်ပြီးတော့ ပြောရမယ်ဆိုရင် လူထုက ဘာတွေလုပ်ကြမလဲ ဘာတွေ လုပ်ချင်တာလဲ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ငါတို့တွေ ဘာတွေသိပြီးပြီလဲဆိုတာတွေ ဘယ်လိုသတင်းတွေ ရရှိကြမှာလဲ။ နောက်တစ်ခုက ဘယ်လိုစီမံကြမှာလဲ ဘယ်လိုထုတ်လုပ်ကြမှာလဲ ဘယ်လိုစောင့်ကြပ်ကြမလဲဆိုတာကိုလည်း သိဖို့အတွက် လူထုမှာလည်း ပါဝင်ခွင့်တွေ ရှိပါတယ်။ နောက်ထပ်တစ်ခုကတော့ ထိခိုက်နစ်နာမှု ရှိလာလို့ရှိရင် ကိုယ့်ကို ဘယ်လိုသက်ရောက်မှုမျိုး နစ်နာမှုမျိုး ၇ရှိမလဲ နစ်နာမှုက ကျွန်တော်တို့လျော်ကြေးတင်မကဘူး။ ခုနက ဆရာပြောသလို ကချင်ပြည်နယ်ကထွက်သွားတယ် ကချင်ပြည်သူတွေ မခံစားရတာ၊ ရခိုင်ပြည်နယ်ကထွက်တယ် ရခိုင်ကမရ လောပိတကထွက်သွားတယ် လောပိတက မရ ဖြစ်နေတယ်။ အဲတော့ ရေရှည်ဒေသ ဖွံ့ဖြိုးမှုအတွက်ရော ဘယ်လိုမျိုးတွေ ခံစားမှုရရှိမလဲဆိုတာပေါ့ အဲဒီသုံးခုကို ကျွန်တော်တို့ အမြဲတမ်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်ပေ့ါနော်။

အဲဒီတော့ ကျွန်တော် ဒါကတော့ နောက်ဆုံးမေးခွန်းလေးပဲ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့မှာ ပြောင်းလဲလာပြီဆိုတဲ့ ပုံစံမျိုးနဲ့ တက်လာတဲ့ စီးပွားရေးလည်းရှိပါတယ်။ ပြောင်းလဲလာဖို့အတွက်လည်း ကြိုးစားမှုတွေလည်း ရှိလာပါတယ်။ အရင်တုန်းက အစိုးရဘာလုပ်လဲ မသိခဲ့ပဲ အခု ရက် ၁၀၀ မှာ ဘာလုပ်ကြမလဲ ဆရာတို့ကိုယ်တိုင်လည်း ကွင်းဆင်းပြီးတော့ လုပ်ဆောင်နေကြတယ်။ ပြဿနာအသစ်တွေတွေ့လို့ ကြိုးစားပြီးတော့ ဖြေရှင်းကြတာ တကယ့်ပြည်သူ့ဝန်ထမ်းကောင်းတွေရဲ့ ဆန္ဒလို့ ယူဆပါတယ်။ နောက်တစ်ခါ ဒီဒေသခံတွေလည်း ပါဝင်လာပြီးတော့ ဒီထက်ပိုကောင်းလာအောင် ကျွန်တော်တို့တိုင်းပြည်မှာ သဘာဝသယံဇာတပစ္စည်းတွေ သစ်တောတွေဆိုတာ မထိန်းသိမ်းရင် ဒီလိုထွက်လာမှာမဟုတ်ပါဘူး။ ထိန်းသိမ်းဖို့လိုအပ်တယ်။ ဒါတွေကို ကျွန်တော်တို့ စနစ်တကျ အသုံးပြုဖို့လည်း လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်မှုကြီးကိုလည်း ကျွန်တော်တို့ လုံးဝ စတေးပစ်လို့လည်းမရဘူး။ အဲတေ့ာ ဒီထက်ပိုကောင်းလာအောင် ဆရာတို့ဝန်ကြီးဌာနကလည်း အားကောင်းမှုရှိလာအောင် ပြည်နယ်အစိုးရနဲ့ ဒေသခံတွေအတွက်လည်း အကျိုးရှိလာအောင် ဘယ်လိုမျိုး ကျွန်တော်တို့ လုပ်ဆောင်မလဲဆိုတာကို ဆရာတို့ တစ်ယောက်ချင်းစီအနေနဲ့ ပေးချင်တဲ့ အကြံလေးတွေကို နဲနဲလေး အလှည့်ကျ ပေးပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။

ဦးဝင်းထိန်(ညွှန်ကြားရေးမှူးချုပ်-သတ္တုဦးစီးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန

ကျွန်တော်ကတော့ သယံဇာတ တူးဖော်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ အရင်တုန်းကလုပ်ခဲ့တဲ့ ဥပဒေတွေ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ရှိခဲ့ကြတယ်။ ပြီးရင် ကျွန်တော်တို့ ဘာလုပ်မလဲဆိုတော့ ဒီ သယံဇာတ ထုတ်လုပ်တဲ့အချိန်မှာ ကျွန်တော်တို့က ပြည်ထောင်စုအစိုးရ ပြည်သူလူထု၊ ဒေသခံအစိုးရ ဒီလိုအဖွဲ့တွေ ပူးပေါင်းပြီးတော့ ကျွန်တော်တို့က လုပ်ရမယ်။ ဒါမှသာ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွေ ပိုပြီးတော့ ခိုင်မာလာမယ်။ ပြည်ထောင်စုကပဲ အကုန်လုံးကို တာဝန်ယူတယ် တာဝန်ခံတယ်ဆိုပြီးတော့ လုပ်လု့ိမရပါဘူး။ ပြည်သူလူထုအတွက် ဒေသခံတွေအတွက် ဘာတွေလုပ်ပေးရမလဲဆိုတော့ CSR လို့ခေါ်တဲ့ Coporate Social Respornding ပေါ့ ဒါကလည်း Invesement လုပ်တဲ့ကုမ္ပဏီများသည် CSR လုပ်ငန်းကို ဘယ်လောက်လုပ်ရမယ်ဆိုတဲ့ ကတိခံဝန်ချက်တွေကို စာချုပ်စာတန်းနဲ့ လွှဲပါတယ်။ ပြီးရင် လုပ်ငန်းတစ်ခုလုပ်ပြီးရင် ဒီအတိုင်းပစ်ထားခဲ့လို့မရဘူး။ ကျွန်တော်တို့တွေလည်း ဝန်ထမ်းတွေကို ကိုရီးယားတို့ ဂျပန်တို့မှာ  ဘယ်လိုလုပ်တယ်ဆိုတာကို သွားလေ့လာမယ်။ Plan ဆိုတာ ထည့်ဆွဲရတယ်။ အဲဒီအတွက် ငွေကြေးတွေကို ဘဏ်မှာထားပေးရမယ်။ ပြည်ထောင်စုရဲ့ ပြည်သူလူထုရဲ့ ဒေသခံအစိုးရတွေ ပူးပေါင်းပြီးတော့လုပ်ရမယ်။ အဲဒါက ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေပါ။ ပြီးလို့ရှိရင် ကျွန်တော်တို့က CSR လုပ်ငန်းတွေမှာလည်း တကယ့်ကို ဒေသခံတွေရဲ့ ဆွေးနွေးချက်တွေမှာ ပါတဲ့အတိုင်း CSR လုပ်ငန်းတွေ လုပ်ရမယ်။ ပြီးရင် မိုင်းခရိုးရှားပလန်ဆိုတာ ကတယ်ပဲကို ထားလည်းထားရမယ်။ ဒါတွေကိုပါ ထည့်သွင်းစဉ်းစားပြီးတော့ ဒေသခံပါ ပူးပေါင်းရမယ်။

ဦးမျိုးမင်း (ညွှန်ကြားရေးမှူး - သစ်တောဦးစီးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန

ရှေ့မှာ ကျွန်တော်ဆွေးနွေးသွားသလိုပဲ ကျွန်တော်တို့တွေက ဒီထက်ကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေ ဖြစ်ဖို့ဆိုရင် လူထုပူးပေါင်းဆောင်ရွက်မှုတွေရဖို့လိုပါတယ်။ အဲဒါတွေရလို့ရှိရင် ကျွန်တော်တို့က လုပ်ဆောင်ရမှာက Transpancy တွေ ရှိဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် အေဂျင်စီတွေအနေတွေအနေနဲ့က လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြည်သူတွေ သိသိသာသာ ချပြပြီးတော့မှ ပြည်သူတွေရဲ့အသံကို နားထောင်ပြီးတောမှ Transpancy ရှိရှိ လုပ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက ရှေ့ကဆရာ ဆွေးနွေးသွားသလိုပဲ အစုရှယ်ယာတွေကို ထည့်သွင်း စဉ်းစားပေးရမှာဖြစ်ပါတယ်။ ဒါတွေပါမှသာလျင် ပြည်သူတွေက မိမိအကျိုးစီးပွား ပါတဲ့အတွက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ရမှာဖြစ်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ဆရာအနေနဲ့ကရော ဘယ်လိုမျိုး အကြံပြုချင်ပါသလဲ ခင်ဗျာ။

ဦးခက်ထိန်နန်(ဥက္ကဌ)

တိုင်းရင်းသားစည်းလုံးရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)

ကျွန်တော်အနေနဲ့က ဒီဟာကို သုံးပိုင်းလောက် မြင်ပါတယ်။ တစ်ပိုင်းကတော့ ခေတ်စနစ်နဲ့ ဆိုင်သွားတာပေါ့နော်။ ပြောင်းလဲရမယ်ဆိုတဲ့ ခေတ်စနစ်နဲ့ ပြောင်းလဲရာမှာ ဥပဒေက အရေးကြီးတယ်။ နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေက အရေးကြီးတယ်။ ထိုနည်းတူ ပြည်သူတွေအားထားရတာလည်း ဥပဒေပါပဲ။ ဆိုတော့ ဒီဥပဒေကလည်း လက်တွေ့နဲ့ အံဝင်ကွင်ကျ ဖြစ်ရမယ်။ ပြီးရင် ဒီဥပဒေက အသက်ရှင်ရမယ်။ ပြည်သူတွေအတွက် လိုက်နာဆောင်ရွက်နိုင်တဲ့ ဥပဒေဖြစ်ရမယ်။ အဲဒါက တစ်ပိုင်းပေါ့နော်။ နောက်တစ်ပိုင်းက ဘာလဲဆိုတော့ အခု ဒါတွေနဲ့ ဆက်စပ်နေတာက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ မနက်ဖြန် စတင်တော့မှာဖြစ်ပါတယ်။ ပင်လုံညီလာခံပြီးတာနဲ့ ကျွန်တော်တို့ ဒီ ရေအားနဲ့ သဘာဝသယံဇာတ ပျက်စီးရေးနဲ့ပတ်သက်တာ ခွဲဝေမှုတွေနဲ့ ပတ်သက်တာလည်း စတင်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ဒါ ကျွန်တော်တို့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့ သက်ဆိုင်လာမယ့် အပိုင်းဖြစ်ပါတယ်။ ဆိုတော့ နောက်တစ်ချက်က ဘာလဲဆိုရင် ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရ နောက် ပြည်ထောင်စုလွှတ်တော် ပြည်နယ်လွှတ်တော် တိုင်းဒေသကြီးအစိုးရ တိုင်းဒေသကြီးလွှတ်တော်၊ နောက် ခုနက ညွှန်ချုပ်ပြောသလို ဒီ CSR တွေကိစ္စ နောက် သူ့ဒေသနဲ့သူ တိုင်းရင်းသား ရိုးရာအဖွဲ့အစည်းတွေရှိတယ်။ စာပေအဖွဲ့အစည်းတွေရှိတယ်။ လူနေမှုအဖွဲ့အစည်းတွေရှိတယ်။ အဲဒီလို ဒေသခံတွေ အဖွဲ့အစည်းတွေ အားလုံး ချိတ်ဆက်ပြီးတော့ သူ့တာဝန်သူ့တာဝန် ဆောင်ရွက်ရမယ်။ အရင်တုန်းကတော့ လုပ်ပိုင်ခွင့်ပဲရှိတယ်။ တာဝန်ယူမှု တာဝန်ခံမှုက ကျွန်တော်တို့မှာ အရင်တုန်းက မရှိခဲ့ဘူး။ အခု ပြောင်းလဲရမယ်။ ဒါကြောင့်မို့ ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီး ပြည်နယ်အစိုးရ ခုနကပြောသလို အားလုံး ပူးပေါင်းပါဝင်ပြီးတော့ ဒါ သူ့လုပ်ပိုင်ခွင့်နဲ့ သူ့ခံစားပိုင်ခွင့်နဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ သွားဖို့လိုအပ်တယ်။ အဲလိုသွားဖို့အချိန်ခါမှာလည်း ဖွံ့ဖြိုးတိုးတက်ပြီးတော့ တိုင်းတွေ ပြည်နယ်တွေ မြို့တွေနဲ့ နောက်ကျနေတဲ့ တိုင်းတို့ ပြည်နယ်တို့ ဒေသတို့ကို နောက်ကျနေတဲ့နေရာတွေမှာ ပိုပြီးတော့ ဘာပဲပြောပြော ဆောင်ရွက်သွားသင့်ပါတယ်။ ဒါတွေအားလုံးရဲ့ အနှစ်ချုပ်အဖြေကတော့ မနက်ဖြန် စတင်မဲ့ ညီလာခံရဲ့ အောင်မြင်မှုမှာ အများကြီး အခြေခံ မူတည်ပါတယ်လို့ ကျွန်တော်အနေနဲ့ တင်ပြလိုပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ ကျွန်ောတ်တို့အားလုံးလည်း တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အဲဒါကိုလည်း အရမ်းကိုပဲ အားကိုပါတယ်ခင်ဗျာ။ အဲတော့ ဒီနေ့ ဆွေးနွေးသွားတဲ့ ဆရာတို့သုံးယောက်ရဲ့ တင်ပြချက်ကို ကြည့်မယ်ဆိုရင် သယံဇာတတွေ သစ်တောရေးတွေအနေနဲ့ လုပ်ဆောင်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုတွေ သတင်းရရှိမှုတွေ တာဝန်ယူမှု တာဝန်ခံမှုတွေ လိုအပ်ပါတယ်။ နောက်တစ်ခါမှာ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဒါတွေကို အသိပေးဖို့အတွက် လိုအပ်တာတွေရှိသလို ဥပဒေတွေ ရှိဖို့လိုအပ်တယ်။ ဥပဒေတွေက ရှိဖို့သာမကပဲနဲ့ နည်းဥပဒေတွေက တကယ့်ကို ခိုင်မာအောင် တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။ ဒါတွေက လက်ရှိလုပ်ဆောင်နေသလို တိုင်းပြည်ရဲ့ နိုင်ငံရေးတွေ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်တွေ ထူထောင်နိုင်ဖို့တွေ လိုအပ်တယ်ဆိုတာကို အားလုံးလည်း သိကြပါတယ်။ နောက်တစ်ခု ကျွန်တော်အနေနဲ့ ထပ်ဖြည့်ပြီးတော့ ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ အားလုံးပါဝင် လုပ်ဆောင်တဲ့အချိန်မှာ စောင့်ကြပ်မှုအပိုင်းမှာလည်း ပါဝင်စေချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေ ထုပ်လုပ်တဲ့အခါမှာ တာဝန်ယူမှု တာဝန်ခံမှု တကယ်လို့များ တစ်ခုခု ဒါနဲ့ တိုက်ညီပြီးတော့ ချိုးဖောက်မှုတွေ အဆင်မပြေမှုတွေ ရှိခဲ့လို့ရှိရင်လည်း တိုင်ကြားနိုင်သော ယန္တရားတွေ ရှိဖို့လိုအပ်ပါတယ်။ တိုင်ကြားမှုတွေမှာ သက်ဆိုင်တဲ့လူထုတွေနဲ့ တိုင်ကြားနိုင်တဲ့ဟာ၊ တိုင်ကြားတာတွေကိုလည်း ထိထိရောက်ရောက် အရေးယူတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ အများဆုံးလုပ်နေကြတဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ မရှိဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ကြွယ်ဝလှတဲ့ သယံဇာတပစ္စည်းတွေကို ထိန်းသိမ်းနိုင်သလို ကျွန်တော်တို့ရရှိတဲ့ အကျိုးအမြတ်ကိုလည်း လူထုတွေဆီကို ရရှိနိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ ပြည်နယ်နဲ့တိုင်းတွေကိုလည်း လိုအပ်သလို ဦးစားပေးဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲတော့ အခုလို လာဆွေးနွေးပေးတဲ့ ဆရာတို့သုံးဦးကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် မဇ္ဈိမ Program Dialouge ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။

( ဤ အစီစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ အကျယ်သိရှိလိုပါက https://www.youtube.com/watch?v=Pn6_SPnNYkUhttps://www.youtube.com/watch?v=7R7p-DkwhQs

တွင် အပြည့်အစုံ ကြည့်ရှု နားထောင်နိုင် ပါသည်။…)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags