ရခိုင်နယ်စပ် ခရိုင်ရှိ အစ္စလမ် ဘာသာဝင်တို့၏ အဆောက်အဦး ၃၃၂၆ ခုကို တရားမဝင်မှုဖြင့် ဖျက်သိမ်းမည်

ရခိုင်နယ်စပ် ခရိုင်ရှိ အစ္စလမ် ဘာသာဝင်တို့၏ အဆောက်အဦး ၃၃၂၆ ခုကို တရားမဝင်မှုဖြင့် ဖျက်သိမ်းမည်

စစ်တွေ၊ စက်တင်ဘာ ၂၀ ရက်။         ။  ရခိုင်နယ်စပ် ဒေသရှိ မောင်တောခရိုင်အတွင်း အစ္စလမ်ဘာသာဝင်တို့၏ အဆောက်အဦးပေါင်း ၃၃၂၆ မှာ တရားမဝင်ဆောက်လုပ် ထားခြင်း ဖြစ်သည်ဟု အကြောင်းပြချက်ဖြင့် ဖျက်သိမ်းသွားနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားလိုက်သည်။

" တရားမဝင်တဲ့ အဆောက်အဦးတွေ ဆောက်ခွင့်မပြုဖို့နှင့် လက်ရှိ ဆောက်ပြီးသား အဆောက်ဦတွေကို ဥပဒေနဲ့အညီ ဖျက်သိမ်းဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရက်အကန့်အသတ် တစ်ခု ထားပြီး ဆောင်ရွက်မယ်။ နှစ်စဉ်တိုးပွားလာနေတဲ့ ဒီတရားမဝင် အဆောက်ဦတွေကို မဖျက်လို့မရဘူး။"

ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးဌာန၏ စာအရင်း အချက်အလက်များအရ မောင်တော ခရိုင်အတွင်း တရားမဝင် အဆောက်အဦးများ အဖြစ် ဗလီ ၁၂ လုံး ၊ အာရ်ဗီကျောင်း ၃၅ ကျောင်း ၊ လူနေအိမ် ၂၅၄၃ ဆောင်၊ ဈေးဆိုင်ခန်း ၆၀၄ ခန်းနှင့် အခြားအဆောက်အဦး ၁၃၂ ခု၊ စုစုပေါင်း ၃၃၂၆ မှာ ဖျက်သိမ်းရမည့် အဆောက်အဦးများ ဖြစ်သည်။

မောင်တောခရိုင်ရှိ အစ္စလမ်ဘာသာဝင်များအနေနှင့် " လယ်ယာမြေများ၊ လမ်းများနှင့် သစ်တောကြိုးဝိုင်းများတွင် တရားမဝင် ကျူးကျော်နေထိုင်လျက်ရှိသည့် အဆောက်အဦတချို့ကို ဖျက်သိမ်းပေးရန် လက်ခံနိုင်သော်လည်း၊ မြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦများနှင့် ဈေးဆိုင်ခန်း၊ နေအိမ်အစရှိသည်တို့ကို ရုတ်တရက် ဖျက်သိမ်းမည်ဆိုပါက စားဝတ်နေရေးနှင့် လူမှုရေး အကြပ်အတည်းများကို ဖြေရှင်းရန် အခက်အခဲများ ဖြစ်သွားနိုင်ကြောင်း" ၎င်း အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။

" တကယ်တမ်း ဘာသာရေးအဆောက်အဦးတွေကိုပါ ခုလို ဖြိုဖျက်လာမယ်ဆိုရင်တော့ ဒါဟာ ဘာသာရေးပြဿနာဘက်ကို ဦးတည်သွားမှာပေါ့။ ဒါတော့ မကောင်းပါဘူး။ ကျနော်တို့ သိရသလောက်ကတော့ ဖြိုဖျက်မယ်လို့ ပြောတာတော့ မဟုတ်ဘူး။ စုံစမ်းစစ်ဆေးဖို့ ခိုင်းထားတာလောက်ပါပဲ။" ဟု မောင်တောမြို့နယ် အစ္စလမ်ဘာသာရေးခေါင်းဆောင် ဦးဖိုးလ်ဇိုက ပြောသည်။

တရားမဝင်အဆောက်အဦးများ ဖြိုဖျက်နိုင်ရန်အတွက် စက်တင်ဘာ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ အထွေထွေ အုပ်ချူပ်ရေးရုံးတွင် အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်နယ်ဥပဒေချူပ်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မောင်တောခရိုင်ရှိ အစ္စလမ်ရပ်ကွက် ကျေးရွာ အုပ်ချူပ်ရေးမှူးတို့ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အဆိုပါ အဆောက်အဦ ၃၃၂၆ ကို တရားမဝင်အဖြစ် ဖျက်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမိန့်စာထုတ်ပြန်နိုင်ရန် ဝန်ကြီးချူပ်ထံ တင်ပြထားကြောင်း သိရသည်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly