Miss Universe Patein 2015 ပြိုင်ပွဲ ဦးဆောင် ကျင်းပသူနှင့် သူငယ်ချင်း တစ်ဦးရေနစ်သေဆုံး

Miss Universe Patein 2015 ပြိုင်ပွဲ ဦးဆောင် ကျင်းပသူနှင့် သူငယ်ချင်း တစ်ဦးရေနစ်သေဆုံး
ငွေဆောင်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်။

ရန်ကုန် ၊ ဇူလိုင် ၁၄ ။   ။ Miss Universe Patein 2015 ပြိုင်ပွဲ ကို ဦးဆောင် ကျင်းပခဲ့သည့် celebrity & model agency မှ City Director ကိုရန်နိုင်နှင့်  သူငယ်ချင်း ဖြစ်သူ ကိုရဲကျော်ကျော်တို့ ဇူလိုင် ၁၃ရက်တွင် ငွေဆောင် ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရာမှ ရေနစ် သေဆုံး သွားခဲ့ကြောင်း အတူ လိုက်ပါ သွားခဲ့သည့် ဓာတ်ပုံဆရာ ကို အောင်သက်ဦးက မဇ္ဈိမကိုပြော သည်။

Miss Universe Patein 2015 ပြိုင်ပွဲ ကို ပုသိမ်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် ဇူလိုင် ၁၂ရက်၌  celebrity & model agency ကကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး  ပြိုင်ပွဲ အပြီး ဇူလိုင် ၁၃ရက်တွင် ငွေဆောင် ကမ်းခြေသို့ အပန်းခြေ ခရီးထွက်ခဲ့ ကြခြင်းဖြစ်သည်။

ငွေဆောင် ခရီးစဉ်သို့ Miss Universe Pathein 2015 Organization မှ အဖွဲ့ဝင်များ ၊ အစီအစဉ် တင်ဆက်သူများ ၊ Miss  ငါးဦး ၊ ဒီဇိုင်နာများ ၊ ဓာတ်ပုံဆရာများ ၊ ကားဆရာ  နှစ်ဦး အပါအဝင် စုစုပေါင်း ၃၂ဦး ဇူလိုင် ၁၃ရက်တွင် နေ့ချင်းပြန် ခရီး အဖြစ် သွားရောက် ခဲ့ခြင်းဖြစ်သည်။

ကိုရန်နိုင် နှင့် ၎င်း၏ သူငယ်ချင်း ကိုရဲကျော်ကျော် တို့သည် ဇူလိုင် ၁၃ ရက် နေ့လည် (၂) နာရီ ဝန်းကျင် တွင် ငွေဆောင် ကမ်းခြေ ၌သူငယ် ချင်း များနှင့်အတူ ရေကစားရာမှ  ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ဦးကို လိုက်လံရှာဖွေရာ ဇူလိုင် ၁၃ရက် ညပိုင်းတွင် ကိုရဲကျော်ကျော် ရုပ်လောင်း ကို ပြန်လည် တွေ့ရှိပြီး ကိုရန်နိုင် ကိုမူ ထပ်မံ ရှာဖွေနေဆဲဖြစ်သည်။

အတူ လိုက်ပါသွားခဲ့သည့် ဓာတ်ပုံဆရာ အောင်သက်ဦးက " ကျွန်တော့ မျက်စိ ရှေ့တင် ဖြစ်သွားတော့ ဆိုတော့ စိတ်မကောင်း ဘူး။ ကိုရန်နိုင်ဆို အရမ်းသဘော ကောင်း တဲ့သူ နှမြောမိတယ်။ ရေနစ်တာ ၃ ယောက်ပါ ကျွန်တော်ရယ် ၊ ကိုရန်နိုင်ရယ် ၊ ကိုရဲကျော်ကျော်ရယ် ‘ ဟု ဆိုသည်။

‘ ကိုရဲကျော်ကျော်က ဘယ်လို ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် ရဲ့ အနောက်ကို ရောက်သွားသလို ဖြစ်သွားပြီး လှိုင်းဆွဲ သွားခဲ့တယ်။ကျွန်တော် ကိုရန်နိုင်ကို ရအောင် ကယ်မယ် ဆိုပြီးခေါ်လာတဲ့အချိန်မှာ ပထမ တစ်ခေါက်ရတယ်။နောက် တစ်ခေါက် မှာလှိုင်းအရမ်း မူးပြီးတော့ ရေမွမ်း သွားတဲ့ ပုံစံမျိုးဖြစ် သွားတယ်။

ဖြစ်သွားတဲ့ အချိန်မှာ အဲဒီအချိန်ကျမှ သူ ကြောက်တဲ့စိတ် ပေါ်လာတာ ။ အစက အေးဆေးပဲ။ နောက်ဆုံး ကျတော့ ကျွန်တေ်ာ့ကို ပခုံးကို ဖတ်ထားရာက ဂုတ်ပေါ် ခွစီးသလို ဖြစ်သွား တယ် ။ အဲဒီအချိန်မှာ ကျွန်တော်ရော သူရော နစ်သွား တယ်။

အဲဒီအချိန်အမှာ လှိုင်းအဆွဲနဲ့ ကျွန်တော့်ပုခုံးကို ကန်ပြီးသွား လိုက်သလိုဖြစ်သွားတော့ ၁၀ပေ ကျော်ကျော်လောက် ကွာသွားခဲ့ တယ်။ ကျွန်တော်လဲ ဘယ်လိုမှ မကယ်နိုင် တော့ဘူး " ဟု လည်း ၎င်းက ကြုံတွေ့ခဲ့သည့် အခြေအနေကို ဆက်ပြောသည်။  

ကိုရဲကျော်ကျော်၏ ရုပ်အလောင်းသည် ဇူလိုင် ၁၃ရက် ည ၈နာရီ မိနစ် ၅၀ တွင် ကမ်းခြေ၌ ပြန်ပေါ် လာတာ ငွေဆောင် ရင်ခွဲရုံ သို့ ပို့ဆောင်ပြီး ဖြစ်သလို ကိုရန်နိုင်ကိုမူ မတွေ့ရှိရသေးသည့် အတွက် ကိုရန်နိုင် ၏ မိဘများ ၊ ဓာတ်ပုံ ဆရာ အဖွဲ့နှင့် ပုသိမ်မြို့ မှ လူကြီးမိဘများ နှင့် ကမ်းခြေတွင် စောင့်ကြည့်လျက် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly