ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြို့ကလေးသို့တစ်ခေါက်

17 September 2016
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြို့ကလေးသို့တစ်ခေါက်

ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ သူကိုယ်တိုင် ရေးသားခဲ့တဲ့ သူ့ရဲ့ကိုယ်ရေး အတ္တုပ္ပတ္တိထဲမှာ မွေးရပ်မြေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးဖွဲ့ထားခဲ့ပါတယ်။ ဇာတိမြေကို ပြန်လာတိုင်း မြင်တွေ့ရတဲ့ မြင်ကွင်းတွေထဲမှာ မီးရထား ဘူတာရုံနဲ့ မီးရထား ဝန်ထမ်းတွေနေတဲ့ အိမ်တန်းလျားတွေ ပါဝင်သလို မြေပဲခင်း ပဲခင်းတွေလည်း ပါတယ်။ ယင်းချောင်းလို့ အမည်ရတဲ့ သဲချောင်းကြီးပါသလို အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ မကြားဖူးရွာလည်း ပါတယ်။ အဝေးက လှမ်မြင်နေရတဲ့   ရွှေရောင်တောက်နေတဲ့   စေတီကြီးပါသလို   လောကဓါတ်သင်တဲ့   မြန်မာ အထက်တန်းသင် ဘုန်တော်ကြီးကျောင်းလည်း ပါတယ်။

ဗိုလ်ချုပ် ဖော်ညွှန်းထားတဲ့နေရာလေးကတော့ မြေလတ်ဒေသထဲမှာပါတဲ့ နတ်မောက်မြို့လေးပဲ ဖြစ်ပါတယ်။ ဒီမြိုကလေးက မြန်မာသာမက ကမ္ဘာကပါ သိနေတဲ့ မြို့လေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့လေးက ခေတ်နောက်ကျနေသေးတဲ့ မြို့လေးတစ်မြို့လို့ ဆိုရပါမယ်။

“တစ်ရွာလုံးရှိ အိမ်ဝိုင်းများအနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမ အိမ်ကြီးတစ်လုံး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့် ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာ ရှိသော်လည်း ထိုအခါက အတောင် ၈ တောင်သာ ရှိတော့သည်။ အိမ်အမြင့်မှာလည်း ၃ ပေခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးက ရှေးမြန်မာမင်းများလက်ထက်က နတ်မောက်မြို့ မြို့သူကြီးအိမ်ပင် ဖြစ်လေတော့သည်။ ထိုနောက်ဖေးအဆောင်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့သည်။ ”

ဒါကတော့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားခဲ့တဲ့ ဗိုလ်ချုပ်မွေးဖွားခဲ့တဲ့ အိမ်ပါ။ အရင်ကတော့ ဒီအိမ်ဝန်းရှိတဲ့နေရာကို တောင်ရွာလို့ ခေါ်ပါတယ်။ အခုတော့ ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်ဆန်းရပ်ကွက်လို့ ခေါ်ကြပြီး ဗိုလ်ချုပ်နေခဲ့တဲ့အိမ်ကိုလည်း ပြတိုက်လုပ်ထားပါတယ်။ ဒီအိမ်ဝန်းကြီးထဲမှာတော့ ဗိုလ်ချုပ်ရဲ့ ကလေးဘဝပုံရိပ်တွေ ရှိနေပါတယ်။

မြို့ခံ ဆရာတော်တစ်ပါးကလည်း ဗိုလ်ချူပ်အောင်ဆန်း ငယ်စဉ်ဘဝကို အခုလို မိန့်ကြားပါတယ်

“အမေ အဖေပဲဖြစ်စေ ဆရာသမားပဲဖြစ်စေ သူက အမှန်တိုင်းပြောတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အမေစုနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးသိပြိး ဖြစ်တယ်ပေါ့။ စပါးဝယ်တဲ့သူတွေ လာတယ်။ စပါးဝယ်တဲ့သူတွေ လာတဲ့အခါကျတော့ ငါဝယ်တုန်းကတော့ ၆၀ ဈေးနဲ့ဝယ်ထားတာ မင်းတို့ လိုချင်တယ်ဆိုရင် ၅၀ ဈေးနဲ့ ယူသွားကြပေါ့လို့ ပြောတဲ့အခါမှာ သုံးလေးနှစ်သားအရွယ် ကစားနေတဲ့ အောင်ဆန်းလေးက အမ ခင်ဗျားမညာနဲ့ဗျ။ ခင်ဗျား ၅၀ နဲ့ဝယ်ထားတာ ကျုပ်သိတယ်ပေါ့ အဲလို ထပြောလိုက်တယ်။ အဲလိုပြောလိုက်တဲ့ အခါကျတော့ စပါးဝယ်တဲ့သူတွေကလည်း သူ့ကိုကြည့်ပြီးတော့ သဘောကျသွားတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ ရယ်မောသွားကြတယ်။ ဒါပေမယ့် စပါးတော့ အရောင်းအဝယ် ပျက်သွားပုံတော့ ပေါ်တယ်။ သူတို့ပြန်သွားတဲ့အခါကျတော့ မေဖြစ်သူကနေ သူ့ကိုခေါ်ပြီးတော့ ပေါင်တွင်းကြောကို လိမ်ဆွဲပြီးတော့ နောက် လူကြီးတွေစကားပြောတဲ့အခါမှာ ဝင်ပြောဦးမလားဆိုပြီးတော့ ပေါင်တွင်းကြောကို လိမ်ဆွဲတယ်တဲ့။ အဲဒီအချိန်မှာ အောင်ဆန်းလေးက ဘာပြောလဲဆိုတော့ အမက ညာတာကိုဗျတဲ့။ ဟုတ်တာပြောမှ ဥစ္စာပေါတယ်ဗျလို့ အဲလို အရွယ်နဲ့မလိုက်အောင် အမှန်တရားကို မြတ်နိုးတယ်ပေါ့။ ”

အခုမြင်နေရတဲ့ ဗိုလ်ချုပ်နေအိမ်ကတော့ မူလလက်ရာအတိုင်း အသစ်ပြန်ဆောက်ထားတာပါ။ မူလအိမ်ကတော့ အောင်ဆန်းရပ်ကွက် မီးအကြီးအကျယ် လောင်တဲ့အထဲမှာ ပါသွားခဲ့ပါပြီး။ ဒါကြောင့်လဲ ပြတိုက်ထဲမှာ မီးကျွမ်းနေတဲ့ မီးခံသေတ္တာတွေ မီးလောင်ပြီးကျန်ခဲ့တဲ့ အပိုင်းအစတွေကို မြင်တွေ့ကြရတာပါ။

နက်မောက်မြို့လေးမှာ ဗိုလ်ချုပ်ကို မွေးဖွားခဲ့တဲ့အိမ်ရှိသလို ပညာစသင်ခဲ့တဲ့ ဆရာတော် ဦးသောပိတ ဘုန်းတော်ကြီးကျောင်းလည်း အခုထိ ရှိနေပါသေးတယ်။ ဆရာတော်က ဗိုလ်ချုပ်ရဲ့ လက်ဦးဆရာဖြစ်သလို ဆရာတော်ကိုလည်း အင်မတန် လေးစားကြည်ညိုတယ်လို့လည်း သိရပါတယ်။ ပြီးတော့ ဗိုလ်ချုပ် ဇာတိမြေကို ပြန်လာတဲ့အခါ မိဘနှစ်ပါးကို ကန်တော့သလို ဆရာတော်ကိုလည်း မပျက်မကွက် သွားကန်တော့လေ့ရှိပါတယ်။

ဗိုလ်ချုပ်က ငယ်ငယ်က တော်တော်နဲ့ စကားမပြောခဲ့လို့ လူကြီးတွေက ဆွံ့အနေသလားတောင် ထင်ခဲ့ရပါတယ်။ စကားပြောတက်တဲ့အခါမှာလည်း အင်မတန်မှ ဂွတိဂွကျနိုင်တယ်လို့ ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားထားခဲ့ပါတယ်။ ပြီးတော့ အမေပါမှ ကျောင်းတက်မယ်လို့ ကပ်သီးကပ်ဖဲ့နဲ့ ၈ နှစ်အရွယ်မှ ကျောင်းစတက်ရပါတယ်တဲ့။ ဒီလို ကျောင်းတက်ဖို့ လက်ခံလိုက်တာကလည်း စာရေး စာဖတ်တက်မှ ရှင်ပြုလို့ရမယ်လို့ အမေက ထောက်ပြလိုက်လို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဒီမြို့လေးကို နောက်ဆုံးအခေါက်မှာ လာပြီးတော့ ဒီ ဦးသောပိတကျာင်းကြီးရဲ့အောက်မှာပဲ ရဲသော်မသေ သေသော် ငရဲမလားဆိုတဲ့ မိန့်ခွန်းကို ဒီကျောင်းအောက်မှာပဲ ပြောသွားတာပါ။ ဗိုလ်ချုပ် အသက် ၃၂ နှစ်အရွယ်မှာ ဟောပြောခဲ့တာပါ။

ဗိုလ်ချုပ်ဟာ အသက် ၁၃ နှစ်အရွယ်မှာ ဒီကျောင်းကနေခွာလို့ ရေနံချောင်း အမျိုးသားကျောင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူဟာ အကိုကြီးတွေလိုပဲ အင်္ဂလိပ်စာ သင်ချင်လို့ ပြောင်းရွှေ့သွားတာပါ။ ထူးချွန်တဲ့ ကျောင်းသားဖြစ်လို့ အတန်းတွေကျော်တက်ပြီး လေးနှစ်နဲ့ ဆယ်တန်းအောင်တယ်လို့ ဗိုလ်ချုပ်ရဲ့ ကျောင်းသားဘဝမှာ ရေးသားထားပါတယ်။ ဗိုလ်ချုပ် မွေးဖွားခဲ့တဲ့နေရာ ဗိုလ်ချုပ် ပညာသင်ခဲ့တဲ့နေရာ ကစားခဲ့တဲ့နေရာ စာဖတ်ခဲ့တဲ့နေရာ ဟောပြောခဲ့တဲ့နေရာ ဒါတွေဟာ အခုချိန်ထိ ထင်သာမြင်သာရှိနေတဲ့ တော်တော်များများလည်း သိနေတဲ့ နေရာတွေပါ။ ဒီနတ်မောက်မြို့မှာ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေ ရှိနေသေးတဲ့ အခြားနေရာတွေလည်း ရှိနေသေးပါတယ်။ ပြိးတော့ ဗိုလ်ချုပ် ကျောင်းတက်စဉ်အချိန်က သွားခဲ့တဲ့ လမ်းကလေး အရင်တစ်ချိန်ကတော့ နတ်မောက်မြို့ဟာ တောရွာလေးဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ပါတယ်။ အခုတော့ နတ်မောက်မြို့ဟာ ကားလမ်းလည်းပေါက်လို့ ဖွံ့လည်း ဖွံ့ဖြိုးလာပါပြီ။ 

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ထဲမှာရှိနေတဲ့ မကွေးတိုင်းထဲက နတ်မောက်မြို့လေးကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာဖြစ်လာမယ့် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်တဲ့ ရိုးသားလှတဲ့ လူထုခေါင်းဆောင် တစ်ဦးကို ၁၉၁၅ ဖေဖော်ဝါရီ ၁၃ မှာ မွေးဖွားပေးခဲ့ပါပြီ။ သူ့ရဲ့ ရိုးသားတဲ့ဂုဏ်ပုဒ်တွေ သူ့ရဲ့ ပြတ်သားတဲ့ မိန့်ခွန်းတွေ တိုင်းပြည်အပေါ် ထားရှိတဲ့ စေတနာတွေ လူထုအပေါ် ထားရှိတဲ့မေတ္တာတွေ တိုင်းပြည်အတွက် အရာရာစွန့်လွှတ်ခဲ့တာတွေ ဒါတွေဟာ ပြောမကုန်လောက်အောင် များပြားလွန်းလှပါတယ်။ ဒီလိုပုဂ္ဂိုလ်တစ်ဦးရဲ့ ကျေးဇူးတွေဟာ ကျွန်မတို့အားလုံးအပေါ်မှာ ကြီးမားလွန်းလှပါတယ်။ ပြီးတော့ ဒီလိုပုဂ္ဂိုလ်မျိုးကို မွေးဖွားပေးလိုက်တဲ့ နတ်မောက်မြို့ရဲ့ ကျေးဇူးကိုလည်း သတိတရ ရှိနေသင့်တယ်လို့ ထင်မိပါတယ်။

Mizzima Weekly