ရခိုင်တွင် ငွေစက္ကူအတု သုံးစွဲသူများကို ဖမ်းမိ

ရခိုင်တွင် ငွေစက္ကူအတု သုံးစွဲသူများကို ဖမ်းမိ

ရခိုင်ပြည်နယ်အတွင်း ငွေစက္ကူအတုများအား အသုံးပြုနေကြောင်း သတင်းထွက်ပေါ်နေခဲ့သည်မှာ တစ်လကျော် ကာလခန့် ရှိနေခဲ့ပြီဖြစ်ရာ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ငွေစက္ကူအတု ကိုင်ဆောင် သုံးစွဲနေသူများအား ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းငွေစက္ကူအတုများမှာ အများပြည်သူ အသုံးပြုနေသည့် ဈေးနှင့် အလွယ်တကူ ရောင်းဝယ်ဖောက်ကားရာ နေရာများတွင် ပျံ့နှံ့လျှက်ရှိနေခဲ့ရာမှ အစိုးရ အသိအမှတ်ပြု  ပုဂုဂ္ဂလိကဘဏ်များသို့ ရောက်ရှိလာခဲ့သည့်အတွက် ကျပ်တစ်သောင်းတန် ငွေစက္ကူနှင့် ကျပ်ငါးထောင်တန် ငွေစက္ကူ အတုများအား သုံးစွဲသူများ ရှိနေကြောင်း သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ညနေပိုင်းက တစ်သောင်းတန် ငွေစက္ကူအတုတွေကို သုံးစွဲနေတဲ့သူ ၄ ဦးကို ပိုးရွှီပြင်ကျေးရွာ အနီးမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလူတွေက အဲဒီငွေစက္ကူအတုတွေနဲ့ ဈေးဝယ်တာတို့ ဘာတို့လုပ်ပြီး အသုံးပြုနေကြတာပါ။ ဒါကို ကျွန်တော်တို့ သတင်းရရှိတဲ့အတွက် တပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဂန့်ဂါရွာနဲ့ စေတီပြင်ကျေးရွာအကြားမှာ စက်လှေနဲ့ သွားနေစဉ်ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့ဆီက ဖမ်းဆီးစဉ်မှာတွေ့ရှိတဲ့ ငွေသားတွေက ကျပ် တစ်သောင်းတန်အတု အရေအတွက်က ၂၅၇ ရွက်ပါ။ တစ်ထောင်တန် ကျပ်ငွေ ၆ သိန်းကျော်ကတော့ အစစ်တွေဖြစ်ပါတယ်။ ကျန်တာတွေကတော့ ဖုန်းနဲ့ တခြားပစ္စည်းတွေဖြစ်ပါတယ်။ ပုဏ္ဏားကျွန်း မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ ဆောင်ရွက်လျှက် ရှိနေပါတယ်။” ဟု ပိုးရွှီပြင် ရဲကင်းစခန်းမှူး ဒု-ရဲအုပ်ရွှေလှိုင်ကပြောသည်။

၎င်းငွေစက္ကူ  အတုများအား ကိုင်ဆောင်ထားသူများမှာ ဒေသခံများမဟုတ်ဘဲ ပိုးရွှီပြင်ဒေသခံများက မသင်္ကာမှုများ ရှိလာသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly