အမေရိကန်ကျောင်းဆရာအား သတ်ဖြတ်သည့် အမျိုးသမီးကို အကြမ်းဖက်မှုဖြင့် ယူအေအီး ကွပ်မျက်

အမေရိကန်ကျောင်းဆရာအား သတ်ဖြတ်သည့် အမျိုးသမီးကို အကြမ်းဖက်မှုဖြင့် ယူအေအီး ကွပ်မျက်
သတ်ဖြတ်မှုကျူးလွန်းပြီးနောက် ကုန်တိုက်အတွင်းမှ စီစီတီဗီ မြင်ကွင်း။ ဓာတ်ပုံ - gulfbusiness.com

ဒူဘိုင်း၊ ဇူလိုင် ၁၃ ။       ။ နိုင်ငံပိုင်သတင်းအေဂျင်စီ WAM ၏ သတင်းပို့ချက်အရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အမေရိကန် သူငယ်တန်း ကျောင်းဆရာတစ်ယောက်ကို စစ်သွေးကြွလှုံ့ဆော်သည့် သတ်ဖြတ်မှုပြီးနောက် အကြမ်းဖက်မှုဖြင့်ပြစ်မှု ထင်ရှား သည့် အတွက် အမျိုးသမီးတစ်ယောက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စုက ဇူလိုင်လ ၁၃ ရက်တွင် ကွပ်မျက်သုတ်သင် ခဲ့သည်ဟု ဆိုသည်။

အသက် ၃၁ နှစ်အရွယ်ရှိ အလာအာ ဘာဒါ အဗ္ဗဒူလာ အယ်လ် ဟာ့ရှီမီကို ရိုမေးနီးယန်းနွယ်ဖွား ၁၁ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် အီဗိုလျာ ရိုင်ယန်ကို အဘူဒါဘီ ကုန်တိုက်ကြီးတစ်ခုမှ ရေအိမ်ထဲတွင် ဓားဖြင့် ထိုးသတ်ခဲ့ပြီး အမေရိကန်-ဧဂျစ်နွယ် ဆရာဝန်တစ်ယောက်ကိုလည်း ဗုံးခွဲသတ်ဖြတ်ရန် ကြိုးစားမှုဖြင့် ဇွန်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ခြင်းပင် ဖြစ်သည်။

ဟာရှီမီမှာ အစိုးရကို ပြိုလဲစေရန် ရည်ရွယ်ချက်ဖြင့် စစ်သွေးကြွ သဘောတရားများကို ဝါဒဖြန့်ရန် လူမှုမီဒီယာ အကောင့်တစ်ခုကို ထူထောင်ခဲ့သည့်အပြင် စစ်သွေးကြွ အဖွဲ့အစည်းများကို တိုက်ခိုက်မှုများပြုလုပ် ရန်ငွေကြေးထောက်ပံ့ မှုများပြု လုပ်ခဲ့သည့် အတွက်လည်းအပြစ်ရှိသူ ဖြစ်သည်ဟု WAM က ဖော်ပြခဲ့သည်။ ဟာရှီမီကို မည်သို့ မည်ပုံ ကွပ်မျက်မည်ကိုမူ အသေးစိတ်ဖော်ပြ ထားခြင်း မရှိပေ။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဟာရှီမီမှာ ယမန်နှစ်ကတည်းကပင် အင်တာနက်ပေါ်တွင် အစွန်းရောက် လာခဲ့ပြီး အမေရိကန်ကို သီးသန့်ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း တွေ့ရာ နိုင်ငံခြားသား တစ်ယောက်ယောက်ကို သတ်ဖြတ်ရန် ရှာဖွေလာခဲ့သည်ဟု ဆိုသည်။

ချမ်းသာကြွယ်ဝသည့် ရေနံတင်ပို့သူနှင့် ခရီးသွားလုပ်ငန်းဗဟိုဌာနတစ်ခုဖြစ်သည့် ယူအေအီးနိုင်ငံတွင် အနောက်တိုင်းသားများကို တိုက်ခိုက်မှုမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်သော်လည်း ဆော်ဒီနှင့် ကူဝိတ် အပါအဝင် ပင်လယ်ကွေ့ နိုင်ငံများတွင် အစ္စလာမ် အစွန်းရောက်များ၏ တိုက်ခိုက်မှုများ ဒုနှင့်ဒေး ဖြစ်ပွားလာခဲ့ပြီး နောက်တွင် စိုးရိမ်မှုများ မြင့်တက်လာနေခဲ့သည်ဟုဆိုသည်။

ယူအေအီးမှာ ဆီးရီးယားတွင် အိုင်အက်စ် အကြမ်းဖက်အုပ်စုအား လေကြောင်း တိုက်ခိုက်မှုများတွင် ပူးပေါင်း ပါဝင်ဆင်နွှဲနေရာ ယင်းအချက်က ပင်လယ်ကွေ့နိုင်ငံများမှ မွတ်စလင်များက ဆန့်ကျင်လက်တုန့် ပြန်သောအားဖြင့် ပြည်ပရောက် အနောက် တိုင်းသားများကို ပစ်မှတ်ထား တိုက်ခိုက်လာစေသည်ဟု ဆိုသည်။ ယူအေအီးမှာ ဧဂျစ်မှ မွတ်စလင်ညီနောင်များပါတီ အပါအဝင် အခြားအစ္စလာမ်အုပ်စုများကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် နိုင်ငံ ဖြစ်သည်။

အဘူဒါဘိုင်းအခြေစိုက် The National နေ့စဉ်သတင်းစာ၏ သတင်းပို့ချက်အရ စစ်သွေးကြွများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယအဝင်ခံရသည့် သူ၏ ခင်ပွန်းသည်ကို နိုင်ငံတော်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး မေးမြန်းစစ်ကြောခဲ့သည့်အတွက် လက်တုံ့ပြန်သောအားဖြင့် လူသတ်မှုများကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဟာရှီမီက အစိုးရရှေ့နေများ ကိုပြောကြား ခဲ့သည်ဟု ဆိုသည်။     

ခင်ပွန်းသည်အတွက် လက်တုန့်ပြန်ပြီး ပြည်ပရောက် အမေရိကန်၊ ဗြိတိသျှနှင့် ပြင်သစ်လူမျိုးများ ကြားတွင် လည်း အကြောက် တရားနှင့် ချောက်ချားသွားစေရန် ရည်ရွယ်လိုရင်းဖြစ်သည်ဟု ဟာရှီမီက ပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly