ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် OICထံမှ ထောက်ပံ့မှု လုံးဝမယူကြောင်း အဖွဲ့ဝင် ငြင်းဆို

ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် OICထံမှ ထောက်ပံ့မှု လုံးဝမယူကြောင်း အဖွဲ့ဝင် ငြင်းဆို
ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် သူ၏ အဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း Organization of Islamic Cooperation (OIC)ထံမှ အကူအညီများ ရယူမည်ဟုသည့် စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများအတွက် ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးလွင်က ငြင်းဆိုလိုက်သည်။

ကြံ့ခိုင်ရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီ၏ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် ကော်မရှင် အသုံးစရိတ်ငွေများကို OIC အဖွဲ့အစည်း အကူအညီဖြင့် ရယူဆောင်ရွက်မည်ကို သံသယစိတ်များဖြင့် စိုးရိမ် ပူပန်မှုများ ရှိနေခြင်းဟူသည့် အချက်ကို ရည်ညွှန်းကာ ဦးအေးလွင်က ပြောခြင်းဖြစ်သည်။

"အဲ့ဒါ လုံး၀ မဟုတ်ပါဘူးခင်ဗျာ ၊ တရားဝင်လည်း ကြေညာပါလိမ့်မယ်။ လုံးဝကို မဟုတ်ပါဘူးခင်ဗျာ" ဟု ဦးအေးလွင်က ဆိုသည်။

နိုင်ငံရေးပါတီ ၁၁ ပါတီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်သွားရန် ရှိနေကြောင်းလည်း ဦးအေးလွင်က ပြောသည်။

ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားဖြစ်ရေး တောင်းခံခြင်းများအပေါ် ကော်မရှင်အနေနှင့် လက်ခံသွားမည်ကို စိုးရိမ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ အပါအဝင် ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ ဆန္ဒနှင့် စိုးရိမ်ပူပန်မှုကို လျစ်လျူရှုပြီး ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို လက်ရှိအစိုးရက တာဝန်ယူရမည် ဖြစ်ကြောင်းလည်း ၁၁ ပါတီက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါ ကော်မရှင်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း   နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန်က ဥက္ကဌအဖြစ်ဆောင် ရွက်ပြီး ပြည်တွင်းက တတ်သိပညာရှင် ခြောက်ဦး ၊ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင် သုံးဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ကော်မရှင်ကို ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ်မပြုသင့်ကြောင်း အတည်ပြုဆုံးဖြတ်ထားပြီး ထိုဆုံးဖြတ်ချက်ကို အလေးအနက် ထောက်ခံကြောင်းလည်း ၁၁ ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကြေညာချက် ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ဝံသာနု ဒီမိုကရေစီပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ပြည်သူ့ ဒီမိုကရေစီပါတီတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly