ထူးထူးခြားခြားအားကစား

17 September 2016
ထူးထူးခြားခြားအားကစား

ဒီတစ်ပတ်မှာတော့ Underwater hockey ဆိုတဲ့ ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။ ရေအောက်ဟော်ကီပြိုင်ပွဲ ဖြစ်ပါတယ်။

များသောအားဖြင့် ဟော်ကီပြိုင်ပွဲလို့ဆိုလိုက်တာနဲ့ မြက်ခင်းပြင်ဟော်ကီနဲ့ ရေခဲပြင်ဟော်ကီဆိုပြီးသာ အသိများကြပါတယ်။ တကယ်တော့ ရေအောက်ထဲမှာ ပြိုင်ရတဲ့ ဟော်ကီပြိုင်ပွဲလည်းရှိနေခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ ဒီပြိုင်ပွဲကိုစတင်မိတ်ဆက် ခဲ့သူကတော့ အင်္ဂလန်နိုင်ငံက အလန်ဘလိတ်ပါ။ အခုဆိုရင်တော့ ဒီပြိုင်ပွဲဟာ ကမ္ဘာ့အားကစားနည်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သလို ကမ္ဘာ့အဖွဲ့ချုပ်လည်းရှိနေပါပြီ။ ပထမဆုံး ကမ္ဘာ့ချန်ပီယံရှစ် ရေအောက်ဟော်ကီပြိုင်ပွဲကိုတော့ ၁၉၈၀ မှာ ကနေဒါမှာ စတင်ကျင်းပနိုင်ခဲ့ပါတယ်။

ဘယ်လိုကစားရတာလဲဆိုတော့ အသင်းနှစ်သင်းက တစ်ဖက်ကိုခြောက်ယောက်ယှဉ်ပြိုင်ကစားရတာပါ။ တစ်သင်းမှာ ကစား သမား ၁၀ ယောက်ထိထားခွင့်ရှိပြီး လေးယောက်က အရန်ကစားသမားတွေပါ။ ပြိုင်ပွဲမစတင်မီမှာ ဘောလုံးအဖြစ်အသုံးဖြစ်မယ့် ရာဘာတုံးကို ရေကူးကန်အလယ်မှာထားထားပြီး ကစားသမားတွေကတော့ သက်ဆိုင်ရာ ဂိုးပေါက်တွေဘက်မှာ ရေကူးကန်ရဲ့ အပေါ်ဘက်ကနေစောင့်ဆိုင်းရပါတယ်။ ဒိုင်လူကြီးက အချက်ပြလိုက်တာနဲ့ ရာဘာတုံးဆီရေကူးသွားပြီး တစ်ဖက်ဂိုးဘက်ကို ဂိုးသွင်းနိုင်အောင် ကစားရတာပါ။

ကစားသမားတွေအနေနဲ့ ရေမွန်းလာရင် ရေပေါ်တက်ပြီး အသက်ရှူကြရပါတယ်။ ပွဲကို နှစ်ပိုင်းခွဲကစားပြီး တစ်ပိုင်းကို ၁၀ မိနစ် ကနေ ၁၅ မိနစ်ထိကြာတတ်ပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ တစ်ပိုင်းကို မိနစ် ၂၀ သတ်မှတ်ထားပါတယ်။ နားချိန်က တော့ သုံးမိနစ်ပါ။

ကစားသမားတွေဟာ ရေကူးမျက်နှာဖုံး၊ ရေအောက်အသက်ရှူပိုက်၊ ရေယက်ပြား၊ ဦးထုပ်၊ လက်အိတ်၊ ရာဘာတုန်းကိုရိုက်ဖို့ တုတ်တို တို့လိုအပ်ပါတယ်။ ဂိုးကလည်း ရေအောက်ကြမ်းပြင်မှာပဲရှိတာဖြစ်ပြီး သုံးမီတာကျယ်ပါတယ်။ ဒိုင်လူကြီးကလည်း နှစ်ဦးကနေ သုံးဦးထိ ထားရှိပါတယ်။ ပရိသတ်တွေအနေနဲ့တော့ ရေကူးကန်အနေအထားရ တစ်ချို့ပြိုင်ပွဲတွေမှာ ကိုယ်တိုင် ရေအောက်ထဲဆင်းကြည့်လို့ရပေမယ့် အများအားဖြင့်တော့ ရေအောက်ဗီဒီယိုပြကွက်တွေကိုပဲ ကြည့်ပြီး အားပေးရပါတယ်။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ၁၉၈၀ ကနေစပြီး နှစ်နှစ်တစ်ကြိမ်ကျင်းပနေပါတယ်။ ၂၀၀၆ တုန်းက အင်္ဂလန်မှာကျင်းပတဲ့ ၁၄ ကြိမ် မြောက်ပြိုင်ပွဲတုန်းကဆိုရင် နိုင်ငံပေါင်း ၁၇ နိုင်ငံက အသင်းပေါင်း ၄၄ သင်းထိ စံချိန်တင်ဝင်ပြိုင်ခဲ့ကြပါတယ်။ သက်တမ်း အလိုက်သတ်မှတ်ပြီးကို ပြိုင်ကြတာပါ။ အမျိုးသမီးအသင်း၊ အမျိုးသားအသင်းရှိသလို ရောပြီးပြိုင်လို့လည်း ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly