စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ချယ်လ်ဆီးခေါ်ယူ

စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ချယ်လ်ဆီးခေါ်ယူ

ဇူလိုင် ၁၄၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် စတုခ်စီးတီးအသင်းမှ ဘော့စနီးယားလက်ရွေးစင်ဂိုးသမား ဘီဂိုဗစ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဘီဂိုဗစ်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ဖော်ပြခြင်း မရှိခဲ့ပေ။ သို့သော် ပေါင် ၈ သန်းဝန်းကျင် ပေးချေခဲ့ရသည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြသည်။

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်အသင်းသို့ ဂိုးသမား ပီတာချက်ပြောင်းရွေ့သွားစဉ်ကတည်းက ဘီဂိုဗစ်ကို ခေါ်ယူလိုခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် ဘီဂိုဗစ်က 'စတုခ်စီးတီးအသင်းမှာ ကစားခဲ့ရတဲ့ အချိန်တွေကို ချစ်ပါတယ်။ ဒါပေမဲ့ ပိုမိုတိုးတက်လာမယ့် ဒီအခွင့်အရေးကို ရယူချင်ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားလိုပါတယ်'

'ချယ်လ်ဆီးကို ပြောင်းရွှေ့ခွင့်ရလို့ ပျော်ပါတယ်။ ဒီအသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တိုးတက်လာမယ်လို့လည်းခံစားရပါတယ်။ ရာသီကြိုခရီးစဉ်အတွက် ဗုဒ္ဓဟူးနေ့မှာ အသင်းနဲ့ တွေ့ဆုံသွားမှာပါ' ဟု ဆိုသည်။

ဘီဂိုဗစ်သည် ၂၀၁၀ ခုနှစ်က ပို့စ်မောက်အသင်းမှ စတုခ်စီးတီးအသင်းသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ စတုခ်စီးတီးတွင် ငါးနှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၇၂ ပွဲကစားခဲ့သည်။ ဖယ်လ်ကာအိုပြီးနောက် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၏ ဒုတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်သည်။

ဘော့စနီးယားလက်ရွေးစင်အဖြစ် ပွဲပေါင်း ၄၁ ပွဲ ကစားထားသည့် အသက် ၂၈ နှစ်အရွယ် ဘီဂိုဗစ်သည် ချယ်လ်ဆီးတွင် ကော့တွိုက်စ်၏နောက် ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ ကစားရဖွယ်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly