၆ လကြာ ယာယီရပ်နားခံရသည့် မြိတ်ရှိ ငါးအမှုန့်စက်ရုံများ စက်ရုံပိတ်ပြီး တစ်လကျော် အကြာတွင် တိုင်းအစိုးရက ထပ်မံစစ်ဆေးကာ ပြန်စဉ်းစားပေးမည်

၆ လကြာ ယာယီရပ်နားခံရသည့် မြိတ်ရှိ ငါးအမှုန့်စက်ရုံများ စက်ရုံပိတ်ပြီး တစ်လကျော် အကြာတွင် တိုင်းအစိုးရက ထပ်မံစစ်ဆေးကာ ပြန်စဉ်းစားပေးမည်
အဆောင်ကောင်းစက်ရုံသို့ စီမံ၊ဘဏ္ဍာဝန်ကြီး စစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ-ဇော်နီ)

မြိတ်၊ စက်တင်ဘာ- ၁၇ ။               ။ ငါးအမှုန့်ကြိတ် စက်ရုံများ၏ အနံ့ဆိုး အခြေအနေကြောင့် ၆ လကြာ ယာယီရပ်နားခံရသည့် မြိတ်ရှိ ငါးအမှုန့်စက်ရုံများ  စက်ရုံပိတ်ပြီး တလကျော်အကြာတွင် ဝန်ကြီးချုပ်က ထပ်မံစစ်ဆေးကာ အစိုးရ အဖွဲ့အစည်းအဝေးလုပ်ကာ ပြန်စဉ်းစားဆုံးဖြတ်မည် တနင်္သာရီတိုင်း စီမံ၊ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက စက်တင်ဘာ(၁၆) တွင် ပြောဆိုလိုက်သည်။

"အဆောင်ကောင်းစက်ရုံက ပြင်ဆင်ထားမှုအဆင်ပြေတဲ့အတွက် ဒီစက်ရုံကို ဝန်ကြီးချုပ် ထပ်ပြီး စစ်ဆေးလို့ရအောင် စက်ရုံယာယီပြန်လည်ပတ်ခိုင်းထားတယ်။မင်းဇာနည်ကတော့ ပြင်ဆင်မှုအပိုင်းတွေ ဆက်လုပ် နေတုန်းပဲ။ အခု ဝန်ကြီးချုပ် ထပ်မံစစ်ဆေးပြီးရင်တော့ ရလာဒ်တစ်ခုပြန်ထွက်လာမယ်” ဟု ၎င်းက ဆိုသည်။

 သြဂုတ်(၆)ရက်မှ စတင်ကာ အဆောင်ကောင်းနှင့် မင်းဇာနည်စက်ရုံတို့ကို လုပ်ငန်း(၆)လ ယာယီရပ်နားခိုင်းခဲ့ပြီး အဆောင် ကောင်းစက်ရုံမှ သြဂုတ် (၁၆)ရက်တွင် ပြင်ဆင်ပြီးကြောင်း တင်ပြလာ သည့်အတွက် စီမံ၊ ဘဏ္ဍာဝန်ကြီးက ထပ်မံ စစ်ဆေးခဲ့ကာ စက်တင်ဘာ(၉)ရက်က လုပ်ငန်းယာယီလည်ပတ်ခွင့်ပြန်ပေး ထား ကြောင်းသိရသည်။

"ပြင်ဆင်ထားတဲ့အပိုင်းတွေ စစ်ဆေးတော့ အဆင်ပြေတယ်။ ဒါကြောင့် ဝန်ကြီးချုပ်စစ်ဆေးတဲ့အချိန်မှာ စက်ရုံ လည်ပတ်နေမှ အဆင်ပြေမယ်။ မင်းဇာနည်စက်ရုံကတော့ တင်ပြလာတာမရှိသေးဘူး” ဟု ဦးဖြိုးဝင်းထွန်း ကဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် အင်းလေးမြိုင်စက်မှုဇုံအတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံ (၄) ရုံနှင့် ပထော်ပထက် ကျွန်းရှိ စက်ရုံ(၁)ရုံ စသည်ဖြင့် စက်ရုံများအားလုံးသို့ ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လုပ်ငန်းယာယီရပ်နားခံထိထားပြီး ပြန်လည်ပြင်ဆင်မှုပြုလုပ်ထားသည့် အဆောင်ကောင်း ငါးအမှုန့် ကြိတ်စက်ရုံ အနေဖြင့် စစ်ဆေးလေ့လာချက်များအရ အဆင်ပြေသည့် အခြေအနေ ရှိနေကြောင်း စီမံ၊ ဘဏ္ဍာဝန်ကြီးက သုံး သပ်သည်။

သို့သော်လည်း စက်ရုံများ၏ အနံ့ဆိုးထုတ်လွှတ်နေသည့် ပြသ၁ာနာတစ်ခုအနေဖြင့် ဆက်လက်စောင့် ကြည့်ပြီး လိုအပ်သည့် ပြင်ဆင်မှုများကိုမူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ရုံများ၏ အနံ့ဆိုးကိစ္စကို ဝေဖန်ထောက် ပြနေသူများလည်းရှိနေခဲ့သည်။

 ထို့အပြင် ဗဲင်(န်)တေ့(ချ်)စက်ရုံအနေဖြင့် သွပ်အမိုးပြားထုတ်စက်ရုံပြောင်းလုပ်မည်ဆိုသည့်အနေအထား မှာလည်း သွပ်အမိုးပြား စက်ရုံနှင့် ငါးအမှုန့်ကြိတ်စက်ရုံတို့တွဲလျက်အနေအထားဖြင့် ဆက်လက်လည်ပတ်မည့် အခြေအနေအဖြစ် သိရှိထားကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

 တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ပြောဆို တိုက်တွန်းထားချက်ဖြစ်သည့် မည်သည့်လုပ်ငန်း လုပ်သည်ဖြစ်စေ ပြည်သူကို မျက်နှာမူ၍  ပြည်သူ့အကျိုးကို ကြည့်ကာဆောင်ရန်ဆိုသည့်အတွက် မြိတ်မြိ့ု ငါးအမှုန့်ကြိတ် စက်ရုံများအနေဖြင့် အနံ့ဆိုးထွက်သည့် စက်ရုံရှိပါက ဒေသခံပြည်သူများအကျိုးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်ရန်မှာ အရေးကြီးသည့် လိုအပ်မှုတစ်ခုဟု ဆိုရမည့်ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly