အရင်းအနှီးများတဲ့ ရုပ်သံမီဒီယာ စီးပွားရေး စတင်မယ့်သူတွေ ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ

18 September 2016
အရင်းအနှီးများတဲ့ ရုပ်သံမီဒီယာ စီးပွားရေး စတင်မယ့်သူတွေ ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ

သိပ်မကြာခင်မှာတော့ ပုဂ္ဂလိက ရုပ်သံလိုင်း ၅ လိုင်းလောက် ထပ်တိုးလာဦးမယ့် အခြေအနေပါ။ အဲဒီလုပ်ကိုင်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက လက်ရှိလုပ်နေတဲ့ ရုပ်သံလိုင်းတွေကို ခွင့်ပြုမှာ မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်အသစ်တွေကို လုပ်ကိုင် ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ ရုပ်သံလိုင်းတွေက လက်ရှိ ရုပ်သံလိုင်းတွေလိုပဲ အစိုးရကို လစဉ်ကြေး သိန်း ၂၀၀   ပေးသွင်း ရမှာလည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီတစ်ပတ် 7 Minutes အစီအစဉ်မှာ လစဉ်ကြေး ကျပ်သိန်း ၂၀၀ က ပေးသွင်းဖို့ လုပ်ငန်းရှင်အချို့၊ ရုန်းကန်နေရမလား။ အခြား ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်မလဲ ဆိုတာကို မြန်မာနိုင်ငံ ရုပ်သံထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကိုကို(စက်မှု)နဲ့ ဆွေးနွေးထားပါတယ်ရှင်။

မဇ္ဈိမ။  ။  ရုပ်သံလိုင်း ၅ ခု ထုတ်လုပ်ခွင့် ရတော့မယ်ဆိုတာလေးက ကြားနေရပါတယ်။ အဲတော့ ဆရာ သူတို့ ထုတ်လွှင့်ရမယ့် ပုံစံလေးနဲ့ လုပ်ရကိုင်ရမယ့် အခြေအနေလေး ဆရာသိသလောက် အကျဉ်းလေး ပြောပြပေးပါလားဆရာ။

ဦးကိုကို။ ။ ဟုတ်ကဲ့။ ကျွန်တော်သိသလောက်ပေါ့နော်။ ရုပ်သံလိုင်း ၅ လိုင်းရမယ်။ သို့သော် သူတို့က Channel Operater အနေနဲ့ ရမှာမဟုတ်ဘူး။ အဲတော့ Contact Proviter အနေနဲ့ ရမှာပေါ့နော်။ Contact Provider ပေးထားတယ်။ ဘာကြေင့်ပေးထားလဲဆိုတော့ သိသလောက်ကတော့ ဒီ Broadcast လောက ပြန်ပြင်ရမှာရှိတယ်။ နည်းဥပဒေတွေ မထွက်သေးဘူး။ ဒီကြားထဲမှာ လုပ်ချင်တဲ့သူတွေကလည်း တော်တော်လေး စိတ်ထက်သန်နေတဲ့အတွက်ကြောင့် အဆင်ပြေအောင်လို့ဆိုပြီးတော့ သင့်လျော်တဲ့ နာမည်တစ်ခုအောက်မှာ လုပ်ပိုင်ခွင့် ပေးလိုက်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လုပ်တဲ့ကိုင်တဲ့ဟာကတော့ ကိုယ်ပိုင် ကိုယ့် channel သဘောမျိုးနဲ့ လုပ်ရမှာ။ သို့သော် တရားဝင်နာမည်ကတော့ Content Provider ပေါ့နော်။ အဲဒီပုံစံမျိုးနဲ့ သွားမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။  ဟုတ်ကဲ့ရှင့်။ အခုကြားနေတာက ဒီ ဂြိုလ်တုစလောင်း တပ်ဆင်ခ သိန်း ၉၀၀ ပေါ့နော်။ ပြီးတော့ နှစ်စဉ်ကြေးက အမေရိကန်ဒေါ်လာ ၅၄၀၀ ဆိုတာတွေ ပြီးတော့ လစဉ်ကြေးက သိန်း ၂၀၀ ပေါ့နော်။ အဲတော့ အဲလိုမျိုး ပေးသွင်းရမယ်ဆိုတာမျိုးတွေ ရှိနေတယ်ပေါ့နော်။ ဒါတွေက အခုမှလုပ်မယ့် ရုပ်သံလိုင်းအသစ်တွေအတွက် မျှတတဲ့သဘောမျိုး ရှိရဲ့လား။ ဒီပေါ်မှာရော ငွေကြေးကဏ္ဍအနေနဲ့ ဦးကိုကို ဘယ်လိုမျိုးများ မြင်လဲရှင့်။

ဦးကိုကို။  ။ တစ်ခုတော့ရှိတာပေါ့နော်။ ရုပ်မြင်သံကြားလုပ်ငန်းနဲ့ ပုံနှိပ်လုပ်ငန်းတွေက ကွာဟချက်တွေက တော်တော်လေး ရှိပါတယ်။ ရုပ်မြင်သံကြားလုပ်ငန်းက ဘာလဲဆိုတော့ နံပါတ်တစ်က အခြေခံ အဆောက်အဦးတွေရှိတယ်။ ဂြိုလ်တုသုံးရတဲ့ကိစ္စတွေရှိတယ်။ Fiber သွယ်ရတဲ့ကိစ္စတွေရှိတယ်။ တကယ်တမ်းတော့ မျှမျှတတ ပြောရမယ်ဆိုရင်တော့ ရုပ်မြင်သံကြားလုပ်ငန်း လုပ်ဖို့ကတော့ ငွေနည်းနည်းလေးနဲ့ လုပ်လို့မရဘူး။ လိုအပ်တဲ့ သင့်တင့်လျှောက်ပတ်တဲ့ ငွေရှိမှ ဒီရုပ်သံလုပ်ငန်းကို လုပ်လို့ရတယ်။ ဒါပေမယ့် ခုနကပြောတဲ့ တစ်လ သိန်း ၂၀၀ ရှိမယ်။ ခုနကပြောတဲ့ ဂြိုလ်တုငှားစရိတ်တွေ ရှိမယ်။ စသဖြင့် ရှိတယ်။ ဒါပေမယ့် အဲဒါတွေကတော့ တကယ်တမ်း ပြောကြစတမ်းဆိုရင်တော့ ရုပ်သံလုပ်ငန်း လုပ်မဲ့သူတွေဘက်က ပြန်ကြည့်ရတော့ တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် ငွေကြေးပမာဏ ဖြစ်နေတယ်။ လက်ရှိအနေအထားရ ပြောရတော့ ဒီလိုမျိုး ငွေကြေးပမာဏ များတဲ့ဟာဆိုရင်တော့ တော်ရုံတန်ရုံ အဖွဲ့အစည်းနဲ့ ဆိုရင်တော့ ရင်းနှီးမြှုပ်နှံ့ဖို့ကတော့ ခက်ခဲတယ်။

မဇျွိမ ။    ။သမ္မတ(ဟောင်း) ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် သတင်းစာတွေ ထုတ်ဝေခွင့် ပေးလိုက်တယ်။ အဲဒီအချိန်မှာ သတင်းစားတွေထဲကို အများကြီး တိုးဝင်ပြီးတော့ ထုတ်ကြတယ်ဆရာ။ နောက်ပိုင်းမှာလည်း ဆရာတို့ကိုယ်တိုင်လည်း လုပ်ခဲ့တယ်ဆရာ။ နောက်ပိုင်းမှာဆိုရင် စီးပွားရေးအရလည်း မအောင်မြင်ဘူး။ ငွေကြေးကလည်း အဲလောက် ပြန်ပြီးတော့ စီးဆင်းတာမရှိဘူးဆိုတဲ့သဘောမှာ ရပ်တန့်သွားတယ်။ အဲတော့ ဖြစ်ခဲ့တာက လုပ်လုပ် လုပ်ဆိုပြီးတော့ လုပ်လိုက်တယ်။ ရေရှည်ရပ်တည်ဖု့ိကြတော့ ခက်ခဲတယ်ပေါ့နော်။ အဲဒီ ရုပ်သံပေါ်မှာဆိုရင်ရော။

ဦးကိုကို ။      ။ ဒီကနေ့ ပြောချင်တဲ့အဓိက အချက်မှာ အဲဒါလည်းပါပါတယ်။ အဲတော့ သတင်းစာတွေထုတ်ကြတယ်။ ဆရာတို့ကိုယ်တိုင်ကလည်း သတင်းစာထုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိက သတင်းစာထုတ်ဖို့က အိပ်မက်မက်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာတယ်။ အဲဒီအိပ်မက်က တကယ်တမ်း ဖြစ်လာတဲ့အခါ လုပ်မယ် လုပ်မယ် အဲဒီအချိန်မှာ ဘာစိတ်ရှိလဲ လုပ်ချင်ကိုင်ချင်တဲ့စိတ်ပဲ ရှိတယ်။ ဒါပေမယ့် ဘာမရှိဘူးလဲ အားနည်းချက်တွေအကုန်လုံးက အရေးကြီးဆုံးအချက်ဖြစ်တဲ့ ဈေးကွက် သုတေသနလုပ်နိုင်မှု မလုပ်နိုင်ခဲ့ဘူး။ အဲဒါအပါအဝင်ပေါ့ ကောင်းမွန်တဲ့ ခိုင်မာတဲ့ စီးပွားရေးအစီအစဉ် မရှိဘူးပေါ့။ ဆိုတော့ အခု ရုပ်သံလိုင်း ၅ လိုင်း ထပ်ပေးတော့မယ်ဆိုတဲ့အခါမှာ နည်းနည်းလေးစိတ်ပူပါတယ်။ စိတ်ပူတယ်ဆိုတာက အကုန်လုံးကလည်း ဘာကြောင့်လုပ်ချင်တယ်။ ရုပ်သံလိုင်းကို လုပ်ချင်တာကြာပီ ပေးမှမလုပ်တာ။ အခု လုပ်ခွင့်ရတဲ့အချိန်မှာ လုပ်မယ်။ လုပ်ခွင့်ရတဲ့အချိန်မှာ လုပ်မယ့် စိတ်ဆန္ဒတွေပဲရှိတယ်။ ဒါပေမယ့် အဲဒီစိတ်ဆန္ဒတွေနဲ့ ကပ်လျက်ပါလာမယ့် လုပ်ငန်းတစ်ခုကို အကောင်အထည်ပေါ်လာရမယ့် တကယ့် တိကျတဲ့ Business Plan ခုနကပြောသလို ရုပ်သံဈေးကွက်က ဘယ်လောက်ရှိလဲ ဘယ်လောက်ကျယ်ပြန့်သလဲ ရုပ်သံကြော်ငြာဈေးကွက်ကရော ဘယ်လောက်ရှိလဲ။ ကိုယ့်ရဲ့ ဗျူဟာကရော ဘယ်လိုရှိလဲ။ ကုန်ကျစရိတ်က ဘယ်လောက်ရှိနိုင်သလဲ ရင်းနှီးမြှုပ်နှံ့မှုကရော ဘယ်လောက်ရှိသလဲ အရင်း ဘယ်တော့ကျေမလဲ နောက်ထပ် ထပ်လာနိုင်တဲ့ ဥပဒေတွေက စိန်ခေါ်မှုတွေက ဘာတွေရှိလဲ စသဖြင့် ဒါတွေအကုန်လုံးကို စနစ်တကျ မတွက်ချက်ဘဲနဲ့ လုပ်မိရင်တော့ ဆရာထင်တယ် သတင်းစာခေတ်က အပြိုင်အဆိုင်လုပ်ရင်းနဲ့ အခက်အခဲတွေ တွေ့သလို တွေ့မှာ ဆရာအနေနဲ့ နဲနဲစိတ်ပူပါတယ်။

မဇ္ဈိမ။  ။ ဒါပေမယ့် ဒီရုပ်သံလုပ်ငန်းက တကယ်သာလုပ်မယ်ဆိုရင် အကျိုးအမြတ် ခုနပြောသလို စီးပွားရေးအရ အောင်မြင်မယ်ဆိုလို့ရှိရင်လည်း အကျိုးအမြတ် တကယ်ရမယ့် လုပ်ငန်းဖြစ်တယ်။ အဲတော့ ဒီရုပ်သံရဲ့ အကျိုးစီးပွား တကယ်လုပ်တဲ့သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အစိုးရဘက်ကနေ ဥပဒေတွေ လက်တွေ့မှာရော အစိုးရဘက်က ဘာတွေ ကူညီပံ့ပိုးပေးသင့်တယ်လို့ ထင်ပါသလဲ။

ဦးကိုကို။  ။ အဲဒီအတွက်ကြောင့် နိုင်ငံတော်ဘက်က ဘာလုပ်ရမလဲဆိုတော့ ဥပဒေတွေမှာ လက်ရှိလုပ်နေတဲ့ ရုပ်သံလုပ်ငန်းတွေ ထပ်လာမယ့်လုပ်ငန်းတွေအကုန်လုံး ရင်းနှီးမြှုပ်နှံ့ဟာ အာမခံချက်ပေးနိုင်တဲ့ ဟာမျိုးတော့ ဥပဒေထဲမှာ ပါသင့်တယ်။ ဆိုလိုချင်တာက အခု ဒါလည်း စိတ်ပူတာပဲ။ ဒီရုပ်သံလိုင်း ၅ လိုင်း ဝင်ဆို ဝင်ချလာပြီး လွှင့်လို့ရသွားပြီ ဒါပေမယ့် သူတို့ကို ဘယ်လိုအာမခံချက် ပေးမှာလဲ။ အဲဒီလူတွေက တစ်ချိန်ချိန်မှာ ရုပ်သံဥပဒေ ပေါ်ပေါက်လာတဲ့အခါမှာ အဲဒီငါးလိုင်းက ဘယ်လိုပုံစံမျိုးနဲ့ သွားရမှာလဲ။ ဆိုတော့ အဲဒီလူတွေအတွက်လည်း ရေရှည်အာမခံချက်ပေးတဲ့ အစီအမံပေါ့နော်။ ဘယ်လိုအစီအမံလဲဆိုတာတော့ တကယ်လက်တွေ့လုပ်နေတဲ့သူတွေ ပိုနားလည်ပါတယ်။ ဥပဒေရေးဆွဲနေတဲ့သူတွေ အဲဒါတွေတော့ ပေးသင့်တယ်လို့ ထင်ပါတယ်။

မဇ္ဈိမ။  ။ ဟုတ်ကဲ့ဆရာ နောက်ဆုံးတစ်ခုလောက် မေးချင်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာ့မီဒီယာက စီးပွားရေးအရ အောင်မြင်ဖို့ အရမ်းကို ခက်ခဲနေတဲ့အခြေအနေပါ အဲတော့ အနာဂတ်မှာ မြန်မာ့မီဒီယာကို ဆရာ့ရဲ့ တစ်ဦးတည်းအနေနဲ့ ဘယ်လိုများ မျှော်မှန်းထားပါလဲရှင့်။

ဦးကိုကို။  ။ အနာဂတ်မှာတော့ မြန်မာ့မီဒီယာလည်း ကျယ်ပြန့်တယ်။ ရုပ်သံမီဒီယာ၊ ဒီဂျစ်တယ်မီဒီယာ၊ နောက်ပြီး ပုံနှိပ်မီဒီယာ စသဖြင့် ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နောက်ငါးနှစ် နောက်ငါးနှစ်တောင် မနေတော့ပါဘူး။ နောက် နှစ်နှစ် သုံးနှစ်အတွင်းမှာ ပုံနှိပ်မီဒီယာက ခပ်မြန်မြန် မြန်မာပြည်မှာ သွားလိုက်မယ်။ ဘာကြောင့်လဲဆိုတော့ အခု ပုံနှိပ်မီဒီယာကတော်တော်လေး ကျဆင်းနေတယ်။ ဘာကြောင့်လဲ ဆိုရှယ်မီဒီယာတွေ တက်လာတယ်။ မိုဘိုင်းနည်းပညာတွေ တက်လာတယ်။ ပုံနှိပ်မီဒီယာတစ်ခုက သတင်းစာတစ်စောင် ဂျာနယ်တစ်စောင် ဟိုး ဝေးလံတဲ့ တောကလူတွေ မသိနိုင်ဘူး။ ဒါပေမယ့် တောကလူတွေလက်ထဲမှာ မိုဘိုင်းဖုန်း ရှိနေတယ်။ အဲဒီအချက်အလက်တွေအကုန်လုံးက မိုဘိုင်းဖုန်းထဲ ရောက်လာတယ်။ အဲတော့ နောက်အနာဂါတ်မှာ ပုံနှိပ်မီဒီယာတွေရဲ့ အခန်းကဏ္ဍက ကျဆင်းမယ်။ အဲတော့ ပုံနှိပ်မီဒီယာတွေကလည်း ဘာလုပ်မလဲဆိုတော့ ပြောင်းလဲမှုလုပ်ရမယ်။ အဲဒါကြောင့် တချို့က ရုပ်သံဘက်ကိုသွားတယ်။ တစ်ချို့က ဒီဂျစ်တယ်ဘက်ကိုသွားတယ်။ အဲတော့ ရုပ်သံမီဒီယာတွေကတော့ အခုမှ ဖွံ့ဖြိုးမယ့်အဆင့် ဖြစ်တဲ့အတွက်ကြောင့် ရုပ်သံမီဒီယာတွေ တိုးတက်မှုကတော့အလားအလာကောင်းတယ်။ သို့သော် ရုပ်သံမီဒီယာ တိုးတက်လာမှုနဲ့အတူ ရုပ်သံမီဒီယာကို စိန်ခေါ်မှုဖြစ်လာနိုင်တဲ့ နောက်ထပ် မီဒီယာတစ်ခုကတော့ အွန်လိုင်း မီဒီယာ ဒီဂျစ်တယ်မီဒီယာ မိုဘိုင်းကိုသုံးတဲ့ မီဒီယာတွေ ဒါတွေက ရုပ်သံလိုင်းကို စိန်ခေါ်မှု ဖြစ်စေပါတယ်။

Mizzima Weekly