အမေရိကန်၏ ချေးငွေအာမခံအစီအစဉ်ကို ဒေါ်စုနှင့် အိုဘားမားတွေ့ဆုံပြီး ၁ပတ်အကြာတွင် စတင်

အမေရိကန်၏ ချေးငွေအာမခံအစီအစဉ်ကို ဒေါ်စုနှင့် အိုဘားမားတွေ့ဆုံပြီး ၁ပတ်အကြာတွင် စတင်
 
 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ ဘားရတ်အိုးဘားမားတို့ အိမ်ဖြူတော် တွေ့ဆုံမှု အပြီး တစ်ပတ်အကြာတွင် အမေရိကန်အစိုးရ၏ ချေးငွေအာမခံအစီအစဉ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်လိုက်သည်။

ယင်းချေးငွေအာမခံအစီအစဉ်သည် အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏ အသေးစားစီးပွားရေးလုပ်ငန်း ၅၀၀၀ ကျော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အာမခံဖြင့်ချေးပေးမည့် တန်ဘိုးအနေနှင့် အမေရိကန်ဒေါ်လာ ၁၀ သန်းဖြစ်ကြောင်း ချေးငွေအစီအစဉ်စတင်ခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့ မာရှယ် က ပြောသည်။

“ ဒီသဘောတူညီချက်က အမေရိကန်ဒေါ်လာ ၁၀ သန်းကို ချေးငွေအာမခံအနေနဲ့ မြန်မာနိုင်ငံကို ပေးအပ်သွားမှာဖြစ်ပါတယ်၊ ဒီချေးငွေအာမခံက ပြည်တွင်းအသေးစားစီးပွားရေးလုပ်ငန်း ၅၀၀၀ ကျော်ကို ချေးငွေရရှိဖို့ အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ကို လာရောက်တဲ့ အချိန် မှာ သူမအနေနဲ့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ကို သိပ်ကို အာရုံစိုက်တာ..ကြွယ်ဝချမ်းသာမှုဖြစ်ပေါ်စေဖို့နဲ့ အလုပ်အကိုင် ဖန်တီး ပေးဖို့ လိုအပ်တယ်လို့ ရှုမြင်တာအပြင် နိုင်ငံ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားပေးထောက်ခံတာ ကြောင့်ဖြစ်ပါ တယ်”

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အမေရိကန်သမ္မတ အိုးဘားမားတို့ စက်တင်ဘာလ ၁၄ ရက်နေ့ တွေ့ဆုံမှုတွင် အိုဘားမားအနေနှင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု ပြောဆို ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံ့အပေါ်တွင် ထားရှိသည့် အရေးယူပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးရန် အချိန် ကျရောက်ပြီဟုလည်း ပြောဆိုထားသည်။ ယင်းတွေ့ဆုံမှုအပြီး အမေရိကန် အိမ်ဖြူတော် ကြော်ငြာချက်ကို ထုတ် ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် အမေရိကန်ဘက်က မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အချက်အပါအဝင် ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ကတိကဝတ်ပြုခဲ့ သည်။

ထိုကြော်ငြာချက်တွင် ချေးငွေ ကန်ဒေါ်လာ ၁၀ သန်းချေးပေးမည့် အစီအစဉ်လည်း ပါဝင်သည်။

“ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ့်ကို စိန်ခေါ်စရာတွေ ရှိနေပါတယ်၊ အဲဒိထဲက အကြောင်းအရာ တစ်ခုကတော့ ချေးငွေရရှိဖို့ အားနည်းတာပါ၊ ဒါကပဲ ကြီးမားတဲ့ အတားအဆီးဖြစ်နေပါတယ်၊ ပြီးတော့ ဒါကို အသေးစားလုပ် ငန်းတွေမှာ အထူးသဖြင့် မြင်တွေ့ရတာပါ၊ အသေးစားစီးပွားရေးလုပ်ငန်းက အလုပ်အကိုင်ဖန်တီးပေးဖို့နဲ့ အနာဂတ်မှာ ဘက်စုံလွှမ်းခြုံနိုင်မယ့် အင်ဂျင်ဖြစ်ပါတယ်” ဟု ချေးငွေအာမခံသဘောတူညီမှုကို တက်ရောက်လာသည့် USAID ၏ လုပ်ငန်းတာဝန်ဆိုင်ရာ ညွှန်ကြားရေးမှူး မစ်(စ) တာရီဆာ မက်ဂီ က ဆိုသည်။

ယင်းချေးငွေအာမခံ အမေရိကန်ဒေါ်လာ ၁၀ သန်းကို အမေရိကန်အစိုးရက ပြည်သူလူထု လက်ထဲသို့ ပြည်တွင်းရှိ အသေးစားချေးငွေလုပ်ငန်း ၅ခုမှ တစ်ဆင့် ချေးပေးသွားမည်ဖြစ်သည်။ ယင်း အသေးစားချေးငွေလုပ်ငန်း ၅ ခုမှာ ASA Microfinance (Myanmar) Limited၊ LOLC Myanmar ၊ Myanmar Development Partners၊ Pact Global Microfinance Fund နှင့် Proximity Design တို့ ဖြစ်ကြသည်။

“ ဒီချေးငွေက အာမခံစနစ်လည်း ပါပါတယ်၊ အကယ်၍ ကျွန်မတို့က Risk များတဲ့လုပ်ငန်းမျိုးကို ငွေချေးလိုက်လို့ လုပ်ငန်းမအောင်မြင်ရင် အာမခံအနေနဲ့ အမေရိကန်ဘက်က တစ်ဝက် အဆုံးရှုံးခံမယ် ဆိုပြီးတော့ပါ” ဟု Myanmar Development Partners ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဖြူယမင်းမြတ်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly