အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် လုံခြံုရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် တာလီဘန် ၁၈ ဦး သေဆုံး

အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် လုံခြံုရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် တာလီဘန် ၁၈ ဦး သေဆုံး

စက်တင်ဘာ ၁၆ ။                ။ အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒက်ဇ်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၁၈ ဦးသေဆုံးသွားခဲ့ပြီး ၎င်းတို့ သိမ်းပိုက် စီးနင်းထားသော ကျေးရွာပေါင်း ၂၀ မှ ပြန်လည် တိုက်ထုတ်လိုက်နိုင်သည်ဟု စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"ရက်တော်တော် ကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတဲ့ နောက်ပိုင်း ခုဆိုရင် တာလီဘန်တွေ ထိန်းချုပ်ထားခဲ့တဲ့ ကျေးရွာပေါင်း ၂၀ ကျော်ကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဘက်က ပြန်လည် ရယူထားလိုက်နိုင်ပါပြီ၊ စစ်သွေးကြွ ၁၈ ဦးကို သတ်ဖြတ်ချေမှုန်း နိုင်ခဲ့သလို ဒဏ်ရာရသူ ၃၀ လောက် ရှိခဲ့ပါတယ်" ဟု အာဖဂန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဂူလမ် ဟာဇရက် ခါရီမီက ပြောသည်။

ယင်းစစ်ဆင်ရေးအတွက် ဒေသတွင်းလမ်းများတွင် စစ်သွေးကြွများ ထောင်ထားသော မြေမြုှပ်မိုင်း ဒါဇင်ပေါင်းများစွာကို တွေ့ရှိခဲ့ပြီး စနက်တန်ဖြုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဘက်မှ ကျဆုံးသူ ရှိမရှိကို ၎င်းက ပြောဆိုသွားခဲ့ခြင်း မရှိဘဲ ဒေသတစ်ခုလုံးအတွင်း အစိုးရ၏ ထိန်းချုပ်မှု ပြန်လည်မရမချင်း တာလီဘန်တို့ကို ဆက်လက် တိုက်ခိုက် သွားဦးမည်ဟု   ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags