ရခိုင်နယ်စပ်မှ မူးယစ်ဆေးပြား ၆၂ သိန်းကျော် ဖမ်းမိမှု ISIS နှင့် ဆက်စပ်နေနိုင်

ရခိုင်နယ်စပ်မှ မူးယစ်ဆေးပြား ၆၂ သိန်းကျော် ဖမ်းမိမှု ISIS နှင့် ဆက်စပ်နေနိုင်

စစ်တွေ၊ စက်တင်ဘာ ၂၀ ရက်။         ။ ရခိုင်နယ်စပ် မောင်တောမြို့နယ်မှ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ ညနေက ဖမ်းဆီးရရှိခဲ့သည့် စိတ်ကြွဆေးပြား ၆၂ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါဝင်ပတ်သက်နေပြီး အရှေ့အလယ်ပိုင်းမှ အစ္စလမ် အစွန်းရောက်အဖွဲ့ ISIS နှင့် ဆက်စပ်နေနိုင်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

စိတ်ကြွဆေးပြားများကို မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေး အုတ်သဲကျောက် ရောင်းဝယ်ရေးစခန်းအတွင်းက ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းအရေအတွက် ၆၂၃၃၀၈၀ ရှိကာ၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်း လေးထောင်ခြောက်ရာ ခြောက်ဆယ့် တစ်သိန်း ခြောက်သောင်း (၁၂၄၆၆၁၆၀၀၀၀) ရှိသည်။

" မူးယစ်ဆေးဝါးပိုင်ရှင်ဆိုက ညီချေ အမည်ရှိသူပါ။ သူက တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်သလို၊ မြန်မာနိုင်ငံသား မှတ်ပုံတင်လည်း ရှိတယ်လို့ ယူဆရပါတယ်။ ဆေးတွေကို ဘင်္ဂလားဒေ့ရှ်ကို ပို့မှာပေါ့။ အဲဒီကနေ ဘယ်ကိုသွားမလဲဆိုတာတော့ စုံစမ်းနေဆဲပါ။" ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက ပြောသည်။

ရခိုင်အခြေစိုက် ထုတ်ဝေနေသည့် Development သတင်းဂျာနယ်တွင် ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းစိတ်ကြွဆေးပြားများသည် အရှေ့အလယ်ပိုင်းဒေသရှိ ISIS အဖွဲ့သို့ ပို့ဆောင်မည့် စိတ်ကြွဆေးများ ဖြစ်ကြောင်း ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။

ပြည်နယ်ရဲမှူးကြီးကိုမူ ၎င်းကိစ္စနှင့် ပတ်သက်၍ ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အစည်းအဝေးခန်းမဆောင်အတွင်း ရောက်ရှိနေ၍ ပြန်လည် ဖြေကြားရန် အခက်အခဲရှိနေကြောင်း ဒုရဲမှူးကြီး ဦးသစ်ဆန်းက ပြောသည်။

ရခိုင်နယ်စပ်ဒေသမှ ယခု ရက်သတ္တပတ်အတွင်း မူးယစ်ဆေးဝါးများကို အလုံးအရင်း ဖမ်းဆီးရမိနေပြီး စက်တင်ဘာ ၁၇ ရက်နေ့က ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင် ခြောက်ရာငါးဆယ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့သည့် အမှုနှင့် ယခုဆေးဝါးပိုင်ရှင်များမှာ တစ်ဦးတည်း ဖြစ်သည်။

ဆေးပြားပိုင်ရှင်မှာ မြို့မအရှေ့ရပ်ကွက်နေ ညီချစ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုသည်။

ယင်းအပြင် သြဂုတ်လ နောက်ဆုံးသီတင်းပတ်ကလည်း မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ စိတ်ကြွဆေး ကျပ်သိန်း သုံးသောင်းကျော်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly