အေစီမီလန်တိုက်စစ်မှူး အယ်လ်ရှာရာဝီကို မိုနာကိုအသင်း အငှားဖြင့် ခေါ်ယူ

အေစီမီလန်တိုက်စစ်မှူး အယ်လ်ရှာရာဝီကို မိုနာကိုအသင်း အငှားဖြင့် ခေါ်ယူ

ဇူလိုင် ၁၄၊ မိုနာကို။ ။ အေစီမီလန်အသင်းမှ အီတလီတိုက်စစ်မှူး အယ်လ်ရှာရာဝီကို မိုနာကိုအသင်းက တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အေစီမီလန်အသင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရသော အယ်လ်ရှာရာဝီအနေဖြင့် ပြင်သစ်တွင် ခြေစွမ်းပြနိုင်ပါက မိုနာကိုအသင်းက ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။ ယခု တစ်ရာသီအငှားစာချုပ်အတွက် မိုနာကိုက ပေါင် ၁ ဒသမ ၄ သန်းပေးချေခဲ့ရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ အယ်လ်ရှာရာဝီသည် ၂၀၁၁ ခုနှစ်က ဂျီနိုအာအသင်းမှ အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ထိုကာလအတွင်း အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော်ကစားပေးခဲ့သည်။ သို့သော် ယခုအပြောင်းအရွှေ့အတွက် ပျော်ရွှင်ကြောင်း အယ်လ်ရှာရာဝီက ပြောသည်။

'မိုနာကိုလိုဒေသကို ပြောင်းရွှေ့လာရတဲ့ ခံစားချက်က တကယ်ကို ကောင်းမွန်ပါတယ်။ ကျွန်တော်တကယ်ပျော်ပါတယ်။ ဒီအခွင့်အရေးကို ပေးခဲ့တဲ့ မိုနာကိုအသင်းဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။ မိုနာကိုနဲ့အတူ အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းပြီး ပရိသတ်တွေကို စိတ်ကျေနပ်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်' ဟု အယ်လ်ရှာရာဝီက ပြောသည်။

အယ်လ်ရှာရာဝီသည် ပြီးခဲ့သည့်ရာသီက အေစီမီလန်အသင်းအတွက် စီးရီးအေပွဲစဉ် ၁၄ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သုံးဂိုးသာ သွင်းနိုင်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly