သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ၀င်ရောက် မယှဉ်ပြိုင်ဆိုသော သတင်း မမှန်ဟု သမ္မတရုံး အကြီးတန်း အရာရှိပြော

သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ၀င်ရောက် မယှဉ်ပြိုင်ဆိုသော သတင်း မမှန်ဟု သမ္မတရုံး အကြီးတန်း အရာရှိပြော

ရန်ကုန်၊ ဇူလိုင် ၁၄ ။      ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယသက်တမ်းအတွက် ဝင်ရောက် မယှဉ်ပြိုင် ဆိုသော သတင်းမှာ  မှန်ကန်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေး က ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကိုပြောကြား လိုက်သည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၈ရက် တွင် ပြုလုပ်ရန်စီစဉ်ထားသော ပါလီမန် ရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင်၁၃ တွင်ပြောကြား ခဲ့သည်ဟုရိုက်တာ သတင်းဌာနက ဖော်ပြထားခဲ့သော်လည်း ယင်းသတင်းမှာ မှန်ကန်ခြင်း မရှိဘဲသမ္မတ အနေဖြင့် စဉ်းစားနေဆဲ အခြေအနေတွင်သာ ရှိသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ သတင်းတွင် သမ္မတ ဦးသိန်းစိန်သည် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံ စာပို့သည်ဟု ဖော်ပြထားသည်။

သို့သော်လည်း ယင်းစာနှင့် ပတ်သက်ပြီး မည်သို့ ထွက်ပေါ်လာသည် မသိဟုလည်း ဦးဇော်ဌေးက ဆိုသည်။

လာမည့် သက်တမ်းတွင် သမ္မတ ဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ မယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက ‘  နံပါတ် ၁ တိုင်းပြည် အခြေအနေ။ နံပါတ် ၂ ပြည်တွင်း နိုင်ငံရေး အခြေအနေ။ နံပါတ်သုံး ပြည်သူလူထု ပေါ့နော်။ အဲဒီအခြေအနေတွေပေါ် မူတည်ပြီး ဆုံးဖြတ်မယ်။ အဲဒီအတိုင်းပါပဲ’ ဟု ဆိုသည်။

‘ အဲဒီ အခြေအနေ သုံးရပ်ပေါ်မူတည်ပြီးပဲ ဆုံးဖြတ်မယ်။  လက်ရှိ အခြေအနေက စဉ်းစားဆဲလို့ပဲ ပြောလို့ ရမယ်’  ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လာမည့် သက်တမ်းတွင် ဝင်ရောက်ယှဉ်ပြိုင် မယှဉ်ပြိုင်ကိုမူ နိုင်ငံတော် သမ္မတ အနေဖြင့် အချိန်တန် ပါက ထုတ်ပြန်မည်ဟု လည်း ၎င်းက ပြောကြားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly