ကရင် စစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် ဆန်နှင့် စားနပ်ရိက္ခာ အဓိက လိုအပ်နေ

ကရင် စစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် ဆန်နှင့် စားနပ်ရိက္ခာ အဓိက လိုအပ်နေ
ကရင်စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - မူရင်းဓာတ်ပုံ စောမိုက်တိုင်အဲ)

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ ဆန်နှင့် စားသောက်ကုန် အဓိက လိုအပ် နေကြောင်း လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အမတ် ဦးခင်ချိုက မဇ္ဈိမသို့ပြောသည်။ "အဓိကကတော့ ဆန်ပါပဲ။ ဆန်နဲ့ စားသောက်ကုန်ပါပဲ ကျန်တာတော့ သိပ်မလိုပါဘူး" ဟု ဦးခင်ချိုက ပြောသည်။

ကရင်ပြည်နယ် မဲသဝေါဒေသတွင် စက်တင်ဘာလလ အစောပိုင်းကာလက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင ်ဒုက္ခသည် ၄၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်။ လက်ရှိအချိန်တွင် နယ်မြေဒေသဟာ အေးအေးချမ်းချမ်းဖြစ်နေပြီး ဒုက္ခသည်အချို့ဟာ မိမိဒေသကိုပြန်သွားဖို့ ရှိနေတာကြောင့် လွှတ်တော်ကို တင်သွင်းပြီး အကူအညီတောင်းဖို့ မရှိကြောင်း ဦးခင်ချိုက ဆက်လက်ပြောဆိုခဲ့သည်။

"အခုကအနေအထားက အေးအေးဆေးဆေးဖြစ်သွားပြီလေ၊ သူ့ဒေသမှာ သူ့ဟာသူ ပြန်သွားဖို့ ရှိနေတယ်၊ အဲ့တော့သိပ်လည်းမထူးတော့ဘူးလေ၊ စစ်က လက်ရှိမှာ တိုက်ပွဲတွေမရှိတော့ဘူး ၊ ပြီးပြတ်တဲ့သဘော ဖြစ်သွားပြီ" ဟု ဦးခင်ချိုက ပြောသည်။

ကလိုထူးဘော ကရင်အစည်းအရုံး(ကေကေအို)အဖွဲ့ဟာ ဆုတ်ခွာသွားသော်လည်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးခင်ချိုက ဆိုသည်။

စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း တပ်မတော်နှင့် ကလို့ထူးဘော ကရင်အစည်းအရုံး(ကေကေအို) အဖွဲ့က ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်သည့် အဖွဲ့ကြား တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၄ ရက်ကနေ စက်တင်ဘာလ ၈ ရက်အထိ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို) အဖွဲ့ က လက်နက်ကြီးဖြင့်   နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ မီးသတ်ဦးစီးဌာနတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခြင်းကြောင့် တပ်မတော် က စက်တင်ဘာလ ၁၁ ရက်ကစပြီး ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေကို အကန့်အသတ်ရည်မှန်းချက် သတ်မှတ်ပေးကာ တပ်သွင်း ရှင်းလင်းခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly