မာန်အောင်မြို့အဝင် ချောင်းတိမ်ကောလာမှု ခရီးသည်များ သွားလာရခက်ခဲနေ

မာန်အောင်မြို့အဝင် ချောင်းတိမ်ကောလာမှု ခရီးသည်များ သွားလာရခက်ခဲနေ

စစ်တွေ၊ စက်တင်ဘာ ၁၇ ရက်။  ရေကြောင်းသွားလာရေး လမ်းခရီးတစ်ခုတည်းကိုသာ အဓိကအားထားရသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နေတွင် မြို့အဝင် အုန်းချောင်း တိမ်ကောလာမှုကြောင့် ခရီးသွားလာသူများမှာ ဒီရေ အတက်အကျနှင့်သာ သွားလာနိုင်ပြီး အချိန်မရွေးဝင်ထွက် သွားလာနိုင်ခြင်း မရှိခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုများ အခက်ခဲဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

“ရှပ်ပြေးယာဉ်များနှင့် မော်တော်စက်လှေများ အချိန်မရွေးမသွားနိုင်တော့ပါဘူး၊ ဒီရေအတက်ကို ၄ နာရီ ခန့် ပင်လယ်ဆိပ်တွင် စောင့်နေရတယ်၊ ဒီရေများတက်လာမှသာ သွားလာ၍ ရတာပါ၊ ပင်လယ်ဆိပ်မှာ ၄ နာရီခန့် စောင့်ရချိန်ဟာ အလွန်အန္တရာယ်များတဲ့ အချိန်ဖြစ်ပါတယ်၊၊ ဒီရေကျချိန် ချောင်းအဝကို ဝင်/ထွက် မသွားနိုင်သည်မှာ ၃ နှစ်ကျော်ပြီဖြစ်ပါပြီ၊ မာန်အောင်မှ   ပြည်သူတွေ   ဘေးအန္တရာယ်ကင်းစွာနှင့် ခရီးသွားလာနိုင်ရန်အတွက် အုန်းချောင်း အဝကို ပြန်တူးပေးစေ လိုပါတယ်။" မာန်အောင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နုက ပြောသည်။

လက်ရှိ အခြေနေတွင် ရွှေပြည်တန်၊ မလိခစသည့် ရှပ်ပြေးအမြန် မော်တော်ယာဉ်များနှင့် ပုဂ္ဂလိက စက်လှေ၊ မော်တော်များကို အသုံးပြု သွားလာနေရသည်။

တောင်ကုတ်မြို့နယ်၊ မာန်အောင်ကို အမြန်ရှပ်ပြေးယာဉ်နှင့် သွားပါက ၃ နာရီခန့်ကြာပြီး စက်လှေ၊ မော်တော်နှင့်သွားပါက ၇ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

ကျောက်ဖြူကို သွားပါက အုန်းချောင်းကို ဝင်/ထွက်ပြီးမှ သွားလာနေရသဖြင့် အုန်းချောင်းကို လှေ၊ သင်္ဘော အဝင်/အထွက် လွယ်စေရန် ၂၀၁၁ ခုနှစ်က အုန်းချောင်းဝကို နိုင်ငံတော်မှ သောင်တူးစက်များနှင့် တူးဖော်ပေးခဲ့သောကြောင့် ဒီရေ အတက်အကျကို စောင့်နေရန်မလိုဘဲ အချိန်မရွေး ဝင်/ထွက်နိုင်၍ ခရီးသွားလာရာတွင် အဆင်ပြေခဲ့သော်လည်း ယခုအခါ ချောင်းတိမ်ကောမှုမှာ မြင့်တက်လာသည်။

မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံတွင် ရမ်းဗြဲကျွန်းပြီးပါက ဒုတိယ အကြီးမားဆုံး ကျွန်းဖြစ်ပြီး ဘင်္ဂလားပင်လယ် အော်ထဲတွင် တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly