ဗီယက်နမ် ကမ်းရိုးတန်းတစ်လျှောက် ငါးများ အစုလိုက်အပြံုလိုက် ထပ်မံသေဆုံးနေသည့် အကြောင်းရင်းကို အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

ဗီယက်နမ် ကမ်းရိုးတန်းတစ်လျှောက် ငါးများ အစုလိုက်အပြံုလိုက် ထပ်မံသေဆုံးနေသည့် အကြောင်းရင်းကို အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

စက်တင်ဘာ ၁၆ ။              ။ ဗီယက်နမ်နိုင်ငံ၏ အလယ်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို ယခုတစ်ဖန် ထပ်မံတွေ့ရှိခဲ့ရခြင်းအပေါ် အာဏာပိုင်များက စုံစမ်းစစ်ဆေးနေ လျက်ရှိသည်။ ယင်းမတိုင်ခင်က စတီးလ်စက်ရုံတစ်ရုံမှ စွန့်ထုတ်လိုက်သော ညစ်ညမ်းအဆိပ် အတောက်များကြောင့် ပင်လယ်ပြင်တွင်း ငါးတန်ချိန်ပေါင်းများစွာ သေဆုံးထားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး လအနည်းငယ်အကြာ ယခုဖြစ်စဉ် ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဟနွိုင်းမြို့တောင်ဘက် တန်ဟောင်ဒေသ ပြင်ပ ပင်လယ်ပြင်တွင် ယခုလအစောပိုင်းက ငါးသေ တန်ချိန် ၅၀ ခန့် ကမ်းလာတင်နေခဲ့ပြီးနောက် ယင်းပင်လယ်ပြင်တွင် နွံများကို လှေတစ်ချို့က လာရောက်စုပုံစွန့်ပစ်ခဲ့သည်ဆိုသော သတင်းများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း အစိုးရက ပြောသည်။

" ခုလို ငါးတွေအစုလိုက်အပြုံလိုက်ထပ်သေနေပြန်တာလဲ ဆိုတာကို ပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက ပညာရှင်တွေ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါပြီ" ဟု တာဝန်ရှိသူတစ်ဦးဖြစ်သော မစ္စတာကော်တန်သော်က ပြောသည်။

ယခုအခါ ရေထဲတွင်တွေ့ရသော စွန့်ပစ်ပစ္စည်း နမူနာများကို ယူကာ ငါးများသေဆုံးနေခြင်းနှင့် ဆက်စပ်မှုရှိမရှိ ဝန်ကြီးဌာနက စစ်ဆေးနေလျက်ရှိပြီး ရလဒ်ကို လာမည့် စက်တင်ဘာ ၂၀ တွင် သိရှိရမည်ဟု ဆိုသည်။

ငါးကြင်းကြီးများအပါအဝင် မြောက်မြားစွာသော ငါးသေများကို ယခုသီတင်းပတ်အတွင်းက ကွမ်နန်ဒေသအလယ်ပိုင်း သူဘွန်မြစ်တစ်လျှောက် မျောပါနေခဲ့ခြင်းကို စတင်တွေ့ ရှိခဲ့ရသည်ဟု   နိုင်ငံပိုင်သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ထိုင်ဝမ် စတီးလ်စက်ရုံတစ်ရုံမှ စွန့်ပစ်လိုက်သော ညစ်ညမ်းအဆိပ်အတောက်များက ပင်လယ်တွင်း စီးဝင်ကာ ငါးများအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ် ယင်းနိုင်ငံတွင်   ပေါ်ပေါက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags