ပြောရဲ၊ ဖမ်းရဲ၊ ချိန်ရဲ

ပြောရဲ၊ ဖမ်းရဲ၊ ချိန်ရဲ

လေးလောင်းပြိုင်လူသတ်မှုကြီးကတော့ တဖြေးဖြေး ခက်ခဲနက်နဲလာပါပြီ။ သဘာဝအတိုင်း ဖြစ်ပွားခဲ့တယ်လို့ အစက ထင်ခဲ့ကြပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ ဖုန်းထဲက လူသုံးယောက် ဓာတ်ပုံကလည်း သဲလွန်စ အကြီးကြီးလိုလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခုထိတော့ အကြီးကြီး မဟုတ်သေးဘူးခင်ဗျ။ ဓာတ်ပုံပါ လူသုံးယောက်ကို ဒီနေ့ထိ ဘယ်သူမှန်း မသိရသေးဘူးလေ။ မသိတာလည်း မသိတဲ့သူတွေရဲ့ အပြစ် မဟုတ်ပါဘူး။ ပုံကလည်း ထင်ထင်ရှားရှားမှ မဟုတ်တာ။ လေးလောင်းပြိုင်ကို မောင်မှန် လျှောက်စဉ်းစားရင်းနဲ့ လည်ထွက်နေတယ်။

လည်ထွက်သထက် လည်ထွက်စေမယ့် တွေ့ဆုံမေးမြန်းခန်း တစ်ခုကိုလည်း (၇-၉-၁၆) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရရဲ့။ ကြေးမုံတသတင်းစာက ရဲအရာရှိကြီးတစ်ဦးကို လေးလောင်းပြိုင်နဲ့ ပတ်သက်ပြီး အင်တာဗျူးထားတာပါ။ ကြေးမုံရဲ့ မေးခွန်းတစ်ခုက "စစ်ဆေးတဲ့ အခါမှာ အဲဒီအိမ်အတွင်းကနေ အခြားထူးခြားတဲ့ အချက်တွေ ရှိခဲ့ရင် သိချင်ပါတယ်။ နောက်အိမ်ရဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ပတ်သက်လို့လည်း နည်းနည်းလောက် ရှင်းပြပေးပါ" တဲ့။ အဖြေက "အိမ်ထဲကနေ စာအုပ် ၅၀ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီစာအုပ်တွေကတော့ ဂမ္ဘီရဝတ္ထု စာအုပ်တွေနဲ့ ဖြစ်ရပ်မှန်မှုခင်း စာအုပ်တွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်တွေကို နေအိမ်ဧည့်ခန်းထဲက ဗီရိုထဲကနေ သိမ်းဆည်းရရှိခဲ့ပါတယ်။ အိမ်ရဲ့ ပတ်ဝန်းကျင်မှာလည်း ယတြာချေထားတဲ့ အထုပ်ရှစ်ထုပ် တွေ့ရှိခဲ့ရပါတယ်" တဲ့။ သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ ဂမ္ဘီရနဲ့ ဖြစ်ရပ်မှန်မှုခင်းစာအုပ် ၅၀ ထဲက ၆ အုပ်ရဲ့ အဖုံးတွေကိုလည်း ရောင်စုံဓာတ်ပုံနဲ့ ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ရတယ်။

ဆန်းတော့ ဆန်းနေပြီနော်။ ဒီစာအုပ်တွေဟာ အမှုနဲ့ ဘယ်လိုပတ်သက်နေသလဲ။ (ရှားလော့ဟုမ်း၊  ဦးစံရှား၊ ဦးထင်ကျော်(သမ္မတမဟုတ်၊ စုံထောက်)၊ တင်မောင်ဆွေ၊ ဆားပုလင်းနှင်းမောင် စတဲ့ စုံထောက်ကျော်တွေအားလုံးရဲ့ ဂိုက်ကိုဖမ်းကာ မောင်မှန်ခမျာ ဦးနှောက်က လည်ထွက်နေရရှာပါပြီ) အမှုနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတယ်လို့ ယူဆစရာရှိတဲ့အတွက် ထည့်ပြောတာပေါ့။ အမှုလမ်းကြောင်းနဲ့ လုံးလုံး မဆိုင်ရင် ဘယ်ထည့်ပြောပါ့မလဲ။ အမှုဖြစ်ပြီးစမှ ထွက်လာတဲ့ သတင်းတစ်ခု ရှိတယ်မို့လား။ သေဆုံးသူ ရဲအရာရှိဟောင်းဟာ ရဲဘဝတုန်းက မူးယစ်ဆေး စွမ်းစွမ်းတမံ ဖမ်းပေးခဲ့ပြီး အထက်နဲ့ အဆင်မပြေဖြစ်ကာ နောက်ပိုင်းမှာ ရဲက ထွက်ခဲ့တယ်လို့ ဆိုတယ်။ အသတ်ခံရတာလည်း မူးယစ်ကိစ္စရဲ့ နောက်ဆက်တွဲလို့လည်း တွက်ချက် မှန်းဆပြတယ်။ ဒီတုန်းက တာဝန်ရှိသူတွေဘက်က ဒီကောလဟလဟာ အမှုလမ်းကြောင်းလွဲအောင် တမင်ဖန်တီးထားတာ ဖြစ်တယ်။ မှန်ကန်မှုမရှိဘူးလို့ ဖြေရှင်းခဲ့ဖူးတယ်။ အခု ဂမ္ဘီရစာအုပ် ၅၀ နဲ့ ယတြာအထုပ်ရှစ်ထုပ်ကို တာဝန်ရှိသူတစ်ယောက်က တရားဝင် ပြောပြနေပြီ။ သေသူ ရဲအရာရှိဟောင်းရဲ့ ဘယ်လက်နဲ့ ခုနှစ်လက်မအကွာမှာ သေသူရဲ့ ဓားကို တွေ့ရသတဲ့။ သေဆုံးသူအားလုံးကို သေစေတဲ့ လက်နက်ဟာလည်း တစ်ဖက်တုံး၊ တစ်ဖက်သွားရှိတဲ့ ထိုးသွင်းလို့ရတဲ့ အရာဖြစ်တယ်လို့ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစာအရ သိရသတဲ့။ ဂလောက်ဆို အမှုလမ်းကြောင်း ဘယ်ကိုသွားနေတယ်ဆိုတာ ပြည်သူများ ရိပ်မိလောက်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်လို့ဆိုပြီး မင်းသားကြီးကောလိပ်ဂျင်နေဝင်းစတိုင်နဲ့ မောင်မှန် ဘာမှ ဝင်မပြောတော့ပါဘူး။ အဲ မောင်မှန်က ဝင်မပြောပေမဲ့ သေဆုံးသူ ရဲအရာရှိဟောင်းရဲ့ (အတူနေ) ယောက္ခမကြီးကတော့ ပြောတယ်ခင်ဗျ။ "စိုးနောင်က ညာသန်ပါ၊ ထူးထူးခြားခြား ကျင့်စဉ်တွေ ကျင့်တာ တစ်ခါမှ မမြင်ဖူးဘူး။ ပုံမှန် တရားထိုင်တာ၊ ပုတီးစိပ်တာလောက်ပဲ လုပ်တယ်။ ယတြာချေထားတဲ့ အထုပ်တွေက အန်တီလုပ်ထားတာ။ ကလေးတွေ ပျောက်တာ ဘာညာ ကြားနေရတယ်လေ။ အဲဒီကိစ္စအတွက်ရော၊ ကလေးတွေ ဖျားတာ၊ နာတာ မရှိအောင်ရော ယတြာချေထားတာ ဖြစ်ပါတယ်တဲ့။ သေသူရဲ့ ယောက္ခမကြီးကလည်း ရိပ်မိပုံရပါတယ်။ ဒါကြောင့် သူပြောသင့်တာ ဝင်ပြောတာဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အဆင့်မြင့် ရဲအရာရှိတစ်ယောက်ကတော့ "စစ်ဆေးနေတဲ့ ကာလဖြစ်တဲ့အတွက် ဘာကိုမှ တိတိကျကျ ပြောလို့ မရသေးပါဘူး" လို့ ပြောပါတယ်ခင်ဗျာ။

ရန်ကုန် လေးလောင်းပြိုင်ကသာ ဘာမှ ပြောမရသေးတာ၊ မြေလတ်မြို့ကြီး တစ်မြို့မှာကျ မြန်မာနိုင်ငံ ရဲတွေက အမှုကြီးတစ်မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြပါပြီ။ စက်တင်ဘာ ၉ ရက်နေ့က မြို့ထဲမှာ အလွန် နာမည်ကြီးနေတဲ့ လောင်းကစား ကာစီနိုဝိုင်းကြီးကို နှိပ်ကွပ်နှိမ်နင်းခဲ့ပါပြီ။ လူသုံးယောက်ကြီးများတောင် ပါဝင် လောင်းကစားတဲ့၊ မြန်မာကျပ်ငွေ ၂၀၀ လောင်းကြေးထပ်တဲ့ ဇယ်တောက်ခုံကြီးကို ဖမ်းဆီးလိုက်ပုံများ ဟော်လေ့တကျိုး၊ ဟိုးလေးတကြော်နဲ့ ဂျာနယ်တွေမှာ သတင်းပါလာခဲ့ပါပြီ။ မလိုသူတွေက ဖဲဖမ်း၊ ချဲဖမ်း ရဲလို ပြောပြောနေကြတာကို မခံချင်လို့ နေမှာပေါ့ခင်ဗျာ။ တစ်ခါထဲ ဇယ်ခုံဖမ်းပြလိုက်တော့တာပဲ။ ကဲ ဘယ့်နှယ့်ရှိစပေါ့။

တလောက သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ နယ်စပ်မြိုကတစ်မြို့မှာ ကာစီနိုလောင်းကစားရုံကြီး အကြီးအကျယ် ချနေတာတဲ့။ ဘယ်သူမှလည်း တိုင်လို့မရ။ လူငယ်တွေ ပျက်စီးလှပါပြီတဲ့။ အဲဒီ ကာစီနိုဝိုင်းမှာ ဇယ်ခုံတစ်ခုံ ထည့်ပေးဖို့သာ Custommer (စားသုံးသူ၊ လောင်းကစားပွဲအနေနဲ့ အသွင်ယူ တောင်းဆိုလိုက်စမ်းပါ။ မြေလတ်ရဲတွေ နယ်ကျော်ပြီး လာဖမ်းပေးပါလိမ့်မယ်ခင်ဗျာ။

ဇယ်ခုံပဲ ဖမ်းတတ်တာပါလို့လည်း ထင်မနေနဲ့ဦး။ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံရွာမှာ ကျိုက်ထီးရိုး ဝါးသေနတ်ဘေး ရေးထားတဲ့ ပြန်မချစ်ရင် သတ်ပစ်မယ်ဆိုတဲ့ အထာမျိုးနဲ့ သေနတ်နဲ့ ထိုးချိန်တဲ့ ရဲကိုကိုက ရှိသေး။ သူထိုးချိန်တာ ဘယ်ဒုစရိုက်သမားကိုမှ မဟုတ်ပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးထဲက ပြည်သူတွေကိုပါ။ ကြောက်စရာကြီးနော်။ ကူညီပါရစေဆိုတာ ဒါ ထင်ပါရဲ့။ သေနတ်နဲ့ ချိန်တာကို ဝင်တားတဲ့သူကိုလည်း ပစ်သတ်မယ်လို့ ထပ်ခြိမ်းခြောက်သတဲ့။ ခြေထောက်နဲ့ ကန်သတဲ့။ တကယ်တော့ ရဲကိုကိုက ကျေးလတ်တောရွာတွေမှာ ဗိုလ်စွဲနေကျအတိုင်း ဗိုလ်စွဲပြတာပါ။ ဒါ သူ့ရဲ့လုပ်ရိုးလုပ်စဉ်များလားပဲ။ သူသတိမထားမိလိုက်တာက ခေတ်ပဲ။ ဒီကနေ့ခေတ်ဟာ IT နည်းပညာခေတ် ဖြစ်နေပြီဆိုတာ သူ သတိလစ်သွားတယ်။ သူ သေနတ်နဲ့ ထိုးချိန်ပြီး နာရီပိုင်းအတွင်းမှာပဲ အင်တာနက် အွန်လိုင်းပေါ်မှာ ပြည်သူတွေကို သေနတ်နဲ့ချိန်နေပုံ ပြူးပြူးပြဲပြဲကြီး ဓာတ်ပုံရော၊ ဗီဒီယိုပါ တက်လာခဲ့ပါတယ်။ ဓာတ်ပုံဆို အတော် သရုပ်ပီပါတယ်။ ဇာတ်ကောင်စရိုက်ကို အပီအပြင် ဖော်ကျူးနိုင်တာ တွေ့ရတယ်။ ဓာတ်ပုံ ပူလစ်ဇာဆုတောင် ပေးဖို့ကောင်းတယ်။

အော် ..... ဒါနဲ့ စကားမစပ် တရားဥပဒေ စိုးမိုးရေးကို အဓိက ဖော်ဆောင်ကြမှာ ဘယ်သူတွေ ပါလဲခင်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly