ပန့်ခ်ဘဝနေထိုင်မှု

ပန့်ခ်ဘဝနေထိုင်မှု
Photos - Food Not Bombs

ပန့်ခ်ဂီတကို လူတိုင်း သိကြမှာပါ။ ဒါပေမယ့် ပန့်ခ်က ဂီတတင်မကပဲ ဘဝနေထိုင်မှုအတွက်ပါ လမ်းညွှန်ပေးနိုင်တယ်ဆိုရင် လူတိုင်းလက်ခံနိုင်ကြပါ့မလား? ဒါပေမယ့်  မြန်မာနိုင်ငံက ပန့်ခ်လူငယ်တစ်စု ကတော့ သူတို့ဘဝခံယူချက်ဟာ ပန့်ခ်ဂီတရဲ့အဆုံးအမတွေ အတိုင်းပဲ နေထိုင်ပြုမူတယ်လို့ ပြောဆိုလာပါတယ်။ ဒါဆိုရင် ပန့်ခ်ဘဝနေထိုင်မှုက ဘယ်လိုရှိမလဲ?

ဗုံးမဟုတ်တဲ့ အစားအသောက်(သို့) Food Not Bomb

မြန်မာနိုင်ငံမှာ ပန့်ခ်ဂီတကို လူငယ်အတော်တော်များ ရူးသွပ်စွဲလန်းကြပေမယ့် Food Not Bomb ဆိုတဲ့ လူငယ် ပန့်ခ်အဖွဲ့ကတော့ ထူးခြားပါတယ်။ သူတို့ဟာ တစ်ခြား လူငယ်ပန့်ခ်သမားတွေလို ဂီတဘက်ကို ဇောက်ချလုပ်တာမျိုးမဟုတ်ပဲ သူတို့ရဲ့ဘဝနေထိုင်မှုနဲ့အတွေးအခေါ်ကအစ ပန့်ခ်အယူဝါဒတွေနဲ့ နေထိုင်ရှင်သန်နေတာပါ။ Food Not Bomb အဖွဲ့ဟာ လမ်းပေါ်က လေလွင့်ကလေးတွေနဲ့ ကျေးလက်တောရွာ တွေကကလေးသူငယ်တွေ အတွေးအခေါ်၊ အယူအဆ၊ ဘဝရပ်တည်မှုတွေ ကောင်းမွန်လာစေဖို့အတွက်လည်း လှုပ်ရှားမှုတွေလုပ်နေပါတယ်။

ကျွန်တော်တို့ ဂီတနဲ့ ဘဝနေထိုင်မှုက ၅၀၊ ၅၀ စီပဲ။ သူများတွေက ဂီတတစ်မျိုးထဲလုပ်နေပြီး တစ်ချို့ကတော့ ဘဝနေထိုင်မှုကိုပဲ ယူထားပါတယ်။ ကျွန်တော်ကတော့ အဖွဲ့သုံးဖွဲ့မှာပါတယ်။ ဂီတလုပ်တဲ့အဖွဲ့နာမည်က REBEL ပါ။ လမ်းပေါ်ကကလေးတွေကို မုန့်ဝေတဲ့အဖွဲ့နာမည်က Food Not Bomb ဖြစ်ပြီး နောက်ထပ် Books Not Bomb ဆိုတဲ့ အဖွဲ့လေးကိုလည်း လုပ်နေပါတယ်။

လို့ Food Not Bomb အဖွဲ့ ပန့်ခ်လူငယ်တစ်ဦးဖြစ်တဲ့ ကျော်ကျော်ကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ လူအများစုက ပန့်ခ်လူငယ်တွေကို အဝတ်အစားထိုးထိုးထောင်ထောင်တွေဝတ်ပြီး လမ်းပေါ်မှာအချိန်ပြည့်လျှောက်သွားနေတဲ့ ဆိုးသွမ်းလူငယ်တွေလို့ သတ်မှတ်ကြပါတယ်။ ဒီလို လူတွေရဲ့ဝေဖန်မှုတွေအပေါ်မှာတော့ ဘယ်လိုမှ မတုံ့ပြန်ချင်ဘူးလို့ ကျော်ကျော်ကပြောပါတယ်။ လူတွေက ကျွန်တော်တို့အပေါ်အမြင်စောင်းနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မတုံ့ပြန်ချင်ပါဘူး။ ဒီအပေါ်မှာ ကျွန်တော်တို့ ဘာမှတ်ချက်မှလည်းပေးနေမှာမဟုတ်ဘူး။ လူအများစုက ကျွန်တော်တို့ကို ကြည့်မရဘူးဆိုတာ မနာလိုတာကြောင့်လည်းပါတယ်။ ကျွန်တေ်ာတို့က လွတ်လွတ်လပ်လပ်နေထိုင်ဝတ်ဆင်လို့ရနေတာကို မနာလိုကြဘူးလေ။ လူတိုင်းမှာအခြေခံအားဖြင့် လွတ်လပ်ချင်ကြတယ်။ အထူးသဖြင့် စနစ်တစ်ခုနဲ့လည်ပတ် ရပ်တည်နေရတဲ့ စစ်သားနဲ့ရဲတွေက ကျွန်တော်တို့ကို အမုန်းဆုံးပဲ။

Food Not Bomb အဖွဲ့ကလူငယ်အများစု ပန့်ခ်ကို သူတို့ရဲ့ဘဝလို့ခံယူထားကြပြီး မြန်မာနိုင်ငံမှာ ပန့်ခ်ယဉ်ကျေးမှုထွန်းကားလာဖို့လည်း မျှော်လင့်ထားကြပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ခံယူချက်ကတော့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် လူငယ်တွေအားကို ယူဖို့လိုတယ်ဆိုတဲ့အချက်ပါ။ မိရိုးဖလာလူ့အဖွဲ့အစည်းကနေ ခွဲထွက်ဖို့ စိုးရွံ့နေကြပြီး အသစ်ကြောက်ရောဂါစွဲကပ်နေတဲ့ မြန်မာနိုင်ငံက လူတစ်ချို့အတွက်တော့ ပန့်ခ်လူငယ်တွေက နတ်ဆိုးတွေလိုပါပဲ။

မင်းမဲ့စရိုက်နဲ့နေထိုင်ခြင်း

Food Not Bomb အဖွဲ့က ပန့်ခ်လူငယ်တွေက မင်းမဲစရိုက်နဲ့နေထိုင်တယ်လို့ ဆိုလာပါတယ်။ သူတို့နေထိုင်တဲ့ မင်းမဲ့စရိုက်ကို ကျော်ကျော်က အခုလိုပြောပါတယ်။

မြန်မာနိုင်ငံကလူတွေက မင်းမဲ့စရိုက်လို့ပြောလိုက်ရင် ခိုးဆိုးမူးယစ်ရမ်းကားမယ်လို့ပဲထင်နေတယ်။ ကျွန်တော်တို့နေထိုင်တဲ့မင်းမဲ့စရိုက်က အစိုးရမလိုအပ်တာပါ။ ကျွန်တော်တို့အဖွဲ့မှာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိတယ်။ ပြဿနာဖြစ်လာရင်တောင် ရဲစခန်းသွားစရာမလိုဘူး။ ကျွန်တော်တို့ချင်းဖြေရှင်းလိုက်လို့ရတယ်။ ကျွန်တော်တို့အားလုံးက ခေတ်အဆက်ဆက်မှ ဘယ်အစိုးရတက်တက် ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနေရတာပါပဲ။ ကျွန်တော်တို့အတွက် အစိုးရမလိုဘူးလို့ခံယူပြီးနေထိုင်ပါတယ်။

ပန့်ခ်ယဉ်ကျေးမှုဟာ  လူ့အဖွဲ့အစည်းရဲ့အစဉ်အလာစည်းကမ်းတွေကို ဖောက်ထွက်ပြီး ကိုယ်ပိုင်နေထိုင်မှုပုံစံ၊ ကိုယ်ပိုင် ဂီတပုံစံတွေကို စိတ်ကြိုက်လုပ်နေကြပေမယ့် သူတို့ရဲ့ဘဝရပ်တည်မှုကတော့ ခက်ခဲကြမ်းတမ်းပါတယ်။ သူတို့ဟာ လူ့အသိုင်းအဝန်းကနေ ခွဲထွက်နေတဲ့သူတွေဖြစ်တဲ့အတွက် အလုပ်အကိုင်ရဖို့ခက်ခဲပြီး ဝင်ငွေရှာနိုင်ဖို့ ရုန်းကန်ရပါတယ်။

ကျွန်တော်တို့ပုံစံနဲ့က အလုပ်ရဖို့ခက်တယ်လေ။ ဒါပေမယ့် ဖက်ရှင်ပုံစံကိုတော့မပြောင်းနိုင်ဘူးလေ။ ကျွန်တော့်စိတ်ကူးကတော့ ကားမောင်းသင်မယ်။ ပြီးရင် တက္ကစီမောင်းမယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင်ကားတွေဝယ်လာနိုင်ရင်တော့ ကျွန်တော်တို့ ပန့်ခ်အသိုင်းအဝန်းက လူငယ်တွေအတွက် အလုပ်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံက ပန့်ခ်လူငယ်တွေဟာ လူအဖွဲ့အစည်းရဲ့စည်းမျဉ်းဘောင်တွေကို မကြိုက်ကြပဲ သူတို့ရဲ့တစ်နေ့တာကို ကိုယ်တိုင်စိတ်ကြိုက်နေထိုင်ကြပါတယ်။

သူတို့ကိုလည်း လူ့အဖွဲအစည်းက အလုပ်အခွင့်အလမ်းပြန်မပေးကြပါဘူး။ ကျွန်တော်က အိမ်မှာ အကျီၤတွေကို ဆေးဆိုးပန်းရိုက်လုပ်တယ်။ ဒီလုပ်ငန်းတွင်ကျယ်လာရင် ကျွန်တော့်အသိုင်းအဝန်းကလူတွေကိုလည်း အလုပ်ပြန်ပေးနိုင်တာပေါ့။ လို့ ကျော်ကျော်ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံက ပန့်ခ်ဂီတအခြေအနေ

မြန်မာနိုင်ငံမှာ ပန့်ခ်ဂီတရေစီးကြောင်းဟာ စီးမျောနေပေမယ့် လူတန်းစားအားလုံးကို ဖမ်းစားနိုင်လောက်တဲ့ အောင်မြင်မှုမျိုးတော့ မရရှိသေးပါဘူး။ ပန့်ခ်ကို ရုးသွပ်တဲ့လူငယ်အများစုတောင်မှ ပန့်ရော့ခ်အစစ်တွေကို နားလည်လက်ခံနိုင်စွမ်းမရှိသေးပဲ ပေါ့ပ်ပန့်ခ်သီချင်းအများစုကိုသာ လက်ခံအားပေးနေကြတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်တစ်ဆုပ်လောက်ပဲရှိတဲ့ ပန့်ခ်နဲ့ ပတ်သက်သူတွေကတော့ သူတို့ဂီတကို သူတို့ရဲ့ဘုရားလိုသဘောထား ကိုးကွယ်နေကြတာပါ။ ပန့်ခ်ဂီတသမားတွေဟာ အခြားဂီတသမားတွေထက် သူတို့ဂီတကိုအစွဲကြီးပြီး ရုးသွပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဂီတအမျိုးအစားအသစ်တစ်ခု ပေါ်ထွက်လာရင် သရုပ်ပျက်တွေ၊ လမ်းသရဲတွေဆိုပြီး ဝေဖန်တတ်ကြတာအဆန်းမဟုတ်ပေမယ့် အချိန်ကြာရင် လက်ခံလာတတ်ကြပါတယ်။ ဒီလိုပဲ ဂီတရေစီးကြောင်းမှာ အရှိန်အဟုန်နဲ့ တိုးမပေါက်သေးပေမယ့် ပန့်ခ်ဂီတ ကိုလက်ခံအားပေးမှုတွေ မြန်မာနိုင်ငံမှာ ရှိနေပါပြီ။

ပန့်ခ်ကတော့ အမျိုးအစားတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့ ဂီတကတော့ အမှန်အတိုင်းဝန်ခံရရင် ပရော်ဖက်ရှင်နယ်အဆင့်မှာ မရှိသေးပါဘူး။ ဒါပေမယ့် ဒီနိုင်ငံမှာ ပန့်ခ်သီချင်းတွေ လုပ်နေတဲ့သူတွေကိုယ်တိုင်က ပန့်ခ်အယူအဆနဲ့ အတွေးအခေါ်ပိုင်းမှာအားနည်းတယ်။ ဂီကတော့ လေ့လာရင်အများကြီးပဲ။ ကျွန်တော်တို့ကတော့ နေထိုင်မှုပုံစံကိုပဲ ပိုနှစ်သက်ပါတယ်။

လို့ ကျော်ကျော်က ပြောပါတယ်။

Food Not Bombs အဖွဲ့ဝင်တွေရဲ့ဝတ်စားဆင်ယင်မှုဟာ ပန့်ခ်ပုံစံဖြစ်နေတာနဲ့ ပတ်သက်ပြီး လူတစ်ချို့က ဝေဖန်ပြစ်တင်ကြပေမယ့် သူတို့ကတော့ ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပန့်ခ်ကို အပေါ်ယံအရေပြားအလွှာလောက်အရေခြုံထားတာမဟုတ်ပဲ ဘဝနေထိုင်မှုပုံစံတစ်ခုလုံး ပန့်ခ်အတိုင်းနေထိုင် နေကြပါတယ်။

ပန့်ခ်ဘဝနေထိုင်မှု

ပန့်ခ်က ဂီတထက်ပိုတဲ့ဘဝနေထိုင်မှုပုံစံလို့ဆိုရင် အားလုံးကလက်ခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပန့်ခ်ဟာ ဂီတမဟုတ်ပဲ ဘဝနေထိုင်မှုလို့ မြန်မာနိုင်ငံက ပန့်ခ်လူငယ်အများစုကလက်ခံထားကြပါတယ်။

သူတို့အတွက် ပန့်ခ်က ငြိမ်းချမ်းမှုတွေပေးနိုင်တယ်။ သူတို့အတွက် ပန့်ခ်က ထွက်ပေါက်တစ်ခုဖြစ်တယ်။ သူတို့ရဲ့ဘဝကို ပန့်ခ်က ကယ်တင်နိုင်တယ်။ သူတို့ရဲ့ကိုးကွယ်ယုံကြည်ရာက ပန့်ခ်ဖြစ်တယ်။ ပန့်ခ်ဂီတ ကို ၂၀၀၁ခုနှစ်လောက်ကမှ ပန့်ခ်သီချင်းတွေနဲ့ စတင်ထိတွေ့ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ ဒီလူငယ်တွေရဲ့ အယူအဆနဲ့ခံယူချက်က ဆန်းပြားနေမှာပါ။ ပန့်ခ်က ဘဝနေထိုင်မှုလို့ ပြောလာတဲ့အပေါ် သင်တို့ရော လက်ခံနိုင်လား?

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly