အမေရိကန်သွားသည့် ဒေါ်စု ရွှေအိုးထမ်းမလာဘဲ ရွှေအိုးရမယ်ဆိုတဲ့ ကတိသာ ရခဲ့ဟု တရုတ်သတင်းစာရေး

အမေရိကန်သွားသည့် ဒေါ်စု ရွှေအိုးထမ်းမလာဘဲ ရွှေအိုးရမယ်ဆိုတဲ့ ကတိသာ ရခဲ့ဟု တရုတ်သတင်းစာရေး
Global Times သတင်းစာ၏ Suu Kyi returns from US without ‘gold pot’ of lifting all sanctions on Myanmar ဆောင်းပါးနှင့်တွဲလျက် အသုံးပြုထားသည့် ကာတွန်း။

(အမေရိကန်သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ ဦးရွှေမန်းက ရွှေအိုးထမ်းလာပါ ဆိုတဲ့ သတင်းစကားကို ရည်ညွှန်းလျက် ရွှေအိုးသယ်မလာဘဲ ရွှေအိုးရမယ် ဆိုတဲ့ မျှော်လင့်ချက်သာ ရခဲ့တယ်လို့ တရုတ်သတင်းစာဖြစ်တဲ့ Global Times က ရေးပါတယ်။ Global Times သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားတဲ့ Suu Kyi returns from US without ‘gold pot’ of lifting all sanctions on Myanmar ခေါင်းစဉ်ဖြင့် ရေးသားထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်ပြီး ဤဆောင်းပါးသည် မဇ္ဈိမ၏ သဘောထား အမြင်မဟုတ်ပါ။)

 ဆန်ရှင်အားလုံး ရုတ်သိမ်းလိုက်ပြီဆိုသည့် ရွှေအိုးရွက်သယ်မလာနိုင်ဘဲ မကြာခင် ရွှေအိုးရမယ်ဆိုတဲ့ သတင်းစကားကိုပဲ ဆောင်ကြဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် အမေရိကန်မှ   ပြန်လာရတော့မယ်ဆိုပြီး တရုတ်သတင်းစာက ရေးသားသွားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသို့ သူမ၏ ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီးကို စက်တင်ဘာ ၁၄ ရက်က စတင်ရောက်ရှိခဲ့ပြီးနောက် သမ္မတ ဘားရတ်အိုဘားမားနှင့် ဘဲဥပုံခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။   ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့ထားမှုများအပေါ် အဓိကဆွေးနွေးကြသည်။ ကာလကြာချမှတ်ခံထားရသော အမေရိကန်ဆန်ရှင်များ ရုတ်သိမ်းခံရရန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ကို တိုင်းတာအကဲဖြတ်နိုင်မည့် သော့ချက်ပင်ဖြစ်သည်။

 ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ ဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရွှေအိုးရွက်သယ်ပြန်လာခဲ့ပါဟု ရေးသားထားမှုများရှိခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ ရွှေအိုးကို ရွယ်သယ်မလာနိုင်ဘဲ ရွှေအိုးရမယ်ဆိုသည့် သတင်းစကားများသာ သယ်ပြန်လာနိုင်တော့မည်ဖြစ်သည်။

အမေရိကန်တွင် တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ အိုဘားမားက မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် စီစဉ်ထားကြောင်း ထုတ်ဖော်ခဲ့သော်လည်း မည်သည့်အချိန်တွင် ရုတ်သိမ်းပေးမည်ဆိုသည့် တိကျသည့်အချိန်ကာလတစ်ခုကို ပေးခဲ့ခြင်းမရှိပေ။ အမှန်တကယ်ဆိုလျင် အမေရိကန်အနေဖြင့် ဆန်ရှင်ဖယ်ရှားပေးမည်ဆိုခြင်းကို မြန်မာနှင့်ဆက်ဆံရာတွင် လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင်လည်း ယင်းကဲ့သို့ ဆန်ရှင်များ ရုတ်သိမ်းခံရရေး အမေရိကန်သို့ ကြိမ်ဖန်များစွာ တောင်းဆိုမှုများ ရှိခဲ့သည်။ ဆန်ရှင်များ ရုတ်သိမ်းပေးပါက နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပိုမိုမြန်ဆန်သွားလိမ့်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမတ်ဟောင်း ဦးတင်မောင်ဝင်းကလည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြောကြားထားဖူးသည်။

 ယင်းအချိန်က နိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင်အဖြစ် ရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်ရုတ်သိမ်းရေးနှင့်ပတ်သက်၍ အထူးသတိပြုခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပြီးနောက်ပိုင်းတွင်သာ သူမ၏ ရပ်တည်ချက်ပြောင်းလဲသွားခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်က သူမ၏ အမေရိကန်ခရီးစဉ်တွင် ဆန်ရှင်ရုတ်သိမ်းရေး မျှော်လင့်ထားကြောင်း   ပြသခဲ့သည်ကိုလည်း တွေ့ရသည်။

 ၂၀၁၂ ခုနှစ် စက်တင်ဘာလက အမေရိကန် ငြိမ်းချမ်းရေးဌာနတွင် မိန့်ခွန်းပြောကြားရာ၌ "ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီအတွက် လုပ်ဆောင်မှုကို အရှိန်ကောင်းဆက်ရဖို့ အမေရိကန်ဆန်ရှင်တွေပေါ်မှာပဲ ကျွန်မတို့ မှီခိုအားပြုသင့်တယ်လို့ ကျွန်မမထင်မိပါဘူး၊ ကျွန်မတို့ကိုယ်တိုင် လုပ်ကြပါရပါမယ်" ဟု ပြောခဲ့သည်။ တစ်ဖန် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအနိုင်ရလာခဲ့ပြီးနောက်တွင် ဆန်ရှင်အလုံးစုံ ရုတ်သိမ်းခံရေးအတွက် အရေးကြီးအချက်အသွင် ဆောင်လာခဲ့သည်။

 အမေရိကန်အနေဖြင့် မြန်မာနိုင်ငံဘက်ကလုပ်ဆောင်ထားနိုင်ခဲ့သည့် တိုးတက်မှုများနှင့်အညီ ပိတ်ဆို့အရေးယူထားမှုများကို တစ်ဖြည်းဖြည်းချင်း ဖြေလျော့ပေးခဲ့ပြီး ကမ္ဘာနှင့် ပိုမိုဖွင့်လှစ်ပေးထားခဲ့သည်ကို  တွေ့ရသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လက အိုဘားမားအစိုးရက မြန်မာနိုင်ငံတွင် အမေရိကန်တို့၏ ရင်းနှီးမြုှပ်နှံမှုအပေါ် တားမြစ်ပိတ်ပင်ထားမှုကို ဖြေလျော့ပေးလိုက်ပြီး အမေရိကန်ကုမ္ပဏီများနှင့် တံခါးများ ဖွင့်လှစ်ပေးခဲ့သည်။ ယခုနှစ် မေလတွင်လည်း နိုင်ငံပိုင်ဘဏ်များနှင့် လုပ်ငန်းများအပေါ် ပိတ်ဆို့ထားမှုများကို အမေရိကန်အစိုးရက ဖယ်ရှားပေးခဲ့မှုများ ရှိခဲ့သည်။

သို့သော်လည်း ယင်းသို့ဖြေလျော့ပေးမှုများ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များရှိနေသည်။ ပြီးခဲ့သည့်အပတ်က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံသို့ ရောက်မလာမီတစ်ရက်အလိုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မက်ခ်တိုနာက ဆန်ရှင်ရုတ်သိမ်းရေးမှာ မြန်မာ၏ ဒီမိုကရေစီတိုးတက်မှုအပေါ်မှာ မူတည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

 " မြန်မာအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်အားလုံးကို ရုတ်သိမ်းဖို့ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး၊ အဲဒါတွေကို ကျွန်တော်တို့မှာ ဆက်လက်ထိန်းထားခွင့်ရှိပါတယ်၊ ဒါကို လုပ်သင့်တဲ့အချိန်မှ လုပ်ရမှာပါ၊ နောက်ပြီးအချို့ အမေရိကန်လူ့အခွင့်အရေးအုပ်စုတွေကလည်း ဆန်ရှင်နဲ့ပတ်သက်လို့ အစိုးရကို ဖိအားပေးထားတာတွေရှိနေပါတယ်" ဟု ၎င်းက ပြောသွားသည်။

 ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်မူ ဆန်ရှင်ရုတ်သိမ်းခံရရေး ကြိုးပမ်းရာတွင် ထိုက်ရောက်သည့် အောင်မြင်မှုများ ရရှိခဲ့သည်ဟုလည်း ပြောရမည်ဖြစ်သည်။ သို့သော် ဆန်ရှင်ရုတ်သိမ်းပေးမည်ဆိုသည့် ကတိစကားတစ်ခုထက်စာလျင် အမေရိကန်ဘက်က မြန်မာနှင့်စပ်လျင်း၍ အမျိုးသားအရေးပေါ်အခြေအနေအသုံးပြုမှု ရပ်ဆိုင်းခြင်း၊ မြန်မာဆန်ရှင်အစီအစဉ်များအပေါ် အခွင့်အာဏာအတိုင်းအခြေခံလုပ်ဆောင်သည့် မူဘောင်ကို ပယ်ဖျက်ပေးခြင်းနှင့် ကုန်သွယ်မှုအကျိုးခံစားခွင့်ပေးမည့် ဂျီအက်စ်ပီ ကို ပြန်ပေးခြင်းတို့သာ ရှိခဲ့သည်ဟု ပြောပါက ပိုမိုအဓိပ္ပါယ်ပြည့်ဝမည်ဖြစ်သည်။

 အိုဘားမားအနေဖြင့်လည်း မြန်မာအစိုးရသစ်ကို ထောက်ခံကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြင့်မည်ဖြစ်ကြောင်းနှင့် ဘက်စုံပူးပေါင်းမှုများလုပ်ဆောင်မည်ဟု ကတိကဝတ်ပြုခဲ့သည်။ ဆန်ရှင်နှင့်ပတ်သက်၍မူ အမေရိကန်အနေဖြင့် ယခုအချိန်ထိ လိုသလို အသုံးပြုနေဆဲဖြစ်သည်။ ယခုအတိုင်းသာဆိုလျင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အရ မြန်မာ-အမေရိကန် ဆက်ဆံမှုသည် အဆင့်သစ်တစ်ခုကို ရောက်ရှိလာခဲ့သော်လည်း မသေချာမရေရာသည့် အနာဂတ်တစ်ခုလည်း ရှိနေသေးကြောင်းကိုလည်း ပြသနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly